လာမည့်ရာသီ စီးရီးအေတွင် နည်းပြများ၏ နည်းဗျူဟာနှင့် ချန်ပီယံဆုအားပြိုင်မှုကို မြင်တွေ့ရမည်ဟု ကာပယ်လိုသုံးသပ်

လာမည့်ရာသီ စီးရီးအေတွင် နည်းပြများ၏ နည်းဗျူဟာနှင့် ချန်ပီယံဆုအားပြိုင်မှုကို မြင်တွေ့ရမည်ဟု ကာပယ်လိုသုံးသပ်
Photo: football-italia
Photo: football-italia
Published 16 August 2021

အီတလီလူမျိုး ၀ါရင့်နည်းပြတစ်ဦးဖြစ်သူ ကာပယ်လိုက လာမည့်ရာသီ စီးရီးအေပြိုင်ပွဲတွင် နည်းပြများ၏ နည်းဗျူဟာအားပြိုင်မှုနှင့် ချန်ပီယံဆုပြိုင်ဆိုင်မှုကို မြင်တွေ့ခံစားရလိမ့်မည် ဖြစ်ကြောင်း အီတလီအားကစားသတင်းစာ La Gazzetta dello Sport သို့ပြောကြားခဲ့သည်။

ပြီးခဲ့သည့် ၂၀၂၀-၂၁ ဘောလုံးရာသီကုန်ဆုံးပြီးကတည်းက စီးရီးအေပြိုင်ပွဲတွင် လက်ရှိချန်ပီယံ အင်တာမီလန်၊ ဂျူဗင်တပ်စ်၊ နာပိုလီ၊ ရိုးမား၊ လာဇီယိုစသည့် အသင်းကြီးများအပါအဝင် စုစုပေါင်း (၁၂)သင်းအထိ နည်းပြအပြောင်းအလဲများပြုလုပ်ခဲ့သည်။

ထို့ပြင် မော်ရင်ဟို၊ အယ်လီဂရီ၊ ဆာရီ၊  စပယ်လက်တီစသည့် စီးရီးအေအတွေ့အကြုံရင့်နည်းပြများ ပြန်လည်ရောက်ရှိလာခဲ့ရာ ကာပယ်လိုက ယခုကဲ့သို့ သုံးသပ်ပြောကြားခဲ့ခြင်းဖြစ်သည်။

ကာပယ်လိုက ''လာမယ့်ရာသီဟာ စီးရီးအေမှာ နည်းပြတွေရဲ့နည်းဗျူဟာပြိုင်ဆိုင်မှုနဲ့ ချန်ပီယံပြိုင်ဆိုင်မှုတွေ ဖြစ်လာပါလိမ့်မယ်။ ကျွန်တော်တို့ (စီးရီးအေပြိုင်ပွဲ)မှာ မော်ရင်ဟို၊ အယ်လီဂရီ၊ စပယ်လက်တီ၊ ဆာရီတို့ ရှိနေပါပြီ။ ဂျူဗင်တပ်စ်အနေနဲ့ ချန်ပီယံဆုအတွက် ရေပန်းအစားဆုံးဖြစ်နေပေမဲ့ အယ်လီဂရီအတွက် ဒါဟာ ခက်ခဲတဲ့အရာတစ်ခုဖြစ်လာမယ်လို့ ယုံကြည်ပါတယ်။ အထူးသဖြင့် မော်ရင်ဟိုဟာ ရိုးမားကို ပြီးပြည့်စုံစေမယ့်သူပါ'' ဟုပြောကြားခဲ့သည်။

လာမည့်ရာသီ စီးရီးအေပြိုင်ပွဲတွင် အယ်လီဂရီမှာ ဂျူဗင်တပ်စ်အသင်းကို ပြန်လည်ကိုင်တွယ်ခဲ့ပြီး၊ မော်ရင်ဟိုမှာ ရိုးမားအသင်း၊ နာပိုလီအသင်း နည်းပြဟောင်း ဆာရီမှာ လာဇီယိုအသင်း၊ ရိုးမား၊ အင်တာမီလန်အသင်းတို့ကို ကိုင်တွယ်ခဲ့ဖူးသည့် စပယ်လက်တီမှာ နာပိုလီအသင်းနည်းပြ ဖြစ်လာခဲ့သည်။ 

ကွန်တီ ထွက်ခွာသွားသည့် အင်တာမီလန်အသင်းကို မူ အင်ဇာဂီက ကိုင်တွယ်လျက်ရှိသည်။

Most Read

Most Recent