နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ စီမံခန့်ခွဲရေး ကော်မတီကို အိမ်စောင့်အစိုးရအဖွဲ့ အဖြစ် ပြင်ဆင်ဖွဲ့စည်း

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ စီမံခန့်ခွဲရေး ကော်မတီကို အိမ်စောင့်အစိုးရအဖွဲ့ အဖြစ် ပြင်ဆင်ဖွဲ့စည်း
Published 1 August 2021

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ချမှတ်ထားသည့် ရှေ့လုပ်ငန်းစဉ် ၅ ရပ်၊ ဦးတည်ချက် ၉ ရပ်တို့နှင့်အညီ နိုင်ငံတော်တာဝန်ကို ပိုမို လွယ်ကူ၊ လျင်မြန်၊ ထိရောက်စွာ ဆောင်ရွက်နိုင်ရန်အတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ စီမံခန့်ခွဲရေးကော်မတီကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အိမ်စောင့်အစိုးရအဖွဲ့အဖြစ် ပြင်ဆင်ဖွဲ့စည်းလိုက်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ထုတ်ပြန်လိုက်သည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အမိန့်အမှတ် (၁၅၂/၂၀၂၁)ဖြင့် သြဂုတ်လ ၁ ရက်နေ့တွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အိမ်စောင့်အစိုးရအဖွဲ့ ပြင်ဆင်ဖွဲ့စည်းခြင်းကို ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါထုတ်ပြန်ချက်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ ဒုတိယဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုရှေ့နေချုပ်၊ အမြဲတမ်းအတွင်းဝန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအုပ်ချုပ်မှုရုံး၊ စသည့်ပုဂ္ဂိုလ်များ ပါဝင်သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ စီမံခန့်ခွဲရေးကော်မတီကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁၉ ရက် ရက်စွဲပါ အမိန့်ကြေညာစာအမှတ် ၉/၂၀၂၁ ဖြင့် ဖွဲ့စည်းခဲ့ကြောင်း ဖော်ပြပါရှိသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ချမှတ်ထားသည့် ရှေ့လုပ်ငန်းစဉ်(၅)ရပ်၊ ဦးတည်ချက်(၉)ရပ်တို့နှင့်အညီ နိုင်ငံတော်တာဝန်များကို ပိုမိုလွယ်ကူ၊ လျင်မြန်၊ ထိရောက်စွာ ဆောင်ရွက်နိုင်ရန်အတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ စီမံခန့်ခွဲရေးကော်မတီကို ''ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အိမ်စောင့်အစိုးရ'' အဖြစ် ဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌသည် နိုင်ငံတော်ဝန်ကြီးချုပ်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌသည် ဒုတိယဝန်ကြီးချုပ်၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုရှေ့နေချုပ်၊ အိမ်စောင့်အစိုးရအဖွဲ့ရုံး အမြဲတမ်းအတွင်းဝန် စသည်ဖြင့် ပြင်ဆင်ဖွဲ့စည်းလိုက်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

ထို့ပြင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အမိန့်အမှတ် ၁၅၃/၂၀၂၁ ဖြင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် အစိုးရအဖွဲ့များ ပြင်ဆင်ဖွဲ့စည်းခြင်းကို ထုတ်ပြန်ခဲ့ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်များ၏ အုပ်ချုပ်ရေးဆိုင်ရာများကို အကောင်အထည်ဖော်ဆောင်ရွက် နိုင်ရန်အတွက် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီများကို ဖွဲ့စည်တာဝန်ပေးအပ်ခဲ့ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ချမှတ်ထားသည့် ရှေ့လုပ်ငန်းစဉ်(၅)ရပ်၊ ဦးတည်ချက်(၉)ရပ်တို့နှင့်အညီ နိုင်ငံတော်တာဝန်များကို ပိုမိုလွယ်ကူ၊ လျင်မြန်၊ ထိရောက်စွာ ဆောင်ရွက်နိုင်ရန်အတွက် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီများကို ''တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် အစိုးရအဖွဲ့'' များအဖြစ် ဝန်ကြီးချုပ်၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဌာန ဝန်ကြီး၊ စီးရေးရာဝန်ကြီးဌာန ဝန်ကြီး၊ သယံဇာတရေးရာဝန်ကြီးဌာန ဝန်ကြီး၊ လူမှုရေးရာဝန်ကြီးဌာန ဝန်ကြီး၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာန ဝန်ကြီး၊ တိုင်းရင်းသားရေးရာဝန်ကြီးဌာန ဝန်ကြီး၊ ဥပဒေချုပ် စသည့်တို့ဖြင့် ပြင်ဆင်ဖွဲ့စည်းလိုက်ကြောင်း ထုတ်ပြန်ထားသည်။

ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့တွင် စည်ပင်သာယာရေးဝန်ကြီးဌာန ဝန်ကြီးကို ထည့်သွင်းဖွဲ့စည်းရမည်ဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့၏ စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ(မြို့တော်ဝန်)များသည် စည်ပင်သာယာရေးဝန်ကြီးများဖြစ်ကြောင်းနှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးမှူးသည် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့၏ အတွင်းရေးမှူးဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

Most Read

Most Recent