မန္တလေးဗဟိုအကျဉ်းထောင်တွင်  အချုပ်သားအချို့က သီချင်းဆိုခြင်း၊ ကြွေးကြော်ခြင်းများ ငါးမိနစ်ခန့်ဖြစ်ပွားခဲ့ပြီး ၈ ရက် ၈ လကို အကြောင်းပြု၍ လုပ်ဆောင်သည့်သဘောဖြစ်ကြောင်း အကျဉ်းဦးစီးဌာန ပြန်လည်ရှင်းလင်း

မန္တလေးဗဟိုအကျဉ်းထောင်တွင်  အချုပ်သားအချို့က သီချင်းဆိုခြင်း၊ ကြွေးကြော်ခြင်းများ ငါးမိနစ်ခန့်ဖြစ်ပွားခဲ့ပြီး ၈ ရက် ၈ လကို အကြောင်းပြု၍ လုပ်ဆောင်သည့်သဘောဖြစ်ကြောင်း အကျဉ်းဦးစီးဌာန ပြန်လည်ရှင်းလင်း
Published 9 August 2021

မန္တလေး ဗဟိုအကျဉ်းထောင်တွင် အချုပ်သားအချို့က သီချင်းဆိုခြင်း၊ ကြွေးကြော်ခြင်းများ ငါးမိနစ်ခန့်ဖြစ်ပွားခဲ့ပြီး ၈ ရက် ၈ လကို အကြောင်းပြု၍လုပ်ဆောင်သည့် သဘောဖြစ်ကြောင်း အကျဉ်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးချမ်းအေးကျော်က ပြောကြားသည်။

မန္တလေးအကျဉ်းထောင်တွင် သြဂုတ် ၈ ရက် ညပိုင်းက ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်နှင့်ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့မှတစ်ဆင့် ဦးချမ်းအေးကျော်က မီဒီယာများအား ဖြေကြားခဲ့ခြင်းဖြစ်သည်။

“ မန္တလေး ဗဟိုအကျဉ်းထောင်မှာ မနေ့က ပုံမှန်အတိုင်းပဲ ထောင်ဖွင့်တဲ့အလုပ်တွေ လုပ်တယ်။ ညဘက် ၉ နာရီမှာ မီးပိတ်အိပ်ဖို့ သံချောင်းခေါက်တဲ့အချိန်မှာ အကျဉ်းထောင် အိပ်ဆောင် (၃) အပေါ်ထပ် အခန်း (၁၊ ၂၊ ၃) မှာ ထိန်းသိမ်းထားတဲ့ ပုဒ်မ ၅၀၅-ခ နဲ့အမှုဖွင့်လှစ်ထားပြီး တရားစွဲဆိုထားတဲ့ အချုပ်သားတွေဟာ အခန်းထဲကနေပြီးတော့မှ စစ်အာဏာရှင်ပြုတ်ကျရေး၊ အကျဉ်းသားများ လွတ်မြောက်ရေး ကြွေးကြော်တယ်။ သွေးသစ္စာသီချင်း ဆိုတယ်။ သူတို့ လုပ်တာကို ကြားကြားချင်း အိပ်ဆောင်မှူး ကနေပြီးတော့မှ သူတို့ကို တားမြစ်တယ်။ မလုပ်ဖို့ အကျဉ်းထောင်စည်းမျဉ်းစည်းကမ်းနဲ့မညီဘူး။ အိပ်ဆောင်မှူးရဲ့အမိန့်ကို မနာခံတဲ့အချိန်မှာ အိပ်ဆောင်မှူးက တာဝန်ခံ အရာရှိကို သတင်းပို့တယ်။ တာဝန်ခံအရာရှိ ကနေပြီးတော့မှ ရောက်လာပြီးတော့ သူတို့ကို ၀ိုင်းဝန်းထိန်းသိမ်းပြီး ဘာဖြစ်ချင်တာလဲ ပြောတဲ့အချိန်မှာပဲ သီချင်းဆိုတာတွေ၊ ကြွေးကြော်တာတွေ ရပ်သွားတယ်” ဟု ဒုတိယညွှန်ကြားရေးမှူး ဦးချမ်းအေးကျော်က ပြောကြားသည်။

မန္တလေးဗဟိုအကျဉ်းထောင်တွင် ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်သည် ၈ ရက် ၈ လကို အကြောင်းပြု၍ လုပ်ဆောင်သည့် သဘောမျိုးဖြစ်ပြီး အကျဉ်းထောင် စည်းမျဉ်းစည်းကမ်းနှင့် မကိုက်ညီကြောင်း သိရှိချိန်တွင် ချက်ချင်းရပ်သွားခဲ့ကြောင်း ဦးချမ်းအေးကျော်က ပြောကြားသည်။

“ ဖြစ်စဉ်ကတော့ ငါးမိနစ်လောက်ပါပဲ။ သူတို့ကတော့ ဘာဖြစ်ချင်လဲဆိုတော့ ကြွေးကြော်သံထဲမှာ ပါတာပေါ့။ စစ်အာဏာရှင်စနစ် ပြုတ်ကျရေး၊ အကျဉ်းသားများ လွတ်မြောက်ရေးများတို့ ပါတယ်။ အဲဒါကို တာဝန်ခံအရာရှိနဲ့ တားတဲ့အချိန်မှာ ချက်ချင်း ရပ်သွားတယ်။ စနစ်တကျနေဖို့ပြောတဲ့အခါမှာ သူတို့ တောင်းဆိုတာတွေ၊ ကြွေးကြော်တာတွေ ဘာမှမလုပ်တော့ဘဲနဲ့ ရပ်လိုက်တယ်” ဟု ဒုတိယညွှန်ကြားရေးမှူး ဦးချမ်းအေးကျော်က ပြောကြားသည်။

မန္တလေး ဗဟိုအကျဉ်းထောင်၏  အကျဉ်းထောင် အိပ်ဆောင် (၃) အပေါ်ထပ် အခန်း (၁၊ ၂၊ ၃) ဆူပူမှုဖြစ်စဉ်တွင် ပါဝင်ခဲ့သည့် အကျဉ်းသား ၃၀ ဦးကျော်ရှိပြီး ဆူပူမှုဖြစ်စဉ်တွင် ပါဝင်ခြင်းမရှိသည့် အကျဉ်းသားများလည်း ရှိကြောင်း ဦးချမ်းအေးကျော်က ပြောကြားသည်။

“အခုတော့ အေးဆေးပါပဲ။ အကျဉ်းထောင်တွေမှာ ဆရာတော်ဘုရားကြီးတွေရဲ့ တရားတွေ၊ ပရိတ်၊ ပဋ္ဌာန်းရွတ်တဲ့ တရားတော်တွေ ပုံမှန်အတိုင်း ဖွင့်ပါတယ်။ အကျဉ်းထောင်သားတွေ တရားဘာဝနာ ပွားများလို့ ရအောင် ဖွင့်ပေးတာပါ။ အဲဒါတော့ ပုံမှန်ဖွင့်ပါတယ်။ သူတို့ဆူလို့မှ မဟုတ်ပါဘူး” ဟု ဒုတိယညွှန်ကြားရေးမှူး ဦးချမ်းအေးကျော်က ပြောကြားသည်။

Most Read

Most Recent