၂၀၂၂ ခုနှစ်၌ မက်ဆီနှင့် စီရော်နယ်လ်ဒို နှစ်ဦးစလုံးကို ပိုင်ဆိုင်ရန် PSG အသင်း မျှော်လင့်နေ

၂၀၂၂ ခုနှစ်၌ မက်ဆီနှင့် စီရော်နယ်လ်ဒို နှစ်ဦးစလုံးကို ပိုင်ဆိုင်ရန် PSG အသင်း မျှော်လင့်နေ
Photo: Getty Images
Photo: Getty Images
Published 13 August 2021

ဘာစီလိုနာအသင်း၏ ဂန္ထဝင်တိုက်စစ်မှူး မက်ဆီကို ခေါ်ယူနိုင်ခဲ့ပြီဖြစ်သည့် ပြင်သစ်ထိ်ပ်သီး PSG  အသင်းသည် လာမည့် ၂၀၂၂ ခုနှစ်၌ မက်ဆီနှင့် စီရော်နယ်လ်ဒိုတို့ နှစ်ဦးစလုံးကို ပိုင်ဆိုင်ရန် မျှော်လင့်နေကြောင်း သိရ သည်။

    

PSG အသင်းသည် စာချုပ်သက်တမ်းတိုးရန် ကမ်းလှမ်းမှု အဆင်မပြေသည့် ဘာပေကို ယခုနွေရာသီတွင် ရောင်းထုတ်မည်မဟုတ်ဘဲ စာချုပ်သက်တမ်းကုန်ဆုံးမည့် ၂၀၂၂ ခုနှစ်အထိ အသင်းတွင် ဆက်လက်ထားရှိသွားမည် ဖြစ်ပြီး ၎င်းင်း၏နေရာ၌ ဂျူဗင်တပ်စ်တိုက်စစ်မှူး စီရော်နယ်လ်ဒိုကို အစားထိုးခေါ်ယူရန် ပစ်မှတ်ထားနေကြောင်းလည်း သိရသည်။ 

PSG အသင်းသည် ဘာပေကို ယခုနွေရာသီတွင် ရောင်းထုတ်ခဲ့ပါက ပြောင်းရွှေ့ကြေးရရှိမည် ဖြစ်သော်လည်း ယင်းကဲ့သို့ ပြုလုပ်ရန် အစီအစဉ်မရှိကြောင်း အသင်းဥက္ကဋ္ဌ အယ်လ်ခီလိုင်ဖီက ပြောကြားထားသည်။ 

PSG အသင်း တာဝန်ရှိသူများသည် ဘာပေကိုရောင်းချခြင်းအတွက် ရရှိမည့်ပြောင်းရွှေ့ကြေးထက် မက်ဆီ၊ နေမာ၊ ဘာပေတို့၏ ပေါင်းစပ်မှုပုံရိပ်ကြောင့် အသင်း၏အင်အားနှင့် ကျော်ကြားမှု ပိုမိုမြင့်တက်လာမည့် အခြေအနေကို ပိုမိုလိုလားနေကြောင်း သိရသည်။ 

ထို့ပြင် ဂျူဗင်တပ်စ်တိုက်စစ်မှူး စီရော်နယ်လ်ဒိုမှာလည်း ၂၀၂၂ ခုနှစ်တွင် လက်ရှိအသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံး မည်ဖြစ်သောကြောင့် ပြောင်းရွှေ့ကြေးအလွတ်ဖြင့် ခေါ်ယူနိုင်မည်ဖြစ်ရာ ဘာပေ၏နေရာ၌ စီရော်နယ်လ်ဒိုကို အစားထိုးခေါ်ယူပြီး အထူးခြားဆုံးအခြေအနေတစ်ရပ်ကို ဖန်တီးရန် မျှော်လင့်နေခြင်းဖြစ်ကြောင်း သိရသည်။

    

မက်ဆီနှင့် စီရော်နယ်လ်ဒိုတို့သည် ကမ္ဘာ့အကောင်းဆုံးဆုများကို တစ်ပြန်တစ်လှည့်စီ ရယူနေသည့် ခေတ်ပြိုင်ကစားသမားများဖြစ်ပြီး ၎င်းတို့နှစ်ဦး အသင်း တစ်သင်းတည်း၌ အတူတွဲဖက်ကစားမည်ဆိုပါက အလွန်ထူးခြားသည့်အခြေအနေ ဖြစ်လာမည်ဖြစ်သည်။ 

PSG အသင်းက အဆိုပါအခြေအနေကို ဖန်တီးပုံဖော်ရန် မျှော်လင့်နေခြင်းဖြစ်ပြီး ယခင်က မည်သို့မျှ မဖြစ်နိုင်ဟု သတ် မှတ်ကြမည်ဖြစ်သော်လည်း လက်ရှိအနေအထားအရမူ ဖြစ်လာနိုင်ခြေရှိနေပြီဖြစ်ကြောင်းလည်း စပိန်မီဒီယာများက သုံးသပ်ခဲ့ကြသည်။ 

Most Read

Most Recent