လူထုသဘောထား

လူထုသဘောထား
Published 6 August 2021

အကြောင်းအရာတစ်ရပ် (သို့မဟုတ်) ပြဿနာတစ်ရပ်နှင့် ပတ်သက်၍ လူအများစု၏ဆန္ဒများ၊ လိုလားချက်များနှင့် တွေးတောထင်မြင်မှုများကိုသော်လည်းကောင်း၊ လူ့အဖွဲ့အစည်းတစ်ရပ် (သို့မဟုတ်) နိုင်ငံတစ်နိုင်ငံရှိလူများ၏ စုပေါင်းထင်မြင်ချက်ကိုသော်လည်းကောင်း လူထုသဘောထားအမြင်ဟု ခေါ်ဆိုကြသည်။ အင်္ဂလိပ်အသုံးအနှုန်း ဖြစ်သည့် Public Opinion ဟူသည့်စကားလုံးကို ကြည့်လျှင် ၁၇ ရာစုတွေးခေါ်ရှင် ဂျွန်လော့က်၏ အရေးအသားထဲ၌ အစောဆုံးတွေ့ရှိရသည်ဟု အဆိုရှိသည်။ သူ၏ An Essay Concerning Human Understanding တွင် နိုင်ငံရေးအခင်းအကျင်း၌ လူထုတို့၏ သဘောထားအမြင်က အရေးကြီးပုံကို အစောဆုံး ထည့်သွင်းစဉ်းစားထားသည်ကို တွေ့ရှိရသည်။ သို့သော် စကားလုံးသက်သက်ကိုကြည့်လျှင် ပြင်သစ်စကားလုံးဖြစ်သော I’ opinion ကို ၁၅၈၈ ခုနှစ်တွင် မီရှယ်ဒီမွန်တိန်းက ပထမဆုံးသုံးစွဲခဲ့သည်။

လူထု၏ သဘောထားအမြင်ဟူသည့် သဘောတရားတစ်ရပ်သည် မြို့ပြယဉ်ကျေးမှု ပေါ်ထွန်းခြင်းနှင့် အခြားနိုင်ငံရေးနှင့် လူမှုရေးအင်အားစုများ ဖြစ်ပေါ်လာခြင်း ဖြစ်စဉ်တစ်လျှောက်၌ ပေါ်ထွက်လာခဲ့ခြင်းဖြစ်သည်။ နိုင်ငံရေးပြိုင်ဆိုင်မှုပုံစံများ ပြောင်းလဲလာချိန်တွင် ပထမဆုံးအဖြစ်လူအများစု၏ အတွေးများက အရေးကြီးလာခြင်းလည်းဖြစ်သည်။ ဂျာမန်လူမှုဗေဒပညာရှင် ဖာဒီနန်တိုနီက လူ့အဖွဲ့အစည်းများအတွင်း လူမှုရေးဆိုင်ရာ လုပ်ငန်းဆောင်တာများကဲ့သို့ပင် လူထု၏သဘောထားအမြင်က အရေးကြီးကြောင်း ၁၉၂၂ ခုနှစ်တွင် ထုတ်ဝေသည့် သူ၏သဘောတရားရေးရာစာအုပ်၌ ရေးသားခဲ့သည်။ ဂျာမန်လူမှုဗေဒသဘောတရားရေးရာ ပညာရှင်ဂျာဂင်ဟာဘာမက်က လူထု၏ သဘောထားအမြင်အကြောင်း ဆွေးနွေးရာတွင် လူထုရပ်ဝန်း (Public Sphere) ဟု သုံးနှုန်းခဲ့သည်။ လူထုသဘောထား ထင်မြင်ချက်များ ဖွဲ့စည်းဖြစ်ပေါ်ခြင်းဆီသို့ ဦးတည်သွားရာ၌ ယင်းလူထုရပ်ဝန်းက အရေးကြီးသည်။ ယင်းလူထုရပ်ဝန်းသည် ဘုံသဘောရပိုင်ခွင့်၊ ကျိုးကြောင်းဆီလျော်သော ငြင်းခုံမှုနှင့် အဆင့်အတန်းကို အလေးမထားမှုဟူသော စရိုက်လက္ခဏာများကို ဖော်ပြကြောင်း ဟာဘာမက်က အခိုင်အမာ ပြောကြားခဲ့သည်။ သို့သော် သူကလူထုသဘောထားအမြင်ကို အကောင်းဆုံးဖွဲ့စည်းထားသည့် ယင်းစရိုက်လက္ခဏာသုံးရပ်သည် အနောက်တိုင်း လစ်ဘရယ်ဒီမိုကရေစီနိုင်ငံများတွင် ဆက်လက်၍ တည်ရှိခြင်းမရှိတော့ဟု ယုံကြည်သည်။ အနောက်တိုင်း ဒီမိုကရေစီနိုင်ငံများတွင် လူထုသဘောထားအမြင်ကို အီလစ်များက အကြီးအကျယ်ကိုင်တွယ်ခြယ်လှယ်လာသည်ဟု ဆိုသည်။

အမေရိကန်လူမှုဗေဒပညာရှင် ဟာဘက်ဘလူမာက လူထုနှင့်ပတ်သက်၍ အတူတကွ မတူညီသော တွေးထင်ချက်တစ်ရပ်ကို အဆိုပြုခဲ့သည်။ ဘလူမာကလူထု၏ သဘောထားထင်မြင်ချက်ကို အချိန်တစ်ခု၌ သက်ဆိုင်ရာ လူထုအကြောင်းအရာတစ်ရပ်အား ဆွေးနွေးနေသူများဖြင့် ဖွဲ့စည်းထားသော အပြုအမူစုစုပေါင်း၏ ပုံစံတစ်ရပ်အဖြစ် ဆွေးနွေးခဲ့သည်။ သူ၏ဖွင့်ဆိုချက်အရ လူထုဟူသည် များစွာရှိနေပြီး ၎င်းတို့အသီးသီးသည် အကြောင်းအရာတစ်ရပ်ပေါ်ထွက်လာသည့်အခါ ဖြစ်တည်လာပြီး အကြောင်းအရာ တစ်ရပ်ကို ဖြေရှင်းသည့်အခါ ဖြစ်တည်မှု ရပ်စဲသွားသည်ဟု ဆိုသည်။ ဘလူမာကလူများသည် လူထုဟူသော အစုအဝေးထဲသို့ ကွဲပြားခြားနားသော စွမ်းရည်များနှင့် ကွဲပြားခြား နားသောအဆင့်များဖြင့် ပါဝင်ကြသည်ဟု ဆိုသည်။ ထို့ကြောင့် လူထု၏ သဘောထား ထင်မြင်ချက်စစ်တမ်းဟူသည် လူထုဟူသည်ကို တိုင်းတာနိုင်ခြင်းမရှိဟု ဆိုသည်။ “ပညာတတ်တစ်ဦး၏ ပါဝင်မှုသည် သာမန်အရပ်သားတစ်ဦး၏ ပါဝင်မှုထက် ပို၍အရေးကြီးသည်၊ လူများ လွတ်လပ်စွာ ဆုံးဖြတ်ချက်ချကြသည့် အစုအဝေးသည် အပြုအမူအပေါင်း အစုပုံစံတစ်ရပ်သာဖြစ်ပြီး လူထုဟူသည်နှင့် ကွဲပြားခြားနားသည်” ဟု ဆိုသည်။

မည်သို့ပင်ဆိုစေကာမူ လူထု၏ သဘောထား/ထင်မြင်ချက်တို့သည် နိုင်ငံရေးလောကတွင် အရေးကြီးသည်။ ပဒေသရာဇ်ခေတ်တွင် လူထု၏ထင်မြင်ချက်သဘောထားသည် အုပ်ချုပ်သူတို့ထံ ပေါက်ရောက်ချင်မှ ပေါက်ရောက်မည်ဖြစ်သည်။ လူထု၏အသံကို အုပ်ချုပ်သူများ မကြားစေရန် နံရံများစွာ ခံနေသည်။ မင်းတုန်းမင်းကြီးက “ငါမကောင်း ငါ့ကိုရေး” ဟု လမ်းဖွင့်ပေးခဲ့သည်မှန်သော်ငြား ယင်းသို့ရေးလိုက်သည့် စာသည် ဘုရင့်ထံမည်မျှပေါက်ပြီး မည်မျှထိ အရေးတယူဆောင်ရွက်ပေးခဲ့ကြောင်း မှတ်တမ်းများ နည်းပါးလှသည်။ အများပြည်သူတို့၏ ထင်မြင်ချက် Public Opinion က အရှိန်အဝါကောင်းလာလျှင်၊ အမှန်တကယ် စစ်မှန်သည့် Opinion ဖြစ်လာလျှင် ဒီမိုကရေစနစ် ထွန်းကားလာပြီဟု ဆိုရမည်ဖြစ်သည်။ လူတိုင်းတွင် ထင်မြင်ချက်တို့ ရှိနိုင်သည်။ ထုတ်ဖော်နိုင်ခြင်း ရှိမရှိနှင့် ထုတ်ဖော်ခွင့်ရှိမရှိတို့သာ ကွာခြားနိုင်သည်။        

ထို့ကြောင့် လူထု၏ သဘောထားအမြင်ဟူသည် နိုင်ငံရေးရပ်ဝန်း၌ အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်သည်သာ ဖြစ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

သြဂုတ် ၇ ရက််ထုတ် The Daily Eleven သတင်းစာ အယ်ဒီတာ့အာဘော်

Most Read

Most Recent