ONE က နောက်ဆုံးထုတ်ပြန်ထားသည့် ဘင်တန်ဝိတ်တန်း အဆင့်သတ်မှတ်ချက်တွင် ထီရယ်လ်ထန် ထိပ်ဆုံးငါးဦးစာရင်းမဝင်သေး

ONE က နောက်ဆုံးထုတ်ပြန်ထားသည့် ဘင်တန်ဝိတ်တန်း အဆင့်သတ်မှတ်ချက်တွင် ထီရယ်လ်ထန် ထိပ်ဆုံးငါးဦးစာရင်းမဝင်သေး
Photo: One Championship
Photo: One Championship
Published 15 August 2021

 

ONE Championship အဖွဲ့အစည်းက နောက်ဆုံးထုတ်ပြန်ထားသည့် အဆင့်သတ် မှတ်ချက်အရ ဘင်တန်းဝိတ်တန်း၌ ထိုးသတ်နေသည့် မြန်မာကစားသမား ထီရယ်လ်ထန်မှာ ထိပ်ဆုံးငါးဦးစာရင်းမဝင်သေးကြောင်း သိရသည်။

ONE Championship အဖွဲ့အစည်းသည် ကိုယ်အလေးချိန်မြင့်မားသည့် ၀ိတ်တန်းများမှလွဲ၍ ၀ိတ်တန်းအများစု၏ အဆင့်သတ်မှတ်ချက်များကို ထုတ်ပြန်ထားပြီး ဇူလိုင် ၃၀ ရက်က နောက်ဆုံးထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ မြန်မာ MMA ကစားသမား ထီရယ်လ်ထန်သည် ONE Championship နှင့် လက် တွဲပြီးနောက် သုံးပွဲထိုးသတ်ထားရာတွင် ပွဲတိုင်းအနိုင်ရထားပြီး စတုတ္ထမြောက်ပွဲအဖြစ် သြဂုတ် ၂၇ ရက်တွင် တောင်ကိုရီးယားနိုင်ငံသား ဆောင်မင်ဂျောင်နှင့် ထိုးသတ်ရမည်ဖြစ်သည်။ 

ထီရယ်လ်ထန်သည် ဇူလိုင် ၃၀ ရက်က နောက်ဆုံးထုတ်ပြန်သည့် ဘင်တန်ဝိတ်တန်း အဆင့်သတ်မှတ်ချက်တွင် ထိပ်ဆုံးငါးဦး စာရင်းမဝင်သေးဘဲ လာမည့်ပွဲများ၌ ရလဒ်ကောင်းရယူနိုင်မှသာ ထိပ်ဆုံးငါးဦးစာရင်းဝင်ရန် မျှော်လင့်နိုင်မည်ဖြစ်သည်။ 

ဘင်တန်ဝိတ်တန်းတွင် ဘရာဇီးလ်နိုင်ငံသား ဘီဘီယာနိုဖာနန်ဒက်စ်က ကမ္ဘာ့ချန်ပီယံအဖြစ် ရပ်တည်နေပြီး ၎င်း၏နောက်တွင် ဘရာဇီးလ်နိုင်ငံသား ဂျွန်လိုင်ကာ၊ ဖိလစ်ပိုင် နိုင်ငံသား ဘယ်လင်ဂွန်၊ ရုရှားနိုင်ငံသား ဆာဒူလက်ဗ်နှင့် ဘရာဇီးလ်နိုင်ငံသား ဖာဘရီစီ ယိုတို့က အစဉ်လိုက်ရပ်တည်နေသည်။ 

ထီရယ်လ်ထန်သည် ဘင်တန်ဝိတ်တန်းတွင် ကမ္ဘာ့ချန်ပီယံဖြစ်လာရန် ရည်မှန်းထားသူ ဖြစ်ပြီး ချန်ပီယံလုပွဲများ ထိုးသတ်ခွင့်ရရန် အချိန်ယူရဖွယ်ရှိသလို ထပ်မံထိုးသတ်မည့် စိန်ခေါ်ပွဲများတွင်လည်း ရလဒ်ကောင်းရန် လိုအပ်နေသည်။

ONE Championship သည် Straw ၀ိတ်တန်း၊ ဖလိုင်းဝိတ်တန်း၊ ဘင်တန်ဝိတ်တန်း၊ ဖယ်သာဝိတ်တန်း၊ လိုက်ဝိတ်တန်း တို့၏ MMA၊ ကစ်ဘောက်ဆင်နှင့် မွေထိုင်း ကမ္ဘာ့အဆင့်သတ်မှတ်ချက်များ၊ အမျိုးသမီး  Atom ၀ိတ်တန်း၏ MMA၊ ကစ်ဘောက်ဆင်၊ မွေထိုင်း ကမ္ဘာ့အဆင့်သတ်မှတ်ချက်များနှင့်  Straw ၀ိတ်တန်း MMA ကမ္ဘာ့အဆင့်သတ် မှတ်ချက်များကို ထုတ်ပြန်ထားခြင်းဖြစ်သည်။  

ကစားသမားနည်းပါးသည့် ၀ိတ်တန်းအကြီး များအတွက် ကမ္ဘာ့အဆင့်သတ်မှတ်ချက်များကိုမူ ထုတ်ပြန်ခြင်းမရှိဘဲ နာမည်ကြီး မြန်မာ MMA ကစားသမား အောင်လအန်ဆန် ထိုး သတ်နေသည့် မစ်ဒယ်ဝိတ်တန်းအတွက်လည်း ကမ္ဘာ့အဆင့်ထုတ်ပြန်ထားခြင်းမရှိ ကြောင်း သိရသည်။ 

ဝယ်လ်တာဝိတ်တန်း၊ မစ်ဒယ်ဝိတ်တန်း၊ လိုက်ဟဲဗီးဝိတ်တန်းနှင့် ဟဲဗီးဝိတ်တန်းအတွက် ကမ္ဘာ့အဆင့်သတ် မှတ်ချက်များ ထုတ်ပြန်ခြင်းမရှိကြောင်း သိရသည်။ အောင်လအန်ဆန်သည် ယခင်က မစ်ဒယ်ဝိတ်တန်းအပြင် လိုက်ဟဲဗီးဝိတ်တန်း ပွဲစဉ်များပါ ထိုးသတ်ခဲ့ပြီး ၀ိတ်တန်းနှစ်ခုစလုံး တွင် ကမ္ဘာ့ချန်ပီယံခါးပတ်ရရှိခဲ့ဖူးသည်။

Most Read

Most Recent