ထာဝရငြိမ်းချမ်းရေးရရှိနိုင်သော နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှု အမြန်ဆုံးဖော်ဆောင်ရန်နှင့် တည်ငြိမ်အေးချမ်းသော နိုင်ငံရေးအခင်းအကျင်းသစ် ပေါ်ပေါက်ရေး အမြန်ဆုံးဆောင်ရွက်ကြရန် ANP ပါတီ တိုက်တွန်း

ထာဝရငြိမ်းချမ်းရေးရရှိနိုင်သော နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှု အမြန်ဆုံးဖော်ဆောင်ရန်နှင့် တည်ငြိမ်အေးချမ်းသော နိုင်ငံရေးအခင်းအကျင်းသစ် ပေါ်ပေါက်ရေး အမြန်ဆုံးဆောင်ရွက်ကြရန် ANP ပါတီ တိုက်တွန်း
Published 28 July 2021

ထာဝရငြိမ်းချမ်းရေးရရှိနိုင်သော နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုအား အမြန်ဆုံး ဖော်ဆောင်ရန်နှင့် တည်ငြိမ်အေးချမ်းသော နိုင်ငံရေးအခင်းအကျင်းသစ် ပေါ်ပေါက်ရေးအတွက် အမြန်ဆုံးဆောင်ရွက်ကြရန် ရခိုင်အမျိုးသားပါတီ (ANP) က ဇူလိုင် ၂၇ ရက် သဘောထားကြေညာချက်ထုတ်ပြန်ကာ တိုက်တွန်းခဲ့သည်။

ရခိုင်အမျိုးသားပါတီသည် မြန်မာ့နိုင်ငံရေးဖြစ်စဉ်နှင့်ပတ်သက်၍ ရခိုင်ပြည်သူများ၏ သီးခြားဆန်သော ဖြစ်တည်မှုကို အခြေခံကာ အပြုသဘောဆောင်၍ ချဉ်းကပ်ခဲ့ကြောင်း ANP ပါတီက ထုတ်ပြန်သည်။

မြန်မာနိုင်ငံသည် ၂၀၂၀ ရွေးကောက်ပွဲကြောင့် ဖြစ်ပွားနေသည့် နိုင်ငံရေးပြဿနာ ရှုပ်ထွေးမှုများနှင့်အတူ အပြုသဘောဆောင်သော နိုင်ငံရေးအခြေအနေတစ်ရပ်မှ အလုံးစုံပျက်သုဉ်းရေးသို့ ဦးတည်နေကြောင်း၊ ရွေးကောက်ပွဲရလဒ်အား ဖျက်သိမ်းလိုက်ခြင်းသည် နိုင်ငံရေးအကျပ်အတည်းကို ပိုမိုဆိုးရွားသွားစေနိုင်ကြောင်း ANP ပါတီ၏ သဘောထားထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

နိုင်ငံတစ်ဝှမ်းဖြစ်ပွားနေသော တိုက်ပွဲများကြောင့် မိမိရပ်ရွာ၊ အိုးအိမ်၊ အလုပ်အကိုင်များကို စွန့်ခွာပြီး တိမ်းရှောင်နေရသည့် ပြည်သူများသည် စားသောက်နေထိုင်ရေး အခက်အခဲများဖြင့် ရင်ဆိုင်နေရချိန်တွင် COVID-19 ကပ်ရောဂါ တတိယလှိုင်း ကူးစက်ခံရမှုကြောင့် အသက်ဆုံးရှုံးမှုများလည်း ကြုံတွေ့နေရကြောင်း ANP ပါတီ၏ သဘောထားထုတ်ပြန်ချက်တွင် ပါရှိသည်။

ထို့ကြောင့် အခက်အခဲပေါင်းများစွာနှင့် ကြုံတွေ့နေရသည့် ပြည်သူများ၏ အရေးကိုရှေးရှု၍ လူသားမျိုးနွယ်၏ အသက်ကို ခြိမ်းခြောက်နေသည့် COVID-19 ရောဂါသည် မြန်မာပြည်သူများကို အကြင်နာ ကင်းမဲ့စွာ နေ့စဉ်နှင့်အမျှ သတ်ဖြတ်နေကြောင်း၊ ခိုကိုးရာမဲ့ဖြစ်နေကြသည့် ပြည်သူများ၏ လိုအပ်ချက်ကို ကူညီပံ့ပိုးရန်ဆန္ဒရှိသော မည်သည့်အဖွဲ့အစည်းကိုမဆို လူသားချင်းစာနာသည့် အကူအညီအထောက်အပံ့များ ပေးနိုင်ရေးအတွက် အမြန်ဆုံးစီစဉ်ဆောင်ရွက်ပေးရန် ANP ပါတီက တောင်းဆိုသည်။

နိုင်ငံအနှံ့ဖြစ်ပွားလျက်ရှိသော တိုက်ပွဲများကြောင့် ကျီးလန့်စာစားဖြစ်နေရသည့် သိန်းနှင့်ချီသော ဒုက္ခသည်များအား လူသားဆန်စွာ အတည်တကျနေထိုင်နိုင်ရေးအတွက် ထပ်တိုးတစ်လ အပစ်အခတ်ရပ်စဲရေး မဟုတ်ဘဲ ထာဝရငြိမ်းချမ်းရေးရရှိနိုင်သော နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှု အမြန်ဆုံး ဖော်ဆောင်ကြရန် ANP ပါတီက တိုက်တွန်းသည်။

ထို့ပြင် တိုင်းရင်းသားပြည်သူများ၏ ဆန္ဒနှင့်အညီ ကောင်းမွန်သော နိုင်ငံတော် တည်ဆောက်ရေး အခြေအနေတစ်ရပ် ဖြစ်ပေါ်ရေးအတွက် ပြည်သူ့အကျိုးကို ရှေးရှု၍ ပတ်သက်သူများအားလုံး ပါဝင်နိုင်သည့် တည်ငြိမ်အေးချမ်းသော နိုင်ငံရေးအခင်းအကျင်းသစ်တစ်ရပ် ပေါ်ပေါက်လာစေရေး အမြန်ဆုံးဆောင်ရွက်ကြရန် လိုအပ်ကြောင်းလည်း ANP ပါတီက အကြံပြု တိုက်တွန်းသည်။

Most Read

Most Recent