ဈေးကွက်အခြေခံသည့် ရည်ညွှန်းငွေလဲလှယ်နှုန်း သတ်မှတ်ခြင်းအား Auction ခေါ်ယူ၍ ရောင်းချသော ဈေးနှုန်းကိုသာ ရည်ညွှန်းငွေလဲလှယ်နှုန်းအဖြစ် ကြေညာတော့မည့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်

ဈေးကွက်အခြေခံသည့် ရည်ညွှန်းငွေလဲလှယ်နှုန်း သတ်မှတ်ခြင်းအား Auction ခေါ်ယူ၍ ရောင်းချသော ဈေးနှုန်းကိုသာ ရည်ညွှန်းငွေလဲလှယ်နှုန်းအဖြစ် ကြေညာတော့မည့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်
ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ရုံးကို တွေ့ရစဉ်
ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ရုံးကို တွေ့ရစဉ်
Published 8 August 2021

Auction ခေါ်ယူ၍ ရောင်းချသော စျေးနှုန်းကို ရည်ညွှန်းငွေလဲလှယ်နှုန်းအဖြစ် ကြေညာမည်

မြန်မာနိုင်ငံတော် ဗဟိုဘဏ်အနေဖြင့်  ယခင်ကျင့်သုံးလျက်ရှိသော စျေးကွက်အခြေခံသည့် ရည်ညွှန်းငွေလဲလှယ်နှုန်းသတ်မှတ်ခြင်းအစား Auction ခေါ်ယူ၍ ရောင်းချသောစျေးနှုန်းကိုသာ ရည်ညွှန်းငွေ လဲလှယ်နှုန်းအဖြစ် ကြေညာမည်ဖြစ်ကြောင်း  မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးဝင်းသော်က ပြောကြားသည်။

နိုင်ငံခြားငွေလဲလှယ်နှုန်း သတ်မှတ်ခြင်းနှင့်ပတ်သက်၍ နိုင်ငံခြားသုံးငွေများ ရောင်းဝယ်ဖောက်ကားသည့်လုပ်ငန်း (A.D) လိုင်စင်ရဘဏ်များနှင့် အစည်းအဝေးတွင် နိုင်ငံခြားငွေစျေးနှုန်း မြင့်မားလာမှုအား ဘဏ်များက ၀ိုင်းဝန်းထိန်းသိမ်းရန် ညွှန်ကြားထားပြီးဖြစ်ကြောင်း၊ သို့သော် စျေးနှုန်းများမြင့်မားလာဆဲ ဖြစ်သည်ကိုတွေ့ရကြောင်း၊ နိုင်ငံခြားငွေလဲလှယ်နှုန်း မြင့်မားမှုသည် နိုင်ငံတော်၏ နိုင်ငံရေးတည်ငြိမ်မှု၊ စီးပွားရေးတည်ငြိမ်မှုကို ထိခိုက်စေနိုင်သည့်အတွက် လွန်စွာအရေးကြီးကြောင်း၊ ကိုဗစ်- ၁၉ ဖြစ်ပွားမှုအချိန်တွင် အခြားကုန်စည်စျေးနှုန်းမြင့်မားမှု မဖြစ်ပေါ်စေရေးနှင့်ဖြစ်သင့်သော စျေးနှုန်းတစ်ခုတွင် နိုင်ငံခြားငွေလဲလှယ်နှုန်း တည်ငြိမ်မှုရှိစေရေးဘဏ်များက နိုင်ငံခြားငွေရောင်းဝယ်မှုကို ကန့်သတ်ချက်အတွင်းသာ ရောင်းဝယ်ရန်နှင့် မဖြစ်မနေ ဝယ်ယူရမည့် ကျန်းမာရေးနှင့်ဆိုင်သည့် ကိစ္စရပ်များအတွက် နိုင်ငံခြားငွေအသုံးပြုရန် လိုအပ်လာပါက ဗဟိုဘဏ်သို့တင်ပြရန်နှင့် တတ်နိုင်သမျှ ကူညီဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌ ဦးဝင်းသော်က ပြောကြားသည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ နိုင်ငံခြားငွေလိုအပ်ချက်အား အထိုက်အလျောက် ဖြည့်တင်းပေးနိုင်ရန် Special Auction cauza A.D ဘဏ်များ နိုင်ငံခြားငွေများ ရောင်းချပေးခဲ့ပြီး ရောင်းချပေးခဲ့သော နိုင်ငံခြားငွေလဲလှယ်နှုန်းအား ရည်ညွှန်းငွေလဲလှယ်နှုန်းအဖြစ် သတ်မှတ်ကြေညာခဲ့ကြောင်း၊မြန်မာနိုင်ငံတော် ဗဟိုဘဏ်အနေဖြင့် ယခင်ကျင့်သုံးလျက်ရှိသော စျေးကွက်အခြေခံသည့် ရည်ညွှန်းငွေလဲလှယ်နှုန်း သတ်မှတ်ခြင်းအစား Auction ခေါ်ယူ၍ ရောင်းချသောစျေးနှုန်းကိုသာ ရည်ညွှန်းငွေလဲလှယ်နှုန်းအဖြစ် ကြေညာမည်ဖြစ်ကြောင်း ဦးဝင်းသော်က ဆက်လက်ပြောကြားသည်။

ယခင်က နိုင်ငံခြားငွေဝယ်ယူ၊ ရောင်းချ၊လဲလှယ်ခြင်းများ ဆောင်ရွက်ရာတွင် ရောင်းစျေးနှုန်းနှင့် ဝယ်စျေးနှုန်းအကြား ကွာဟချက် (Spread) အား တစ်ရာခိုင်နှုန်းထက်မပိုစေဘဲ သတ်မှတ်ဆောင်ရွက်ခြင်းအစား ရည်ညွှန်းငွေလဲလှယ်နှုန်းအား Midrate အဖြစ် သတ်မှတ်၍ + ၀ ဒသမ ၈ ရာခိုင်နှုန်း ဘောင်အတွင်းသာ ရောင်းဝယ်မှုပြုရန် ညွှန်ကြားချက်ပြင်ဆင်ထုတ်ပြန်မည်ဖြစ်ကြောင်း၊ ဘဏ်များက သတ်မှတ်ဘောင်အတွင်း ဆောင်ရွက်မည်ဆိုပါက နိုင်ငံခြားငွေလဲလှယ်နှုန်း မြင့်မားခြင်းကို ထိန်းသိမ်းနိုင်မည်ဖြစ်ကြောင်း ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးဝင်းသော်က ပြောကြားသည်။

နိုင်ငံသားပိုင်ဘဏ်များတွင် နိုင်ငံခြားသား ဝန်ထမ်းခန့်ထားခြင်း ကန့်သတ်

နိုင်ငံသားပိုင်ဘဏ်များတွင် နိုင်ငံခြားသားများအား ဘဏ်၏ဥက္ကဋ္ဌသို့မဟုတ် ဒုတိယဥက္ကဋ္ဌ ခန့်အပ်ခြင်းမပြုရအပါအဝင် ဘဏ်များအနေဖြင့် နိုင်ငံခြားသားဝန်ထမ်းများ ခန့်ထားခြင်းနှင့်စပ်လျဉ်း၍ လိုက်နာရန်အချက်များကို ဗဟိုဘဏ်က  ၂၀၂၁ ခုနှစ် သြဂုတ် ၂ ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် ပြည်တွင်းပုဂ္ဂလိကဘဏ်များတွင် နိုင်ငံခြားသားဝန်ထမ်းခန့်အပ်ခြင်းနှင့် စပ်လျဉ်း၍ ဘဏ်များ၏ တာဝန်ယူမှုဖြင့်ခန့်အပ်ရန် လိုက်နာဆောင်ရွက်ရမည့်အချက်များနှင့် တာဝန်ယူဆောင်ရွက်ပေးရမည့်အချက်များကို သတ်မှတ်ပေးခဲ့သည်။ သို့ရာတွင်ဘဏ်များ၌ ခန့်အပ်ထားသည့် နိုင်ငံခြားသားဝန်ထမ်းများ၏ တာဝန်ထမ်းဆောင်မှုနှင့် တာဝန်ထမ်းဆောင်မှုပြီးဆုံးခြင်း၊ မပြီးဆုံးမီ လုပ်ငန်းတာဝန်မှကင်းကွာခြင်း၊အလုပ်မှနုတ်ထွက်ခြင်းများ ဖြစ်ပေါ်လာပါက အဆိုပါနိုင်ငံခြားသား တာဝန်ယူဆောင်ရွက်ခဲ့သည့်လုပ်ငန်းများ စဉ်ဆက်မပြတ်ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ အကြံပေးအပါအဝင် နိုင်ငံခြားဝန်ထမ်းခန့်အပ်ရာတွင် လိုက်နာရန်အတွက် ယခုထုတ်ပြန်ချက်အား ထုတ်ပြန်ခြင်းဖြစ်သည်ဟု သိရသည်။

ဘဏ်များအနေဖြင့် နိုင်ငံခြားသားဝန်ထမ်းခန့်အပ်ရာ၌ ဗဟိုဘဏ်၏ ကြိုတင်ခွင့်ပြုချက်ကို အတည်ပြုခန့်အပ်ခြင်းမပြုမီ ရက်ပေါင်း ၃၀ ကြိုတင်၍ တင်ပြရမည်၊ ယင်းသို့ ကြိုတင်ခွင့်ပြုချက်တင်ပြရာ၌ ဘဏ်အကြီးဖြစ်လျှင် နိုင်ငံခြားသားဝန်ထမ်းခန့်အပ်ရန် အများဆုံးဦးရေသတ်မှတ်ချက်မှာ ၂၅ ဦး ထက်မပို၊ ဘဏ်လတ်အနေဖြင့် ၁၅ ဦးထက် မပို၊ ဘဏ်သေးအနေဖြင့် ရှစ်ဦးထက်မပိုသော သတ်မှတ်ချက်ဖြင့် ခန့်ထားရမည်ဖြစ်ပြီး ဘဏ်များအနေဖြင့် မြန်မာနိုင်ငံသားများကို တတ်နိုင်သမျှ ခန့်ထားရမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

အမှုဆောင်အရာရှိချုပ်ရာထူးကို နိုင်ငံခြားသားအား ခန့်အပ်ထားခြင်းဖြစ်ပါက ဒုတိယအမှုဆောင်အရာရှိချုပ်ရာထူးအား မြန်မာနိုင်ငံသားကို ခန့်အပ်ရမည်၊နိုင်ငံခြားသားဝန်ထမ်းများကို ဌာနအကြီးအကဲအဖြစ် ခန့်အပ်မည်ဆိုပါက မိမိတို့ဘဏ်ရှိ ဌာနအရေအတွက်စုစုပေါင်း၏ ရာခိုင်နှုန်း ၅၀ အထိသာ ခန့်အပ်ရမည်၊ ဌာနအကြီးအကဲသည် နိုင်ငံခြားသားဝန်ထမ်းဖြစ်ပါက ဒုတိယအကြီးအကဲသည် မြန်မာနိုင်ငံသားဖြစ်ရမည်။

ဘဏ်သည် ခန့်အပ်မည့်နိုင်ငံခြားသား ဝန်ထမ်းထံမှရရှိနိုင်သည့် မျှော်မှန်းချက် သို့မဟုတ် တာဝန်ပေးအပ်မည့် သီးခြားလုပ်ငန်း စီမံကိန်းများ၊ ကျွမ်းကျင်မှု၊ ဌာနတွင်း သင်ကြားပေးမည့်အရည်အသွေး မြှင့်တင်မှုသင်တန်းအစီအစဉ်၊ အသေးစိတ် အချက်အလက်များနှင့်အတူပူးတွဲ၍ ဗဟိုဘဏ်သို့ တင်ပြရမည် ဖြစ်သည်။

ထို့ပြင် ဘဏ်သည် မိမိခန့်အပ်ထားသည့် နိုင်ငံခြားသားဝန်ထမ်းများက မြန်မာနိုင်ငံတွင်နေထိုင်စဉ်အတွင်း တည်ဆဲဥပဒေများကို လိုက်နာ၍ သင့်လျော်စွာပြူမူနေထိုင်ရေးကို တာဝန်ယူဆောင်ရွက်ရမည်၊ နိုင်ငံခြားသားဝန်ထမ်းက မြန်မာနိုင်ငံတွင် နေထိုင်စဉ်အတွင်း တည်ဆဲဥပဒေများကို ချိုးဖောက်ကြောင်း၊ သင့်လျော်စွာပြုမူနေထိုင်မှု မရှိကြောင်းကိုတွေ့ရှိရပါက သိလျှင်သိချင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်သို့ သတင်းပေးပို့ရမည်၊ ဘဏ်သည် ခန့်အပ်ထားသည့် နိုင်ငံခြားသားဝန်ထမ်းများက မြန်မာနိုင်ငံတွင် နေထိုင်စဉ်အတွင်း တည်ဆဲဥပဒေတစ်ရပ်ရပ်ကို ဖောက်ဖျက်ကြောင်း တွေ့ရှိရပါက ယင်းအားတာဝန်မှ ချက်ချင်းရပ်ဆိုင်းရမည်စသည်တို့ ပါဝင်သည်။

ဘဏ်သည် ယခုအမှာစာပါ အချက်များအား လိုက်နာခြင်းမရှိကြောင်းတွေ့ရှိပါက ငွေရေးကြေးရေးအဖွဲ့အစည်းများဥပဒေ ၊ ပုဒ်မ ၁၅၄ အရ စီမံခန့်ခွဲရေးနည်းလမ်းတစ်ရပ်ရပ်ဖြင့် အရေးယူခြင်းခံရမည်ဖြစ်သည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ၂၀.၅.၂၀၂၀ ရက်စွဲပါ အမှာစာအမှတ်၊ မဗဘ/ MP/FIR/ ဘဏ်စိစစ်/၁(၂/ ၂၀၂၀)အား ယခုအမှာစာဖြင့် လွှမ်းမိုးပယ်ဖျက်လိုက်ကြောင်း၊ ယခုအမှာစာသည် ထုတ်ပြန်သည့်နေ့မှစ၍ အကျိုးသက်ရောက်စေမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

တမူး-မိုရေး နယ်စပ်ကုန်သွယ်ရေး ဂိတ် (၁) နှင့် ဂိတ် (၂) ကို ဆေးဝါးတင်သွင်းရန် ဖွင့်လှစ်

မြန်မာ-အိန္ဒိယ နှစ်နိုင်ငံနယ်စပ် တမူး-မိုရေးနယ်စပ် ကုန်သွယ်ရေးဂိတ်(၁)နှင့် ဂိတ်(၂)တို့အား ဆေးဝါးတင်သွင်းရန် ဖွင့်လှစ်နိုင်ပြီဖြစ်ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။

ယင်းသို့ တမူး-မိုရေး နယ်စပ်ကုန်သွယ်ရေးဂိတ်(၁)နှင့်ဂိတ်(၂)တို့အား ဆေးဝါးတင်သွင်းရန်အတွက် ဖွင့်လှစ်နိုင်ပြီဖြစ်၍ အမြန်ဆုံးတင်သွင်းရေး၊ အိန္ဒိယနိုင်ငံ ကိုးလ်ကတ္တားမြို့ဆိပ်ကမ်းတွင် ရောက်ရှိနေသော မြန်မာ့ပဲတင်ပို့သည့်သင်္ဘောသည် သြဂုတ် ၁၂ ရက်တွင် အိန္ဒိယနိုင်ငံမှ ပြန်လည်ထွက်ခွာမည်ဖြစ်၍ ဆေးဝါး၊ဆေးပစ္စည်းများ၊ ဆေးဝါးကုန်ကြမ်းပစ္စည်းများ ကုန်သေတ္တာ ၈၀ ခန့် တင်သွင်းနိုင်ကြောင်းတို့ကို ဆေးဝါးကုမ္ပဏီများသို့ အသိပေးသွားမည်ဖြစ်သည်။

“ကိုဗစ်ရောဂါကူးစက်မှုတွေကြောင့် လွန်ခဲ့တဲ့တစ်နှစ်ကျော်ကတည်းက ပိတ်ထားခဲ့တဲ့ အိန္ဒိယနယ်စပ်ကနေ ကိုဗစ်ရောဂါ ကာကွယ်ကုသရေးပစ္စည်းတွေ တင်သွင်းနိုင်ဖို့ အိန္ဒိယဘက်ကို ညှိနှိုင်းပေးတာ အဆင်ပြေခဲ့ပါပြီ။ တမူးနယ်စပ်ကတစ်ဆင့် လိုအပ်တဲ့ဆေးဝါးပစ္စည်းတွေ တင်သွင်းခွင့်ရခဲ့ပြီဖြစ်ပါတယ်” ဟု ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးအောင်နိုင်ဦးက ပြောကြားခဲ့သည်။

မြန်မာ-တရုတ်နယ်စပ် မူဆယ်နယ်စပ်ကုန်သွယ်ရေးဂိတ်မှ တင်သွင်းသောဆေးဝါးနှင့် ဆေးပစ္စည်းများကို တရုတ်ဘက်မှတင်သွင်းခွင့်မပြုကြောင်း ကောလာဟလများ ထွက်ပေါ်လာသော်လည်း ကိုဗစ်- ၁၉ ရောဂါကာကွယ်ကုသရေးဆိုင်ရာ ဆေးဝါးများပိတ်ရက်မရှိ တင်သွင်းလျက်ရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။

ပြည်သူများအတွက် အရေးတကြီး လိုအပ်လျက်ရှိသော ကိုဗစ်-၁၉ ရောဂါကာကွယ်ကုသရေး ဆေးဝါးနှင့်ဆက်စပ်ပစ္စည်းများကို ပင်လယ်ဆိပ်ကမ်းများ၊လေဆိပ်နှင့် နယ်စပ်ကုန်သွယ်ရေးစခန်းများမှ တင်သွင်းရာတွင် အဆင်ပြေစေရန်အတွက် သက်ဆိုင်ရာဝန်ကြီးဌာနများပူးပေါင်း၍ လုပ်ထုံးလုပ်နည်းများ ဖြေလျှော့ပေးခြင်း၊ သယ်ယူပို့ဆောင်ရေးနှင့် လုံခြုံရေးကိစ္စရပ်များ ဆောင်ရွက်ပေးခြင်းအပြင် လိုအပ်ပါက ပြည်ပနိုင်ငံများနှင့် သံတမန်လမ်းကြောင်းမှ ချိတ်ဆက်ကူညီပေးခြင်းများ ဆောင်ရွက်လျက်ရှိသည်။

သို့ရာတွင် မသမာသူအချို့က နိုင်ငံရေးအမြတ်ထုတ်ရန်အတွက် ပြည်သူများ စိုးရိမ်ထိတ်လန့်မှု ကြီးမားလာစေရန်လည်းကောင်း၊ ၀ိသမလောဘသားများက စီးပွားရေးအမြတ်ထုတ်ရန်အတွက် ဆေးနှင့်ဆေးပစ္စည်းမျာကို စျေးကစားလို၍လည်းကောင်း ၊ တရုတ်-မြန်မာနယ်စပ်မူ ဆယ်ကုန်သွယ်ရေးဂိတ်မှတင်သွင်းသော ဆေးဝါးနှင့်ဆေးပစ္စည်းများ တရုတ်ဖက်မှတင်သွင်းခွင့်မပြုကြောင်း ကောလာဟလသတင်းအမှားများ ထုတ်လွှင့်လာသည်ကို တွေ့ရှိရကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံအတွက် အရေးတကြီးလိုအပ်နေသော ဆေးဝါးနှင့်ဆေးပစ္စည်းများ နယ်စပ်မှတင်သွင်းရာတွင် အဆင်ပြေစေရန် ပူးပေါင်းဆောင်ရွက်၍ ခွင့်ပြုပေးလျက်ရှိကြောင်း၊ သက်ဆိုင်ရာ ဝန်ကြီးဌာနတာဝန်ရှိသူများမှလည်း ကိုဗစ်-၁၉ ရောဂါကာကွယ်ကုသရေး ဆေးဝါးနှင့်ဆေးပစ္စည်းတင်သွင်းမှုများကို ပိတ်ရက်မရှိ နေ့စဉ်ပုံမှန် ရုံးချိန်အတွင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း ထုတ်ပြန်ထားသည်။

Most Read

Most Recent