မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်အဖြစ် ဘရူနိုင်း ဒုတိယနိုင်ငံခြားရေးဝန်ကြီးကို အာဆီယံ ခန့်အပ်

မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်အဖြစ် ဘရူနိုင်း ဒုတိယနိုင်ငံခြားရေးဝန်ကြီးကို အာဆီယံ ခန့်အပ်
Published 4 August 2021
Ref: Reuters

အရှေ့တောင်အာရှ နိုင်ငံများအသင်း (အာဆီယံ) ၏ နိုင်ငံခြားရေး ဝန်ကြီးများသည် ဘရူနိုင်း ဒုတိယ နိုင်ငံခြားရေးဝန်ကြီး အီရီဝမ် ယူဆော့ဖ်ကို မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်အဖြစ် ခန့်အပ်ခဲ့ကြောင်း သံတမန် သတင်းရင်းမြစ် လေးဦးက ရိုက်တာသတင်းဌာနကို ပြောကြားခဲ့သည်ဟု သိရသည်။

အာဆီယံ ခေါင်းဆောင်များသည် မြန်မာနိုင်ငံဆီ အထူးကိုယ်စားလှယ် စေလွှတ်ရေးအတွက် ဧပြီလအတွင်း အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့တွင် ပြုလုပ်ခဲ့သည့် မြန်မာ့အရေး အာဆီယံ အထူးအစည်းအဝေးတွင် သဘောတူညီခဲ့ကြခြင်း ဖြစ်သည်။

မြန်မာ့တပ်မတော်သည် ယင်းနေရာအတွက် ထိုင်း ဒုတိယနိုင်ငံခြားရေးဝန်ကြီးဟောင်း ဝီရာဆက်ဒီ ဖူထရာကူးလ်ကို ထောက်ခံခဲ့ခြင်းကြောင့် အီရီဝမ်ကို အထူးကိုယ်စားလှယ်အဖြစ် အတည်ပြုခန့်အပ်ရန် ကြန့်ကြာနေခဲ့ခြင်း ဖြစ်ကြောင်း ရိုက်တာသတင်းတွင် ဖော်ပြထားသည်။

အာဆီယံအဖွဲ့ကြီးအတွင်းတွင် သဘောထားကွဲလွဲမှုများ ဖြစ်ပေါ်ခဲ့ခြင်းကြောင့် မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ခန့်အပ်ရေးအတွက် လနှင့်ချီ အချေအတင် ဆွေးနွေးခဲ့ရခြင်းဖြစ်သည်။ 

အထူးကိုယ်စားလှယ်အဖြစ် ခန့်အပ်ခံရသူသည် မြန်မာနိုင်ငံတွင် အကြမ်းဖက်မှုများ လျော့ကျရေးနှင့် တပ်မတော်ခေါင်းဆောင်များနှင့် ဖြုတ်ချခံအရပ်သားအစိုးရ တာဝန်ရှိသူများအကြား စေ့စပ်ဆွေးနွေးမှုများကို လမ်းဖွင့်ပေးရန် တာဝန်ယူ လုပ်ဆောင်ရမည်ဖြစ်သည်ဟု သိရသည်။

ကုလသမဂ္ဂ၊ အမေရိကန်နှင့် တရုတ် အပါအဝင် နိုင်ငံအများအပြားကလည်း မြန်မာနိုင်ငံတွင် အခြေအနေများ ပြန်လည်တည်ငြိမ်သွားအောင် သံတမန်နည်းအရ ကြိုးပမ်းမှုများကို ဦးဆောင်ရန် အဖွဲ့ဝင် ၁၀ နိုင်ငံပါဝင်သည့် အာဆီယံအဖွဲ့ကို တိုက်တွန်းထားသည်။

Most Read

Most Recent