၂၀၂၁-၂၀၂၂ ရာသီ ထိုင်းလိဂ်-၂ ပွဲစဉ်များ ထွက်ပေါ်လာပြီး ကျော်ကိုကိုနှင့် ဇော်မင်းထွန်းတို့၏ကလပ်များ အိမ်ကွင်းစတင်ကစားရမည်

၂၀၂၁-၂၀၂၂ ရာသီ ထိုင်းလိဂ်-၂ ပွဲစဉ်များ ထွက်ပေါ်လာပြီး ကျော်ကိုကိုနှင့် ဇော်မင်းထွန်းတို့၏ကလပ်များ အိမ်ကွင်းစတင်ကစားရမည်
Photo: Phare United
Photo: Phare United
Published 14 August 2021

 

မြန်မာကစားသမားများ ပါဝင်ကစားနေသည့် ၂၀၂၁-၂၀၂၂ ရာသီ ထိုင်းလိဂ်-၂ ပွဲစဉ်များ ထွက်ပေါ်လာပြီဖြစ်ပြီး ကျော်ကိုကို နှင့် ဇော်မင်းထွန်းတို့၏ကလပ်များမှာ အိမ်ကွင်းပွဲစဉ် စတင်ကစားရမည်ဖြစ်ကြောင်း သိရသည်။

ထိုင်းဘောလုံးအဖွဲ့ချုပ် (FAT) သည် ထိုင်းလိဂ်-၂ ပြိုင်ပွဲ ပွဲစဉ် (၁) ကို စက်တင်ဘာ ၄၊ ၅ ရက်တွင် စတင်ကျင်းပမည်ဖြစ်ပြီး စုစုပေါင်း ၁၈ သင်း ယှဉ်ပြိုင်မည်ဖြစ်သည်။ လာမည့်ရာသီတွင် ကျော်ကိုကိုက ဖာရေးယူနိုက်တက်အသင်းနှင့် ဇော်မင်းထွန်းက ထရတ် အသင်းတွင် ကစားမည်ဖြစ်ပြီး ယခုနှစ်လယ်ပိုင်းတွင် စာချုပ်ချုပ်ဆိုထားခြင်းဖြစ်သည်။ 

ရာသီအဖွင့်ပွဲတွင် ကျော်ကိုကို၏ ဖာရေးယူနိုက်တက်အသင်းက Navy အသင်းနှင့် လည်းကောင်း၊ ဇော်မင်းထွန်း၏ ထရတ် အသင်းက နာခွန်ပါသွန်အသင်းနှင့်လည်းကောင်း စတင်ယှဉ်ပြိုင်ရမည်ဖြစ်သည်။ တိုက်စစ်မှူး ကျော်ကိုကိုနှင့် နောက်ခံလူ ဇော်မင်း ထွန်းအနေဖြင့် အသင်းသစ်များတွင် ပြောင်းရွှေ့ကစားခြင်းဖြစ်ပြီး ဇော်မင်းထွန်းမှာ ယင်း ပွဲတွင် ကစားခွင့်ရပါက ထိုင်းလိဂ်-၂ ၌ ပထမ ဆုံးကစားခွင့်ရသည့်ပွဲအဖြစ် မှတ်တမ်းဝင် မည်ဖြစ်သည်။ ဇော်မင်းထွန်းသည် ပြီးခဲ့သည့် နှစ်ရာသီတွင် ထိုင်းလိဂ်-၁ ကလပ်အသင်းများ၌သာ ကစားခဲ့ခြင်းဖြစ်သည်။

ထိုင်းလိဂ်-၂ ပြိုင်ပွဲကို ၂၀၂၂ ခုနှစ် မေလအထိ ကျင်းပမည်ဖြစ်ပြီး အယုဒ္ဓယယူနိုက်တက်၊ ချိုင်းနတ်၊ ချင်းမိုင်၊ Customs Ladrabang United၊ ကီဆတ်ဆရတ်၊ ခွန်ကန်၊ လမ်ပန်၊ လမ်ပွန်ဝါယီ၊ မြောင်ကန်ယူနိုက် တက်၊ နာခွန်ပါသွန်၊ Navy၊ ဖာရေးယူနိုက် တက်၊ ရာဂျပါရာချာ၊ ရနောင်းယူနိုက်တက်၊ ရယောင်း၊ ဆူခိုထိုင်း၊ ထရတ်နှင့် အူဒွန်ထာနီ အသင်းတို့ ယှဉ်ပြိုင်မည်ဖြစ်သည်။ ပြိုင်ပွဲ ကျင်းပသည့်ပုံစံအရ ထိပ်ဆုံးနှစ်သင်းမှာ ထိုင်းလိဂ်-၁ သို့ တိုက်ရိုက်တန်းတက်ခွင့်ရရှိ ပြီး အဆင့် ၃ မှ ၆ အထိရရှိသည့်အသင်းလေး သင်းမှာ Play-off ပွဲစဉ် ပြန်လည်ကစား၍ဗိုလ်စွဲသည့်တစ်သင်းသာ တန်းတက်ခွင့်ရရှိ ခြင်းဖြစ်သည်။ 

မြန်မာကစားသမားများသည် ၂၀၁၈ ခုနှစ်မှစတင်ကာ ထိုင်းကလပ်များတွင် ပါဝင် ကစားသည့်အရေအတွက် များပြားလာခြင်း ဖြစ်ပြီး ထိုင်းလိဂ်-၁ အပြင် လိဂ်-၂ နှင့် လိဂ်- ၃ ကလပ်အသင်းများတွင်လည်း ကစားလျက်ရှိသည်။

၂၀၁၈ ခုနှစ်တွင် ထိုင်းလိဂ်သို့ ပထမဆုံး ပြောင်းရွှေ့ကစားခဲ့သည့် တိုက်စစ်မှူး ကျော်ကိုကိုသည် ပထမဆုံးရာသီတွင် ဒူးဒဏ် ရာပြင်းထန်စွာရရှိပြီးနောက်ပိုင်း ပုံမှန်ခြေစွမ်း ပြန်ရရန် ရုန်းကန်ခဲ့ရပြီး ပြီးခဲ့သည့်သုံးရာသီ အတွင်း အသင်းများစွာ ပြောင်းရွှေ့ကစားခဲ့ သည်။ ကျော်ကိုကိုသည် ငါးသင်းမြောက် ထိုင်းကလပ်အသင်းအဖြစ် ဖာရေးယူနိုက်တက်အသင်းတွင် ကစားမည်ဖြစ်ပြီး ယခင်က ချင်းရိုင်ယူနိုက်တက်၊ ဆာမတ်ပရာခန်၊ ဆူခိုထိုင်းနှင့် ချင်းမိုင်ယူနိုက်တက်အသင်းတွင် ကစားခဲ့သည်။

Most Read

Most Recent