နာမည်ကြီး ဂျပန်တင်းနစ်မယ် အိုဆာကာက စင်စင်နတီအိုးပင်း (Western & Southern Open) ပြိုင်ပွဲမှရရှိမည့် ဆုကြေးအားလုံးကို ဟေတီငလျင်ကြောင့် ထိခိုက်ခံစားရသူများအတွက် ပြန်လည်လှူဒါန်းသွားမည်ဖြစ်ကြောင်း ပြောကြားသည်။
စနေနေ့က ဟေတီနိုင်ငံတွင် ရစ်ချ်တာစကေး ၇ ဒသမ ၂ အဆင့်ရှိ အင်အားပြင်းထန်သည့် ငလျင်လှုပ်ခတ်မှုကြောင့် အနည်းဆုံး ၃၀၄ ဦးသေဆုံးပြီး ၁၈၀၀ ခန့် ဒဏ်ရာရရှိကာ ဘုရားကျောင်းများ၊ စီးပွားရေးအဆောက်အအုံများနှင့် စာသင်ကျောင်းများလည်း ထိခိုက်ပျက်စီးခဲ့သည်။
သို့ဖြစ်ရာ ဟေတီနိုင်ငံသား ဖခင်နှင့် ဂျပန်နိုင်ငံသူ မိခင်တို့က မွေးဖွားခဲ့သည့် အိုဆာကာက စင်စင်နတီအိုးပင်းပြိုင်ပွဲမှရရှိမည့် ဆုကြေးအားလုံးကို ဟေတီနိုင်ငံအတွက် လှူဒါန်းသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

''ဟေတီမှာဖြစ်ပျက်နေတဲ့ ပျက်စီးဆုံးရှုံးမှုတွေကို မြင်ရတာ တကယ်နာကျင်ရပါတယ်။ ကျွန်မတို့ ခဏလေးတောင် အချိန်ယူလို့မဖြစ်ဘူးလို့ ခံစားမိပါတယ်။ ဒီရက်သတ္တပတ်မှာ ကျွန်မ ပြိုင်ပွဲတစ်ခုကစားရမှာပါ။ ဆုကြေးအားလုံးကို ဟေတီအတွက် ပြန်လည်ထူထောင်ရေးလုပ်ဖို့ လှူဒါန်းသွားမှာပါ။ ကျွန်မတို့ ဘိုးဘေးတွေရဲ့သွေးက ကြံ့ခိုင်သန်မာလို့ ရှေ့ဆက်လှမ်းနိုင်မယ်ဆိုတာ သိပါတယ်''ဟု အိုဆာကာက Twitter တွင် ရေးသားထားသည်။
စင်စင်နတီအိုးပင်းပြိုင်ပွဲကို သြဂုတ် ၁၆ ရက်မှ ၂၂ ရက်အထိ တစ်ပတ်ကြာကျင်းပမည်ဖြစ်ပြီး ဆီဒင် ၂ ကစားသမားဖြစ်သူ အိုဆာကာမှာ ဒုတိယအဆင့်မှ စတင်ယှဉ်ပြိုင်ရမည်ဖြစ်သည်။
ဆီဒင်ထိပ်ဆုံးကစားသမား ရှစ်ဦးမှာ ဒုတိယအဆင့်မှ စတင်ယှဉ်ပြိုင်ရခြင်းဖြစ်ပြီး အိုဆာကာအနေဖြင့် အမေရိကန်လူငယ်ကြယ်ပွင့် ကိုကိုဂေါ့ဖ်နှင့် တရုတ်တိုင်ပေကစားသမား ဟိုင်ဆုဝေတို့ပွဲမှ အနိုင်ရသူနှင့် ဆုံတွေ့မည်ဖြစ်သည်။

အသက် ၂၃ နှစ် ရှိပြီဖြစ်သည့် အိုဆာကာသည် ယခုနှစ်အတွင်း သြစတြေးလျအိုးပင်း ဂရင်းစလင်းပြိုင်ပွဲတစ်ခုတည်းသာ ဗိုလ်စွဲထားပြီး စိတ်ကျန်းမာရေးအခြေအနေကြောင့် ပြင်သစ်အိုးပင်းပြိုင်ပွဲ၌ ဒုတိယအဆင့်မတိုင်မီနှင့် ဝင်ဘယ်လ်ဒန်ချန် ပီယံရှစ်ပြိုင်ပွဲမှ နုတ်ထွက်ခဲ့သည်။
၎င်းသည် တိုကျိုအိုလံပစ်ပြိုင်ပွဲတွင် အိမ်ရှင်ဂျပန်နိုင်ငံ ကိုယ်စားပြု၍ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ရွှေတံဆိပ်ရရှိရန် ရေပန်းအစားဆုံး သတ်မှတ်ခံခဲ့ရသော်လည်း တတိယအဆင့်တွင် ရှုံးနိမ့်ခဲ့သည်။
အိုဆာကာသည် ကစားသမားဘဝတစ်လျှောက် ဂရင်းစလင်းချန်ပီယံဆုလေးကြိမ် (သြစတြေးလျအိုးပင်းနှင့် ယူအက်စ်အိုးပင်း နှစ်ကြိမ်စီ) အပါအဝင် ဆုဖလားခုနစ်လုံး ရရှိထားပြီး ဆုကြေးစုစုပေါင်း ဒေါ်လာ ၁၉ ဒသမ ၇ သန်းကျော် ရရှိထားသူဖြစ်သည်။
၎င်းအနေဖြင့် ယခုလကုန်ကျင်းပမည့် ယူအက်စ်အိုးပင်းပြိုင်ပွဲတွင် ချန်ပီယံဆုကာကွယ်နိုင်ရန် ကြိုးပမ်းရမည်ဖြစ်သည်။















