မြန်မာနိုင်ငံကို လာရောက်သည့်အခါတွင် သက်ဆိုင်သူအားလုံးနှင့် အပြည့်အဝ တွေ့ဆုံခွင့်ရလိုကြောင်း အာဆီယံ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ဘရူနိုင်း နိုင်ငံခြားရေးဝန်ကြီး (၂) အီရီဝမ်ယူဆော့ဖ်က ပြောကြားခဲ့သည်။
အာဆီယံအဖွဲ့ဝင်နိုင်ငံများက ၎င်းကို မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်အဖြစ် ခန့်အပ်တာဝန်ပေးခဲ့ပြီး တစ်ရက်အကြာ သြဂုတ် ၇ ရက်တွင် ယခုကဲ့သိ့ု ပြောဆိုခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံကို မည်သည့်အချိန် သွားရောက်မည်ဆိုသည်ကို ၎င်းက ပြောဆိုခဲ့ခြင်းမရှိပေ။
အာဆီယံ အထူးကိုယ်စားလှယ်အနေဖြင့် မြန်မာနိုင်ငံတွင် လူသားချင်းစာနာမှု အကူအညီများကို ကြီးကြပ်ရေး၊ အကြမ်းဖက်မှုများ အဆုံးသတ်ရေး၊ တပ်မတော် ခေါင်းဆောင်များနှင့် အတိုက်အခံများအကြား စေ့စပ်ဆွေးနွေးမှု လမ်းကြောင်းအား ဖွင့်လှစ်ပေးရန် တာဝန်ယူလုပ်ဆောင်ရမည် ဖြစ်ကြောင်း သိရသည်။
“မြန်မာနိုင်ငံကို သွားရောက်ဖို့ စီစဉ်ဆောင်ရွက်နေဆဲဖြစ်ပြီး ဇွန်လတုန်းက ခရီးစဉ်လိုမဟုတ်ဘဲ အသေအချာ ပြင်ဆင်ဆောင်ရွက်ထားဖို့ လိုအပ်မှာဖြစ်တယ်” ဟု မြို့တော် ဘန်ဒါဆရီဘီဂါဝမ်တွင် အီရီဝမ်က သတင်းထောက်များကို ပြောကြားသည်။
မြန်မာနိုင်ငံကို ထပ်မံသွားရောက်မည့် ခရီးစဉ်အတွင်း အကြမ်းဖက်မှုများ အဆုံးသတ်ရေး၊ အပြန်အလှန် ဆွေးနွေးညှိနှိုင်းရေးနှင့် ကြားဝင်စေ့စပ်ပေးရေးကို အဓိကထားပြီး ပိုမိုထိရောက်သည့် ဆွေးနွေးမှုများ ပြုလုပ်နိုင်ရန် ကြိုးပမ်းသွားမည်ဟု ၎င်းက ပြောကြားခဲ့ပြီး သက်ဆိုင်သူအားလုံးနှင့် တွေ့ဆုံခွင့်ရရန် အရေးကြီးကြောင်းလည်း ၎င်းက အလေးအနက် ပြောဆိုခဲ့သည်။
လူသားချင်းစာနာမှု အကူအညီများ ရရှိရေးနှင့်ပတ်သက်သည့် အချိန်အတိုင်းအတာကို ထုတ်ဖော်ပြောဆိုခဲ့ခြင်း မရှိသော်လည်း ယင်းအတွက်လိုအပ်သည့် အထောက်အပံ့များ ရရှိနိုင်မည်ဟု မျှော်လင့်ကြောင်း အီရီဝမ်က ပြောကြားခဲ့သည်။
ကုလသမဂ္ဂ သာမက အမေရိကန်နှင့် တရုတ် အပါအဝင် ကမ္ဘာ့နိုင်ငံအများအပြားသည် မြန်မာနိုင်ငံတွင် တည်ငြိမ်မှု ပြန်လည်ရရှိရေး သံတမန်နည်းအရ ကြိုးပမ်းမှုများကို ဦးဆောင်ရန် အဖွဲ့ဝင် ၁၀ နိုင်ငံပါဝင်သည့် အာဆီယံအဖွဲ့ကြီးကို တိုက်တွန်းထားသည်။
၅၄ ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတွင် ဧပြီလအတွင်းက အာဆီယံနိုင်ငံခေါင်းဆောင်များ အစည်းအဝေး၏ တူညီဆန္ဒငါးရပ်တွင် ဖော်ပြပါရှိသည့် အာဆီယံအလှည့်ကျဥက္ကဋ္ဌ၏ အထူးကိုယ်စားလှယ် ခန့်အပ်ရေးကိစ္စအား ဆွေးနွေးခဲ့ပြီး အာဆီယံအလှည့်ကျဥက္ကဋ္ဌ ဖြစ်သူ ဘရူနိုင်းနိုင်ငံက မူလအဆိုပြုထားသူ အထူးကိုယ်စားလှယ်များ၏ အမည်စာရင်းကို ပြန်လည်ရုပ်သိမ်း၍ ဘရူနိုင်းနိုင်ငံဘုရင်၏လမ်းညွှန်မှုဖြင့် ဘရူနိုင်းနိုင်ငံခြားရေးဝန်ကြီး (၂) ဖြစ်သူ ဒါတိုအီရီဝမ်ယူဆော့ဖ်အား အာဆီယံအလှည့်ကျဥက္ကဋ္ဌ၏ အထူးကိုယ်စားလှယ်အဖြစ် ပြင်ဆင်အဆိုပြုကာ မြန်မာနိုင်ငံဘက်မှလည်း သဘောတူလက်ခံသဖြင့် သြဂုတ် ၄ ရက်တွင် အထူးကိုယ်စားလှယ်အား အာဆီယံက အတည်ပြုခန့်အပ်ခဲ့သည်။
မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ဘရူနိုင်း နိုင်ငံခြားရေးဝန်ကြီး (၂) ၏ စွမ်းဆောင်ရည်ကို ယုံကြည်မျှော်လင့်ကြောင်း အာဆီယံ-ကနေဒါ အစည်းအဝေးတွင် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်က ပြောကြားထားသည်။















