ထုတ်လုပ်မှုကဏ္ဍ ကျဆင်းခဲ့သည့် အာဆီယံဒေသနှင့် အထင်ရှားဆုံးကျဆင်းမှုတွင် ပါဝင်နေသော မြန်မာနိုင်ငံ

ထုတ်လုပ်မှုကဏ္ဍ ကျဆင်းခဲ့သည့် အာဆီယံဒေသနှင့် အထင်ရှားဆုံးကျဆင်းမှုတွင် ပါဝင်နေသော မြန်မာနိုင်ငံ
ရန်ကုန်မြို့ စက်မှုဇုန်တစ်ခုတွင် လုပ်ငန်းခွင်ဝင်မည့် အလုပ်သမားများကို တွေ့ရစဉ်
ရန်ကုန်မြို့ စက်မှုဇုန်တစ်ခုတွင် လုပ်ငန်းခွင်ဝင်မည့် အလုပ်သမားများကို တွေ့ရစဉ်
Published 15 August 2021
နီလာ

“ကိုဗစ်-၁၉ ကူးစက်မှုများ တိုးလာခြင်းနဲ့ ပိုတင်းကျပ်တဲ့ ထိန်းချုပ်ရေးအစီအစဉ်များကြောင့် အာဆီယံထုတ်လုပ်ရေးကဏ္ဍဟာ ဇူလိုင်လမှာ အကျနယ်ပယ်ထဲကို ရှေ့ဆက်ထိုးဆင်းသွားပါတယ်။ PMI ဟာ ၁၃ လအတွင်း အနိမ့်ဆုံးကို ထိုးကျသွားပြီး ထုတ်လုပ်မှုနဲ့ အော်ဒါအသစ်များ အများဆုံးလျော့ကျလာနေချိန်မှာ ၂၀၂၀ ပြည့်နှစ် မေလမှစပြီး အခြေအနေများ ပြင်းထန်စွာ ဆုတ်ယုတ်လာမှုကို အချက်ပြနေပါတယ်” ဟု IHS Markit မှ စီးပွားရေးပညာရှင် Lewis Cooper က ပြောကြားခဲ့သည်။

ကိုဗစ်-၁၉ ကူးစက်မှုများ မြင့်တက်လာချိန်တွင် အာဆီယံထုတ်လုပ်ရေးကဏ္ဍ ဆက်လက်ထိုးကျသွားကြောင်း Nikkei ၏ ပံ့ပိုးမှုဖြင့် ပြုလုပ်သော ၂၀၂၁ ခုနှစ် ဇူလိုင်လ IHS Markit ၏ စစ်တမ်းတွင် ဖော်ပြထားသည်။

(၁)

IHS Markit ဝယ်ယူရေး မန်နေဂျာများ၏ အညွှန်းကိန်း (PMI) ဒေတာမှ ဇူလိုင်လတွင် အာဆီယံထုတ်လုပ်ရေးကဏ္ဍ အခြေအနေများက ရှေ့ဆက်ဆုတ်ယုတ်လာမှုကို အချက်ပြနေသည်။ ကိုဗစ်-၁၉ ကူးစက်မှုများ ပြန်တိုးလာနေခြင်းနှင့် ၎င်းနှင့်ဆက်စပ်ပြီး ထိန်းချုပ်ရေးအစီအစဉ်အချို့ကို ချမှတ်လာရခြင်းကြောင့် စက်ရုံထုတ်လုပ်မှုမှာ ၂၀၂၀ ပြည့်နှစ် မေလမှစပြီး အများဆုံးနှုန်းဖြင့် ကျဆင်းသွားသည်။

အဓိက PMI အညွှန်းကိန်းမှာ ဇူလိုင်တွင် ၁၃ လအတွင်း အနိမ့်ဆုံး ၄၄ ဒသမ ၆ သို့ ထိုးကျသွားရာ ဇွန်လ၏ ၄၉ ဒသမ ၀ ထက်ပင် သိသာစွာကျဆင်းသွားမှုဖြစ်သည်။ထို့ပြင် နောက်ဆုံးကိန်းဂဏာန်းက မှတ်တမ်းထဲတွင် ပဥ္စမအများဆုံး ဆုတ်ယုတ်မှုကို အချက်ပြနေပြီး ခြုံကြည့်ပါက အပြင်းထန်ဆုံးတစ်ခု ဖြစ်သည်ဟု ဖော်ပြထားသည်။

အာဆီယံတွင် အကျုံးဝင်သည့် ခုနစ်နိုင်ငံအနက် ငါးနိုင်ငံက ဇူလိုင်တွင် အခြေအနေများ ကျဆင်းလာမှုကို ရင်ဆိုင်ခဲ့ကြရသည်။အပြင်းထန်ဆုံးကျဆင်းမှုမှာ ဗိုင်းရပ်စ်ကူးစက်မှုနှုန်း တိုးလာနေ၍ လုပ်ငန်းများပိတ်လာနေရသဖြင့် အဓိက PMI အညွှန်းကိန်း ရှစ်မှတ်တိုင်အောင် သိသာစွာကျဆင်းသွားသည့် မြန်မာနိုင်ငံတွင် ဖြစ်သည်။ ထို့ပြင် နောက်ဆုံးကိန်းဂဏန်း (၃၃ ဒသမ ၅) မှာ ဧပြီလမှစပြီး အနိမ့်ဆုံးဖြစ်လျက် အခြေအနေများ အလျင်အမြန်ကျဆင်းမှုကို အချက်ပြနေသည်။

“အဖွဲ့ဝင် ခုနစ်နိုင်ငံအနက် ငါးနိုင်ငံတို့က ဇူလိုင်လတွင် ကျဆင်းမှုကို မှတ်တမ်းတင်ဖြစ်ခဲ့ကြရာ နိုင်ငံအလိုက်ကွဲပြားမှုများမှာ မှတ်သားစရာဖြစ်လာပြီး အထင်ရှားဆုံး ကျဆင်းမှုကို မြန်မာ၊ မလေးရှားနဲ့ အင်ဒိုနီးရှားနိုင်ငံများမှာ တွေ့မြင်ကြရပါတယ်” ဟု စီးပွားရေးပညာရှင် Lewis Cooper က ဆိုသည်။

အင်ဒိုနီးရှားနိုင်ငံသည်လည်း ဇူလိုင်လတွင် ပြင်းထန်သည့် ကျဆင်းမှုနှုန်းကို ရင်ဆိုင်ခဲ့ရပြီး အဓိက PMI အညွှန်းကိန်း ၅၃ ဒသမ ၅ ရှိခဲ့ရာမှ ၄၀ ဒသမ ၁ သို့ သိသိသာသာ ကျဆင်းသွားခြင်းဖြင့် ပြီးခဲ့သည့် အောက်တိုဘာလမှစပြီး ပထမဦးဆုံးကျဆင်းမှုဖြစ်သည်။

မလေးရှားနိုင်ငံ၏ PMI အညွှန်းကိန်း ၄၀ ဒသမ ၁ မှာ လအလိုက်အနည်းငယ်သာ ပြောင်းလဲခဲ့ပြီး ထုတ်လုပ်ရေးအခြေအနေများ နှစ်လဆက်တိုက်ကျဆင်းမှုကို ညွှန်ပြလျက် ကျဆင်းမှုနှုန်းမှာမူ ထင်ရှားခဲ့ပြီး အများဆုံးတစ်ခုဖြစ်နေသည်။

ဗီယက်နမ်နိုင်ငံ၏ PMI အညွှန်းကိန်း ၄၅ ဒသမ ၁ တွင် ရှိနေသော်လည်း ခြုံကြည့်လျှင် ပြင်းထန်သည့် ကျဆင်းမှုနှုန်းကို အချက်ပြနေဆဲဖြစ်ကြောင်း၊ ထိုင်းနိုင်ငံ၏ PMI အညွှန်းကိန်း ၄၈ ဒသမ ၇ ရှိပြီး မသိမသာ ကျဆင်းသွားပြီး ဒသမကိန်းဂဏန်းမျှ နိမ့်ကျမှုကိုသာ ညွှန်ပြနေကြောင်း ဖော်ပြထားသည်။

ဖိလစ်ပိုင်နိုင်ငံ၏ PMI အညွှန်းကိန်း ၅၀ ဒသမ ၄ ဖြစ်သည့်တိုင် နှစ်လဆက်တိုက် တိုးတက်မှုဖြစ်ပေါ်ခဲ့သည်။

စင်ကာပူနိုင်ငံ၏ ထုတ်လုပ်ရေးကဏ္ဍ၌ တစ်ကျော့ပြန်ဦးမော့မှုကို မှတ်တမ်းတင်နိုင်ခဲ့ကာ PMI အညွှန်းကိန်း ကြားနေအမှတ် ၅၀ ကိုကျော်ဖြတ်လျက် ဇူလိုင်လတွင် ၅၆ ဒသမ ၃ သို့ တက်လှမ်းလိုက်ခြင်းဖြင့်၂၀၁၃ ခုနှစ် မေလမှစပြီး အပြင်းထန်ဆုံးတိုးတက်မှုကို အချက်ပြနေသည်။

မြန်မာ့စက်မှုကုန်ထုတ်လုပ်ငန်းများ၏ ထုတ်လုပ်ရေးကဏ္ဍတွင် ကိုဗစ်-၁၉ တတိယလှိုင်း ကူးစက်မှုများကြောင့် လုပ်ငန်းများနှင့် စက်ရုံများ ပိတ်လာခဲ့ရပြီး အလုပ်သမားများ မိမိတို့ဇာတိဒေသများသို့ ပြန်သွားနေရသည်။ ထုတ်လုပ်မှု၊ အော်ဒါအသစ်များ၊ ဝယ်ယူမှုများ၊ အလုပ်နေရာများနှင့် ထုတ်လုပ်မှုအပြီး လက်ကျန်စာရင်းများ အားလုံးသည် ပိုမြန်သည့်နှုန်းများဖြင့် ကျဆင်းခဲ့ပြီး ကျဆင်းမှုများမှာ စစ်တမ်းသမိုင်းတွင် အများဆုံးဖြစ်လာကြောင်း  ၂၀၂၁ ခုနှစ် ဇူလိုင်လအတွက် ထုတ်ပြန်သော နစ်ကေးမြန်မာ့စက်မှုကုန်ထုတ်လုပ်ငန်း PMI အညွှန်းကိန်း (Manufacturing Purchasing Manager’s Index ဝယ်ယူရေး မန်နေဂျာများ၏ အညွှန်းကိန်း) အရ သိရသည်။

(၂)

ခြုံကြည့်ပါက အာဆီယံထုတ်လုပ်ရေး ကဏ္ဍ၏အခြေအနေသည် ဇွန်လတွင်တစ်ဟုန်ထိုး ဆုတ်ယုတ်သွားခဲ့သည်။ ထုတ်လုပ်မှုသာမက အော်ဒါအသစ်များပါ နှစ်လဆက်တိုက် ကျဆင်းလာခဲ့ပြီး ကျဆင်းမှုနှုန်းမှာမူ ၂၀၂၀ ပြည့်နှစ် မေလမှစပြီး အများဆုံးဖြစ်သည်။

သို့ဖြစ်၍ ကုမ္ပဏီများက ဇူလိုင်တွင် ၎င်းတို့၏ဝယ်ယူမှုများကို လျှော့ချခဲ့ကြရာ နောက်ဆုံးကျဆင်းမှုမှာ ၁၄ လအတွင်း အများဆုံးဖြစ်လာသည်။ အကျိုးဆက်အဖြစ် ထုတ်လုပ်မှုအကြို လက်ကျန်စာရင်းများမှာ ရှေ့ဆက်ကျဆင်းခဲ့သော်လည်း ဇွန်လနှင့်ယှဉ်လျှင် မသိမသာနှေးသည့်နှုန်း ဖြစ်ခဲ့သည်။ မည်သို့ပင်ဖြစ်စေ ပစ္စည်းပေးသွင်းမှုများထဲမှ အခက်အခဲများမှာ ရှိမြဲရှိနေခဲ့သည်။ လုပ်ငန်းပြီးဆုံးရန် ပျမ်းမျှကြာမြင့်ချိန်မှာ မှတ်တမ်းထဲတွင် တတိယအကြာရှည်ဆုံး ဖြစ်လာသည်ဟု ဖော်ပြထားသည်။

မပြီးဘဲကျန်ခဲ့သည့်အလုပ်များ မှတ်တမ်းတွင် ဒုတိယအများဆုံးနှုန်းဖြင့် တိုးလာခြင်းကို ကြည့်ရခြင်းအားဖြင့် အာဆီယံထုတ်လုပ် သူတို့၏ကုန်ထုတ်စွမ်းအားအပေါ်တွင် ဖိစီးမှုများရှိနေခြင်းကိုပါ ဇူလိုင်ဒေတာမှ မီးမောင်းထိုးပြလိုက်သည်။ သို့ဖြစ်သည့်တိုင်အောင် ကုမ္ပဏီများသည် ဇူလိုင်လတွင် ၎င်းတို့၏ဝန်ထမ်းဦးရေကို ဆက်ဖြတ်တောက်ခဲ့ကြသည်။ အလုပ်နေရာလျှော့ချမှုနှုန်းမှာ ၂၀၂၀ ပြည့်နှစ် သြဂုတ်လမှစပြီး အများဆုံးဖြစ်လာလျှင် ခြုံကြည့်လျှင် ပြင်းထန်ခဲ့သည်။

စျေးနှုန်းများကို လေ့လာကြည့်ပါက ငွေကြေးဖောင်းပွမှု ဖိအားပေးမှုများ သိသာမြဲသိသာခဲ့သည်။ ကုန်ကျစရိတ်များမှာ ဇူလိုင်တွင် လျင်မြန်စွာ ထပ်ပြီးတက်လာခဲ့ကာ ငွေကြေးဖောင်းပွမှုနှုန်းမှာမူ ငါးလအတွင်း အနည်းဆုံးဖြစ်ခဲ့ချိန်တွင် ပျမ်းမျှရောင်းစျေးများသည် ကိုးလဆက်တိုက် မြင့်တက်လာခဲ့သော်လည်း ခြုံကြည့်လျှင် အသင့်အတင့်ဖြစ်ခဲ့သည်။

နောက်ဆုံးအနေဖြင့် ကုန်စည်ထုတ်လုပ်သူတို့သည် လာမည့်တစ်နှစ်တာအတွက် ထုတ်လုပ်မှုနှင့်ပတ်သက်ပြီး အကောင်းမြင်လျက်ရှိနေကြသည်။ အကောင်းမြင်မှုအဆင့်မှာ သုံးလအတွင်း အမြင့်ဆုံးဖြစ်လာသော်လည်း သမိုင်းစဉ်ဒေတာနှင့် ယှဉ်ကြည့်လျှင် အားနည်းလျက်ရှိနေဆဲဖြစ်သည်။

“ခြုံကြည့်ရင် နောက်ဆုံး PMI ဒေတာက လာမည့်လတွေအတွင်းမှာ ထုတ်လုပ်သူတို့ရဲ့ စိန်ခေါ်မှုတွေကိုတိုးပြီး ရင်ဆိုင်လာရဖွယ်ရှိကြောင်းကို ညွှန်ပြနေပါတယ်။ ထိန်းချုပ်ရေးအစီအစဉ်များက ဝယ်လိုအားကို ထပ်မံထိုးနှက်ခဲ့ပြန်ရာပြန်ပြီး နာလန်မထူနိုင်သရွေ့ကဏ္ဍထဲမှာ သိသာတဲ့တစ်ကျော့ပြန်ဦးမော့မှုကို မှတ်တမ်းတင်ဖို့အလားအလာ နည်းလှပါတယ်” ဟု စီးပွားရေးပညာရှင် Lewis Cooper က အာဆီယံထုတ်လုပ်ရေးကဏ္ဍနှင့် ပတ်သက်၍ သုံးသပ်ပြောကြားခဲ့သည်။

(၃)

ကမ္ဘာ့ဘဏ်က ဇူလိုင်လအတွင်း ထုတ်ပြန်သည့် မြန်မာ့စီးပွားရေး စောင့်ကြည့်အစီရင်ခံစာအရ ယခုကာလတစ်လျှောက်လုံး ခြုံကြည့်မည်ဆိုပါက စီးပွားရေးလုပ်ငန်းများ အားနည်းနေဆဲဖြစ်သည်။ မေလနှင့်ဇွန်လအတွင်း ကုန်ထုတ်လုပ်ငန်း စစ်တမ်းအချက်အလက်များအရ ကုန်ထုတ်လုပ်မှုနှင့် အလုပ်အကိုင်များသည် အလွန်နိမ့်ကျသည့်အနေအထားမှ ဆက်လက်၍(ပြီးခဲ့သည့်လများနှင့် နှိုင်းယှဉ်လျှင် အနည်းငယ်နှေးကွေးသွားသော်လည်း) ထပ်မံကျဆင်းနေဆဲဖြစ်ပြီး သွင်းကုန်စျေးနှုန်းများ မြင့်တက်လာခြင်းက ကြီးမားသည့် ဖိအားဖြစ်စေသည်ဟု ဖော်ပြထားသည်။

ရရှိနိုင်သည့်အချက်အလက်များအားလုံးက ညွှန်ပြနေသည်မှာ ဆောက်လုပ်ရေးလုပ်ငန်းများနှင့် အလုပ်အကိုင်ကဏ္ဍသည် အလွန်နိမ့်ကျသည့်အဆင့်ရောက်နေဆဲ ဖြစ်သည်။ လယ်သမားများသည် ကောက်ပဲသီးနှံအဝယ်စျေးနှုန်း ကျဆင်းမှု၊ သွင်းကုန်စျေးနှုန်းမြင့်တက်မှုနှင့် ကြွေးမြီရရှိနိုင်မှု နည်းပါးမှုကြောင့် များစွာထိခိုက်ရကြောင်း တွေ့ရသည်။

ဇွန်လအတွင်း ပြုလုပ်ခဲ့သည့် စစ်တမ်းကောက်ယူမှုအရ နိုင်ငံတစ်ဝန်းရှိ ကုမ္ပဏီများ၏ လေးပုံသုံးပုံက ၂၀၂၀ ပြည့်နှစ် ကိုဗစ်-၁၉ ဒုတိယလှိုင်းရိုက်ခတ်ခံရသည့် ကာလထက် ယခုကာလ ရင်ဆိုင်ရသည့် စီးပွားရေး ထိခိုက်ပျက်စီးမှုက ပိုမိုဆိုးရွားသည်ဟု ဆိုကြသည်။

အနာဂတ်ကာလအပေါ် ကုမ္ပဏီများ၏ ယုံကြည်မျှော်လင့်မှုမှာလည်း အလွန်အားနည်းကြောင်း တွေ့ရသဖြင့် စီးပွားရေးလုပ်ငန်းများ လုပ်ဆောင်ရန် မရေရာမှုများနှင့် စိုးရိမ်ပူပန်မှုများ ဆက်လက်တည်ရှိနေကြောင်း  သိရသည်။

ကိုဗစ်-၁၉ တတိယလှိုင်း ကူးစက်ပြန့်ပွားမှုများ လျှော့ချနိုင်ရန် အများပြည်သူရုံးပိတ်ရက်များ သတ်မှတ်ဆောင်ရွက်ခဲ့သည်။ကိုဗစ်-၁၉ ရောဂါကူးစက်မှုကို ဟန့်တားထိန်းချုပ်ပြီး ပုံမှန်အခြေအနေသို့ အမြန်ပြန်လည်ရောက်ရှိနိုင်ရေးအတွက် ၂၀၂၁ ခုနှစ် သြဂုတ် ၁၆ ရက်မှ ၂၂ ရက်အထိ ကာလကို အများပြည်သူ ရုံးပိတ်ရက်နှင့် ဘဏ်ပိတ်ရက်များအဖြစ် သတ်မှတ်ခဲ့သည်။

ယင်းကာလတွင် ကုန်ထုတ်စွမ်းအား မကျဆင်းရန်အတွက် စက်ရုံအလုပ်ရုံများအား ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ကာကွယ်ရေးဆိုင်ရာ လမ်းညွှန်ချက်အတိုင်း ဖွင့်လှစ်ဆောင်ရွက်နိုင်ကြောင်း ကုန်သည်စက်မှုအသင်းချုပ်မှ သိရသည်။

ကိုဗစ်-၁၉ တတိယလှိုင်းသည် လူ့အသက်များ၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများနှင့် စီးပွားရေးတို့ကို ပြင်းထန်စွာခြိမ်းခြောက်နေကြောင်း ညွှန်ပြနေသည်။

ရောဂါကူးစက်မှု မည်ရွေ့မည်မျှ ပြင်းထန်မည်ဆိုသည့်အပေါ်မူတည်၍ အကျိုးသက်ရောက်မှု အတိုင်းအတာပမာဏကို အတိအကျခန့်မှန်းရန် ခက်ခဲသော်လည်း ကိုဗစ်-၁၉ တတိယလှိုင်းက စက်တင်ဘာလ ဘဏ္ဍာနှစ်သုံးလပတ်ကာလတွင် စီးပွားရေးအရ ပြင်းထန်စွာ အကျိုးသက်ရောက်စေလိမ့်မည်ဟု ကမ္ဘာ့ဘဏ်အစီရင်ခံစာတွင် ဖော်ပြထားသည်။

ကျန်းမာရေးဆိုင်ရာ တိုက်ရိုက်ထိခိုက်မှုများအပြင် ကိုဗစ်-၁၉ တတိယလှိုင်းသည် ၂၀၂၁ ဘဏ္ဍာနှစ် နောက်ဆုံးပတ် (စက်တင်ဘာ)တွင် စီးပွားရေးလုပ်ငန်းများကို ပိုမိုအားနည်းထိခိုက်စေမည်ဟု မျှော်မှန်းပြီး ၂၀၂၂  ဘဏ္ဍာနှစ်ထိအောင် ဆက်လက်တည်ရှိနေမည်ဟု ကမ္ဘာ့ဘဏ်က ခန့်မှန်းထားသည်။