ကြားနာစစ်ဆေးဆဲ ပြစ်မှုဆိုင်ရာအမှုများ ထပ်မံပိတ်သိမ်းကြောင်းအမိန့်ရဲ့ ဝိဝါဒများ

ကြားနာစစ်ဆေးဆဲ ပြစ်မှုဆိုင်ရာအမှုများ ထပ်မံပိတ်သိမ်းကြောင်းအမိန့်ရဲ့ ဝိဝါဒများ
ကြားနာစစ်ဆေးဆဲ ပြစ်မှုဆိုင်ရာအမှုများ ပိတ်သိမ်းပြီးသည့် အချုပ်သားများ အကျဉ်းထောင်မှ ဇူလိုင် ၂၂ ရက်တွင် ပြန်လည်လွတ်မြောက်လာစဉ် (ဓာတ်ပုံ - သီဟအောင်)
ကြားနာစစ်ဆေးဆဲ ပြစ်မှုဆိုင်ရာအမှုများ ပိတ်သိမ်းပြီးသည့် အချုပ်သားများ အကျဉ်းထောင်မှ ဇူလိုင် ၂၂ ရက်တွင် ပြန်လည်လွတ်မြောက်လာစဉ် (ဓာတ်ပုံ - သီဟအောင်)
Published 15 August 2021
ဇော်မင်းနိုင်

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက သြဂုတ် ၁၁ ရက်တွင် ကြားနာစစ်ဆေးဆဲအမှုများနှင့် ပတ်သက်ပြီး အမိန့်တစ်ခု ထုတ်ပြန်ခဲ့သည်။

ယင်းအမိန့်မှာ COVID-19 ရောဂါကူးစက်မှုကို ဆက်လက်ဟန့်တား၊ ထိန်းချုပ်၊ ကာကွယ်၊ ကုသနိုင်ရန် ကြားနာစစ်ဆေးဆဲ ပြစ်မှုဆိုင်ရာအမှုများ ထပ်မံပိတ်သိမ်းကြောင်း ကြေညာခဲ့ခြင်းဖြစ်သည်။

ယင်းကြေညာချက်တွင် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီသည် လတ်တလော ဖြစ်ပေါ်နေသည့် COVID-19 ရောဂါကူးစက်မှုကို ထိရောက်စွာ ဟန့်တား၊ ထိန်းချုပ်၊ ကာကွယ်၊ ကုသနိုင်ရန်အတွက် လည်းကောင်း၊ COVID-19 ရောဂါဆိုင်ရာ စည်းကမ်းချက်များကြောင့် ရုံးထုတ်စစ်ဆေးနိုင်ခြင်းမရှိသဖြင့် ချုပ်ရက်ရှည်ကြာနေသည့် တရားခံများကို ထောက်ထားညှာတာသည့်အတွက် လည်းကောင်း၊ သတ်မှတ်ထားသည့် ပြစ်မှုများကို  အမှုမှလွှတ်ရန် ဇူလိုင် ၂၀ ရက်နေ့စွဲပါ အမိန့်အမှတ် ၁၄၇/၂၀၂၁ ကို ထုတ်ပြန်၍ အမှုမှလွှတ်ပေးခဲ့ပြီး ဖြစ်ကြောင်း၊ COVID-19 ရောဂါကူးစက်မှုကို ဆက်လက်ဟန့်တား၊ ထိန်းချုပ်၊ ကာကွယ်၊ ကုသနိုင်ရန်နှင့် ကျန်ရှိနေသည့် ချုပ်ရက်ရှည်ကြာနေသော တရားခံများကို သတ်မှတ်ချက်များနှင့်အညီ သက်ညှာစွာဖြင့် အမှုပိတ်သိမ်းနိုင်ရေး ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၁၉ အရ ယင်းအမိန့်ကို ထုတ်ပြန်လိုက်ကြောင်း ဖော်ပြထားသည်။

အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပါ ပြစ်မှုများ၊ ငွေကြေးခဝါချမှု တိုက်ဖျက်ရေး ဥပဒေပါပြစ်မှုများ၊ လူကုန်ကူးမှု တားဆီးကာကွယ်ရေး တိုက်ဖျက်ရေးဥပဒေပါ ပြစ်မှုများ၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများဆိုင်ရာ ဥပဒေပါပြစ်မှုများ (အမိန့် ၁၄၇/၂၀၂၁၏ အပိုဒ်(စ)နှင့် (ဆ)ပါ ပြစ်မှုများမပါ)၊ မတရားအသင်းအက်ဥပဒေပါ ပြစ်မှုများ၊ နိုင်ငံတော်သစ္စာဖောက်ဖျက်ပုန်ကန်မှု (ရာဇသတ်ကြီးပုဒ်မ ၁၂၂)၊  အကြည်ညိုပျက်အောင်လုပ်မှု (ရာဇသတ်ပုဒ်မ ၁၂၄ (က) အရ စွဲဆိုထားသော အမှုများ၊ ထွက်ပြေးတိမ်းရှောင်နေသည့် တရားခံအမှုများ၊ တရားရုံးတွင် ဦးတိုက်လျှောက်ထား စွဲဆိုထားသောအမှုများ၊ သက်ဆိုင်ရာတရားစွဲအဖွဲ့အစည်းက လုံလောက်သောအကြောင်းပြချက်ဖြင့် ပိတ်သိမ်းခြင်း မပြုသင့်ကြောင်း ၂၀၂၁ ခုနှစ် စက်တင်ဘာ ၃၀ ရက်မတိုင်မီ သက်ဆိုင်ရာတရားရုံးတွင် လျှောက်ထားသည့်အမှုများမှအပ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နှင့် ယင်းနေ့မတိုင်မီ ပြစ်မှုတစ်ခုခုနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာ တရားရုံးများတွင် စွဲဆိုခံရပြီး ကြားနာစစ်ဆေးဆဲ ပြစ်မှုဆိုင်ရာ အမှုအားလုံးကို ပိတ်သိမ်း၍တရားခံများအား အမှုမှလွှတ်ရမည်ဟု ပါရှိသည်။

သို့ရာတွင် လူသတ်မှု၊ မုဒိမ်းမှု၊ သူတစ်ဦးဦးအား ထိခိုက်နစ်နာစေသည့် ပြစ်မှု၊ လူပုဂ္ဂိုလ်တစ်ဦး (သို့မဟုတ်) လူပုဂ္ဂိုလ်များ၏ ငွေကြေး (သို့မဟုတ်) ပစ္စည်းဆုံးရှုံးနစ်နာစေသည့် ပြစ်မှုများနှင့် စပ်လျဉ်း၍ကိုယ်တိုင်ထိခိုက်နစ်နာသူက အမှုကိုပိတ်သိမ်းခြင်း မပြုလိုကြောင်း ၂၀၂၁ ခုနှစ် စက်တင်ဘာ ၃၀ ရက်နောက်ဆုံးထား၍ သက်ဆိုင်ရာတရားရုံးတွင် လျှောက်ထားခြင်းမရှိမှသာ အဆိုပါအမှုကို ပိတ်သိမ်း၍ တရားခံအား လွှတ်ရမည်ဖြစ်ကြောင်း၊ ကိုယ်တိုင်ထိခိုက်နစ်နာသူက အမှုပိတ်သိမ်းခြင်း မပြုလိုကြောင်း လျှောက်ထားသည့်အခါ သက်ဆိုင်ရာတရားရုံးသည် ရောက်ရှိသည့်အဆင့်မှစ၍ အမှုကိုဆက်လက်စစ်ဆေးရမည် ဖြစ်ကြောင်း၊ ကိုယ်တိုင်ထိခိုက်နစ်နာသူဆိုသည်မှာ နစ်နာသူကိုယ်တိုင်၊ နစ်နာသူ၏ တရားဝင်ဇနီး၊ ခင်ပွန်းနှင့် သားသမီးတို့ကိုသာ ဆိုလိုကြောင်းနှင့် နစ်နာသူ အိမ်ထောင်မရှိပါက နစ်နာသူကိုယ်တိုင်နှင့် နစ်နာသူ၏ မိဘမောင်နှမများကိုဆိုသည်ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။

ဇူလိုင် ၂၀ ရက် ထုတ်ပြန်ချက်နှင့်     လက်ရှိထုတ်ပြန်ချက် ဘာတွေကွာသလဲ

ဇူလိုင် ၂၀ ရက်တွင် ထုတ်ပြန်ခဲ့သည့် ကြားနာစစ်ဆေးဆဲအမှုများနှင့် ပတ်သက်ပြီးပိတ်သိမ်းသည့် အမိန့်နှင့် သြဂုတ် ၁၁ ရက်တွင် ထုတ်ပြန်ခဲ့သည့်အမိန့်နှစ်ခုမှာ ကွာခြားချက်များစွာရှိကြောင်း တရားလွှတ်တော်ရှေ့နေအချို့က သုံးသပ်ပြောကြားသည်။

ဇူလိုင် ၂၀ ရက်တွင် ထုတ်ပြန်ခဲ့သည့် အမိန့်အပြည့်အစုံမှာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် လတ်တလော ဖြစ်ပေါ်နေသော ကိုဗစ်ရောဂါကူးစက်မှုကို ထိရောက်စွာ ကာကွယ်ကုသနိုင်ရေးအတွက် လည်းကောင်း၊ သက်ဆိုင်ရာ တရားရုံးများတွင် စွဲဆိုထားသည့် ပြစ်မှုများအတွက် တရားခံများကို ကိုဗစ်ရောဂါဆိုင်ရာ စည်းကမ်းချက်များကြောင့် ရုံးထုတ်စစ်ဆေးနိုင်ခြင်းမရှိသဖြင့် ချုပ်ရက်များရှည်ကြာသဖြင့် လည်းကောင်း၊ တချို့သော ပြစ်မှုဖြင့် စွဲဆိုခံရသည့် နိုင်ငံသားများအတွက် သက်ညှာစွာစဉ်းစားပြီး ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အရ ယင်းအမိန့်ကို ထုတ်ပြန်လိုက်ကြောင်း ဖော်ပြထားသည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နှင့် ယင်းနေ့မတိုင်မီက အောက်ဖော်ပြပါ ပြစ်မှုတစ်ခုခုဖြင့် သက်ဆိုင်ရာတရားရုံးများတွင် စွဲဆိုခံရသည့် ပြစ်မှုဆိုင်ရာအမှုအားလုံးကို ပိတ်သိမ်း၍ တရားခံများအား အမှုမှလွတ်ရမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါပိတ်သိမ်းသည့် အမှုများမှာ ရာဇသတ်ကြီးပုဒ်မ ၃၇၉၊ ၃၈၀ နှင့် ၃၇၉/ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၅၄၊ ၃၈၀/ရာဇဝတ် ကျင့်ထုံးဥပဒေပုဒ်မ ၅၄၊ သစ်တော ဥပဒေပါပုဒ်မ ၄၂ နှင့် ၄၃ တို့မှအပ ကျန်ပြစ်မှုတစ်ခုခု၊ လောင်းကစားဥပဒေပါ ပြစ်မှုတစ်ခုခု၊ ယစ်မျိုးအက်ဥပဒေပါ ပြစ်မှုတစ်ခုခု၊ ပြစ်မှုကျူးလွန်တတ်သူများခြေချုပ်နှင့် ခံဝန်အက်ဥပဒေပါ ပြစ်မှုတစ်ခုခု၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၆ နှင့် အားပေးကူညီမှုများ၊ မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေပုဒ်မ ၁၉ (က) နှင့် အားပေးကူညီမှုများ၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများနှင့်စပ်လျဉ်း၍ ယင်းဥပဒေပုဒ်မ ၂၆ အရ အလေးချိန် သတ်မှတ်ချက် သုံးဂရမ်ဖြစ်ပါက ၁၀ ဂရမ်အောက်ကို လည်းကောင်း၊ ၁၀၀ ဂရမ်ဖြစ်ပါက ၂၀၀ ဂရမ် အောက်သို့လည်းကောင်း၊ ဘိန်းစာရွက်အစိုဖြစ်ပါက ၁၀ ကီလိုဂရမ် အောက်သို့လည်းကောင်း၊ ဘိန်းစာရွက်အခြောက် သို့မဟုတ် ဘိန်းစာမှုန့်ဖြစ်ပါက ငါးကီလိုဂရမ်အောက်သို့ လည်းကောင်း၊ (သိမ်းဆည်းရမိမှုများအတွက်သာ) လက်နက်ဥပဒေ ပုဒ်မ ၁၉ (င)၊ ပြည့်တန်ဆာ အက်ဥပဒေပါ ပြစ်မှုတစ်ခုခု၊ ရဲအက်ဥပဒေပါ ပြစ်မှုတစ်ခုခု၊ ရုပ်မြင်သံကြားနှင့် ဗွီဒီယိုဥပဒေပါ ပြစ်မှုတစ်ခုခု စသည်တို့ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ထုတ်ပြန်ချက်အရ သိရသည်။

ယင်းအမိန့်နှစ်ခုတွင် အဓိကကွဲလွဲသည့်အချက်မှာ သက်ဆိုင်ရာ တရားစွဲအဖွဲ့အစည်းက လုံလောက်သော အကြောင်းပြချက်ဖြင့် ပိတ်သိမ်းခြင်းမပြုသင့်ကြောင်းဆိုသည့် အချက်ဖြစ်သည်ဟု တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်မြင့်က ပြောကြားသည်။

“ကျန်တဲ့အမှုတွေကိုလည်းပဲ သက်ဆိုင်ရာတရားစွဲအဖွဲ့အစည်းက ခံစားခွင့်မပေးဘူး။ သဘောမတူဘူးဆိုရင် ဆိုတဲ့အခါကျတော့ပေးနေကျ အထွေထွေလွတ်ငြိမ်းချမ်းသာခွင့်တို့ ပြစ်ဒဏ်လျှော့ပေါ့ခွင့်တို့နဲ့သွားပြီး ဆန့်ကျင်တယ်။ ဆိုလိုတဲ့သဘောက အဓိပ္ပာယ်က ဘာဖြစ်သွားလဲဆိုတော့ သက်ဆိုင်ရာတရားစွဲအဖွဲ့အစည်းက သူတို့လွှတ်ပေးချင် လွှတ်ပေးမယ်။ မလွှတ်ပေးချင်ရင် မလွှတ်ပေးဘူးဆိုတဲ့သဘော သက်ရောက်သွားတယ်။ သူတို့ပေးချင်ပေးမယ်  မပေးချင်မပေးဘူးဆိုတဲ့ သဘောသက်ရောက်တော့ ဒါကပြောရမယ်ဆို လွတ်ငြိမ်းချမ်းသာခွင့်အမိန့်ပေါ်မှာ အနှောင်အဖွဲ့လို သွားဖြစ်တယ်။ ဥပဒေသဘောအရဆို ဒါကမဖြစ်သင့်ဘူးပေါ့” ဟု ဦးခင်မောင်မြင့်က ပြောကြားသည်။

အစိုးရနှင့် တရားစွဲအဖွဲ့အစည်းမှာ အတူတူပင်ဖြစ်ပြီး အစိုးရကလွတ်ငြိမ်းပေးသော်လည်း တရားစွဲအဖွဲ့အစည်းက ကန့်ကွက်မှုများရှိလာပါက မပေးနိုင်ခြင်းမှာ လွဲချော်နေကြောင်း ဦးခင်မောင်မြင့်က ဆိုသည်။

“ဆိုလိုတာက အစိုးရကပေးတာလေ။ အစိုးရဆိုတာအားလုံးရဲ့ ထိပ်မှာရှိတယ်။ အစိုးရပေးတာကို သူ့လက်အောက်မှာရှိတဲ့တရားစွဲ အဖွဲ့အစည်းတွေက ကန့်ကွက်ခွင့်မရှိဘူးလေ” ဟု ဦးခင်မောင်မြင့်က သုံးသပ်ပြောကြားသည်။

ထို့ပြင် လူသတ်မှု၊ မုဒိမ်းမှုအစ ရှိသည့်အမှုများတွင်လည်း နစ်နာသူက အမှုမပိတ်သိမ်းလိုကြောင်း တရားရုံးသို့ လျှောက်ထားရမည်ဆိုသည့်အချက်တွင် စက်တင်ဘာ ၃၀ ရက်မတိုင်မီ နောက်ဆုံးထား လျှောက်ထားရမည်ဆိုသည့် အချက်မှာလည်း မေးခွန်းထုတ်စရာ အခြေအနေဖြစ်သည်ဟု တရားလွှတ်တော်ရှေ့နေအချို့က သုံးသပ်ပြောကြားသည်။

“နောက်ဆုံးထားလျှောက်ရမယ့်ရက်ကို ကာယကံရှင်တွေက သိပါ့မလား။ ကန့်ကွက်ကြောင်း မတင်သွင်းလို့ တရားစွဲခံရတဲ့သူက လွတ်သွားတယ်ဆိုတဲ့ အခြေအနေတွေ ရှိနိုင်တယ်။ အဲဒါမျိုးပေါ့” ဟု ရန်ကုန်မြို့ရှိ တရားလွှတ်တော်ရှေ့နေတစ်ဦးက ပြောကြားသည်။

ယင်းသို့ နောက်ဆုံးထားသတ်မှတ်ထားသည့် နေ့ရက်မတိုင်မီ နစ်နာသူသိရှိအောင် သတင်းများကို ကျယ်ကျယ်ပြန့်ပြန့်ဖြန့်ဝေ ပေးရမည်ဖြစ်ကြောင်း တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်မြင့်ကဆိုသည်။

“ဘယ်သူ့မှာ တာဝန်သွားရှိမလဲဆိုတော့ သက်ဆိုင်ရာတရားစွဲ အဖွဲ့အစည်းဖြစ်တဲ့ ရဲတပ်ဖွဲ့မှာတော့ တာဝန်ရှိတာပေါ့။ နစ်နာတဲ့ သက်ဆိုင်ရာ ကာယကံရှင်တွေကို ခေါ်ယူအသိပေးရမယ်။ ကန့်ကွက်ရန်ရှိသလား ကန့်ကွက်မယ်ဆိုလည်း ကန့်ကွက်လွှာတင်ပေါ့။ တချို့ကျတော့လည်း ကာလကြာသွားတဲ့အခါမှာ အကြောင်းကြောင့်ကြောင့် အမှုဆက်မလုပ်ချင်တော့ဘူးဆိုတာမျိုး ရှိတယ်။ အဓိကဘယ်သူ့အပေါ်မှာ မူတည်သလဲဆို ရဲတပ်ဖွဲ့ပေါ်မှာပဲ မူတည်တယ်။ အလုပ်လုပ်ဖို့ လိုလိမ့်မယ်” ဟု ဦးခင်မောင်မြင့်က ပြောကြားသည်။

နယ်မြို့များတွင် ဖြစ်ပွားသည့် မုဒိမ်းမှု၊ လူသတ်မှုစသည့် တရားရင်ဆိုင်ဆဲအမှုများတွင် နစ်နာသူများအနေဖြင့် နောက်ဆုံးထား လျှောက်ထားရမည့်ရက်ကို မသိခြင်းကြောင့် တရားစွဲဆိုခံရသူမှာ ပြန်လည်လွတ်မြောက်ခြင်းများရှိလာပါက နစ်နာသူများမှာ ပိုနစ်နာသည့် အခြေအနေများနှင့် ကြုံတွေ့ရနိုင်ကြောင်း သုံးသပ်မှုများလည်း ရှိနေသည်။

ယင်းကြောင့် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီက သြဂုတ် ၁၁ ရက်တွင် ထုတ်ပြန်ခဲ့သည့်အမိန့်မှာ ၀ိရောဓိများနှင့် ပြည့်နှက်နေသည်ဟု ဆိုရမည်ဖြစ်သည်။