စျေးကွက်အတွင်း ကိုဗစ်-၁၉ရောဂါကုသရေးနှင့်ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ ဆေးဝါးများ မပြတ်လပ်စေရေးနှင့် စျေးနှုန်း အလွန်အမင်းမြင့်တက်မှု မဖြစ်ပေါ်စေရေး UMFCCI Task Force ဖွဲ့စည်း၍ သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းဆောင်ရွက်

စျေးကွက်အတွင်း ကိုဗစ်-၁၉ရောဂါကုသရေးနှင့်ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ ဆေးဝါးများ မပြတ်လပ်စေရေးနှင့် စျေးနှုန်း အလွန်အမင်းမြင့်တက်မှု မဖြစ်ပေါ်စေရေး UMFCCI Task Force ဖွဲ့စည်း၍ သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းဆောင်ရွက်
လေကြောင်းလိုင်းဖြင့် ရန်ကုန်မြို့သို့ ရောက်ရှိလာသည့် COVID-19 ရောဂါကာကွယ်ဆေးများအား တွေ့ရစဉ်
လေကြောင်းလိုင်းဖြင့် ရန်ကုန်မြို့သို့ ရောက်ရှိလာသည့် COVID-19 ရောဂါကာကွယ်ဆေးများအား တွေ့ရစဉ်
Published 9 August 2021

စျေးကွက်အတွင်း ကိုဗစ်-၁၉ ရောဂါ ကုသရေးနှင့်ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ ဆေးဝါးများ မပြတ်လပ်စေရေးနှင့် စျေးနှုန်း အလွန်အမင်းမြင့်တက်မှု မဖြစ်ပေါ်စေရေး UMFCCI Task Force ဖွဲ့စည်း၍ သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းဆောင်ရွက်လျက် ရှိကြောင်း ကုန်သည်စက်မှုအသင်းချုပ်မှ သိရသည်။

ဆေးဆိုင်လုပ်ငန်းရှင်များနှင့် ကိုဗစ်- ၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ ဆေးဝါးများ စျေးကွက်အတွင်း မပြတ်လပ်စေရေးနှင့် စျေးနှုန်းတည်ငြိမ်စွာ ရောင်းချနိုင်ရေးအတွက် UMFCCI Task Force တွင် အဖွဲ့ခေါင်းဆောင်အဖြစ် ဦးအေးဝင်း၊ အဖွဲ့ဝင်များအဖြစ် ဒေါက်တာမောင်မောင်လေး၊ ဒေါက်တာအောင်သိန်း၊ ဒေါက်တာဝင်းစည်သူ၊ ေဒေါက်တာမျိုးသန့်၊ ဦးဇေယျသူရမွန်နှင့် ဆေးဆိုင်လုပ်ငန်းရှင် ၆၆ ဦးခန့် ဆွေးနွေးခဲ့ကြောင်း သိရသည်။

ရန်ကုန်မြို့ရှိ ကုန်သည်စက်မှုအသင်းချုပ် (UMFCCI) တွင် ကိုဗစ်-၁၉ ရောဂါ ကုသရေးတွင်အသုံးများသည့် ဆေးဝါးများ တင်သွင်းခွင့် One Time Permit အတွက် လာရောက်လျှောက်ထားနိုင်ကြောင်း ကုန်သည်စက်မှုအသင်းချုပ်မှ သိရသည်။

ယင်းမှ OSS သို့ ဆက်လက်ပေးပို့ပြီး ထိုမှတစ်ဆင့် FDA သို့ ပေးပို့လျက်ရှိကြောင်း၊ လျှောက်ထားပြီး သတ်မှတ်ချက်များ ပြည့်စုံကိုက်ညီမှုရှိပါက ၄၈ နာရီအတွင်း FDA မှ Permit ထုတ်ပေးလျက်ရှိကြောင်း၊ ချွင်းချက်အနေဖြင့် အချို့ကန့်သတ်ဆေးဝါးများ လျှောက်ထားလာပါက အချိန်အနည်းငယ် ကြန့်ကြာမှုရှိနိုင်ကြောင်း သိရသည်။

စျေးကွက်အတွက် ဆေးဝါးများ မပြတ်လပ်စေရေး၊ စျေးနှုန်းမမြင့်မားစေရေးနှင့် ပြည်ပမှတင်သွင်းရာတွင် အဆင်ပြေစေရေးတို့အတွက် ရည်ရွယ်၍ UMFCCI Task Force နှင့် ဆေးဝါးတင်သွင်းနေသည့်ကုမ္ပဏီများ ဆွေးနွေးခဲ့ကြောင်း သိရသည်။

UMFCCI Task Force သည် ဆေးဝါးများ တင်သွင်းရာတွင် လွယ်ကူလျင်မြန်စေရေးအတွက် သက်ဆိုင်ရာကော်မတီ၊ ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ ဆေးဝါးတင်သွင်းသည့် ကုမ္ပဏီမျာ ရင်ဆိုင်နေရသည့်အခက်အခဲများကို ပူးပေါင်းဆောင်ရွက် ကူညီပေးနိုင်ရေး၊ သြဂုတ်၊ စက်တင်ဘာ၊ အောက်တိုဘာ သုံးလတာကာလအတွင်း စျေးကွက်အခြေအနေ၊ မြေပြင်အချက်အလက်များနှင့် ကုမ္ပဏီများ မှတင်ပြမှုများကို စုစည်း၍ Demand နှင့် Supply ကို အတတ်နိုင်ဆုံး မျှတအဆင်ပြေအောင် ကြိုးပမ်းဆောင်ရွက်သွားနိုင်ရေး၊ ဆေးဝါးတင်သွင်းမှုနှင့်စပ်လျဉ်း၍ ရင်ဆိုင်ကြုံတွေ့ရသော Banking Issue နှင့် ငွေရေးကြေးရေး ပိုင်းဆိုင်ရာများအတွက် သက်ဆိုင်ရာအဖွဲ့အစည်း၊ ဌာနဆိုင်ရာများနှင့် ညှိနှိုင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး ဆေးဝါးနှင့် ဆေးပစ္စည်းများ ပြည်တွင်းထုတ်လုပ်မှုမြှင့်တင်ရေးနှင့် စျေးကွက်လိုအပ်ချက်ပြည့်မီအောင် ဖြည့်တင်းနိုင်ရေးဆောင်ရွက်လျက် ရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

စျေးကွက်အတွင်း ဆေးဝါးများ ပြတ်လပ်မှုမရှိစေရေးအတွက် ရန်ကုန်မြို့တွင် “ကိုဗစ်-၁၉ ရောဂါကာကွယ်ကုသရေး ဆေးနှင့် ဆေးပစ္စည်းများ ပြည်ပမှတင်သွင်းမှု လွယ်ကူလျင်မြန်ချောမွေ့စေရေးအဖွဲ့” ကို  ဖွဲ့စည်းဆောင်ရွက်မည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ဇူလိုင်လအတွင်းက သတင်းထုတ်ပြန်ထားသည်။

ပြည်ပမှ ဆေးဝါးနှင့် ဆေးပစ္စည်းများ တင်သွင်းရာတွင် အခက်အခဲမရှိစေရး၊ စျေးကွက်အတွင်း ဆေးဝါးများ မပြတ်လပ်စေရေး၊ အရည်အသွေးစျေးနှုန်း မှန်ကန်စေရေးတို့အတွက် ရန်ကုန်မြို့တွင် “ကိုဗစ်-၁၉ ရောဂါ ကာကွယ်ကုသရေး ဆေးနှင့် ဆေးပစ္စည်းများ ပြည်ပမှတင်သွင်းမှု လွယ်ကူလျင်မြန်ချောမွေ့စေရေးအဖွဲ့ (Task Force) ကို ဖွဲ့စည်းဆောင်ရွက်မည်ဖြစ်ကြောင်းနှင့် အခက်အခဲ တစ်စုံတစ်ရာရှိပါက  ရန်ကုန်လုပ်ငန်းအဖွဲ့ (Task Force) ဖုန်း - ၀၉၆၆၄၀၇၅၆၈၃၊ ၀၉၆၆၄၅၉၆၃၂၇ နှင့် ကုန်စည်ကူးသန်းရေးတွင် ကိုဗစ်-၁၉ ရောဂါပြန့်ပွားမှု ထိန်းချုပ်ရေး လုပ်ငန်းကော်မတီရုံးဖုန်း - ၀၆၇၄၀၈၄၁၉၊ ၀၉၄၂၀၇၀၃၆ -၆၁၆ တို့သို့ ဆက်သွယ်အကူအညီ တောင်းခံနိုင်ကြောင်း သိရသည်။

Most Read

Most Recent