ကိုရိုနာဗိုင်းရပ်စ်နှင့် စီးပွားရေး

ကိုရိုနာဗိုင်းရပ်စ်နှင့် စီးပွားရေး
Published 28 July 2021

ကမ္ဘာ့ဘဏ်၏ ဇူလိုင် ၂၆ ရက်တွင် ထုတ်ပြန်လိုက်သော မြန်မာ့စီးပွားရေး စောင့်ကြည့်အစီရင်ခံစာအရ လက်ရှိရင်ဆိုင်နေရသော လူ့အသက်များ၊ သက်မွေးဝမ်းကျောင်း လုပ်ငန်းများ၊ ဆင်းရဲမွဲတေမှုနှင့် အနာဂတ်ဖွံ့ဖြိုးတိုးတက်မှုတို့ကို ထိခိုက်စေသည့် အခြေအနေများစွာကြောင့် မြန်မာနိုင်ငံ၏ ၂၀၂၁ ဘဏ္ဍာနှစ် (အောက်တိုဘာ ၂၀၂၀ - စက်တင်ဘာ ၂၀၂၁) တွင် စီးပွားရေးသည် ၁၈ ရာခိုင်နှုန်းခန့် ကျုံ့သွားမည်ဟု ခန့်မှန်းထားသည်။

မြန်မာနိုင်ငံ၌ ဆက်လက်ဖြစ်ပွားနေသော နိုင်ငံရေးကသောင်းကနင်းဖြစ်မှုနှင့် လျင်မြန်စွာမြင့်တက်လာနေသည့် ကိုဗစ်- ၁၉ တတိယလှိုင်း ကူးစက်ပြန့်ပွားမှုများကြောင့် ၂၀၂၀ ခုနှစ်ကပင် ကမ္ဘာ့ကပ်ရောဂါကြောင့် အားနည်းနေခဲ့သည့် မြန်မာ့စီးပွားရေးအား ဆိုးရွားစွာထိခိုက်စေခဲ့သည်။ ၁၈ ရာခိုင်နှုန်း ထပ်မံကျုံ့သွားမည် ဆိုခြင်းသည် ၂၀၂၀ ဘဏ္ဍာနှစ်တွင် ကြုံတွေ့ခဲ့ရသည့် အားနည်းသွားသော ဖွံ့ဖြိုးတိုးတက်မှုပေါ်တွင် နိုင်ငံစီးပွားရေးအနေဖြင့် ကိုဗစ်- ၁၉ နှင့် ဖေဖော်ဝါရီလ နိုင်ငံရေးအခြေအနေများ မဖြစ်ပွားခဲ့ပါက ရှိသင့်သည့်ပမာဏထက် ရာခိုင်နှုန်း ၃၀ ပိုမိုသေးငယ်သွားမည်ဟု ဆိုလိုသည်။ အလုပ်အကိုင် တစ်သန်းခန့် ဆုံးရှုံးသွားနိုင်ပြီး လုပ်သားအများအပြားသည် အလုပ်ချိန် သို့မဟုတ် လစာလျှော့ချခံရနိုင်ကာ ဝင်ငွေလျော့ကျမှုကို တွေ့ကြုံရနိုင်သည်။ ၂၀၁၉ ခုနှစ် အဆင့်နှိုင်းယှဉ်လျှင်  ဆင်းရဲနွမ်းပါးသည့်အခြေအနေသို့ ကျရောက်မည့် မြန်မာ့လူဦးရေသည် ၂၀၂၂ ခုနှစ် အစောပိုင်းတွင် နှစ်ဆမြင့်တက်သွားနိုင်ခြေရှိသည်ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။

ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုကြောင့် ကမ္ဘာ့စီးပွားရေးသည် နာလန်ထရန် လာမည့်နှစ်အတန်ကြာ အချိန်ယူရမည်ဟု စီးပွားပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးမှုအဖွဲ့ OECD က ဧပြီ ၂၃ ရက်ကတည်းက သတိပေးခဲ့သည်။ OECD အတွင်းရေးမှူးချုပ် အိန်ဂျယ်ဂါရီယာက စီးပွားရေးရှော့ရမှုသည်လည်း စီးပွားရေးပျက်ကပ်ထက် ပို၍ကြီးထွားနှင့်ခဲ့ပြီးဖြစ်သည်ဟု ပြောကြားခဲ့သည်။ “ နိုင်ငံတွေအနေနဲ့ အလျင်အမြန် ပြန်ထနိုင်လိမ့်မယ်လို့ ယုံကြည်တာဟာ ဖြစ်စေချင်တာကို တွေးတာမျိုးပါပဲ” ဟု ၎င်းက BBC သတင်းဌာနသို့ ပြောကြားခဲ့သည်။ ဗိုင်းရပ်စ်ရောဂါကို အရှိန်အဟုန်မြှင့်စစ်ဆေးဖော်ထုတ်ခြင်းနှင့် ကုသခြင်းတို့ သေချာစေရန်အတွက် သုံးစွဲမှုများကို မြှင့်တင်ရေးကိုလည်း OECD က အစိုးရအဖွဲ့များကို တောင်းဆိုခဲ့သည်။

ပြင်းထန်သည့် ရောဂါကူးစက်ပျံ့နှံ့မှုကြောင့် ကမ္ဘာ့စီးပွားရေးကြီးထွားမှုသည် ၁.၅ ရာခိုင်နှုန်း ကျဆင်းသွားနိုင်သည်ဟု ယခင်က ခန့်မှန်းထားမှုသည် အကောင်းမြင်လွန်းခြင်း ဖြစ်သည်ဟုလည်း ဂါရီယာက သတိပေးခဲ့သည်။ အလုပ်အကိုင်ဆုံးရှုံးမှုများနှင့် ကုမ္ပဏီများ၏ ကျရှုံးမှုများမှာ အရေအတွက်အရ သေချာစွာ သိရှိရခြင်း မရှိသေးသော်လည်း နိုင်ငံများအနေဖြင့် စီးပွားရေးထိုးကျမှုများကို လာမည့်နှစ်ပေါင်းအတန်ကြာ ရင်ဆိုင်ရလိမ့်မည်ဟု ဂါရီယာက ပြောကြားခဲ့သည်။ ကမ္ဘာ့စီးပွားရေးအင်အားအကြီးဆုံး နိုင်ငံများစွာသည် လာမည့်လများတွင် စီးပွားရေးပျက်ကပ်အတွင်း သက်ဆင်းရလိမ့်မည်ဖြစ်ကြောင်းနှင့် သုံးလပတ် နှစ်ခုဆက်တိုက် ကျဆင်းလိမ့်မည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

“တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ စီးပွားရေးပျက်ကပ်တစ်ရပ် မကြုံတွေ့ရဘူးဆိုရင်တောင် ပိုပြီးကြီးမားတဲ့ နိုင်ငံတချို့အပါအဝင် ကမ္ဘာ့နိုင်ငံတော်တော်များများရဲ့ စီးပွားရေးမှာ ကြီးထွားမှု မရှိတာမျိုးနဲ့ အနုတ်လက္ခဏာပြတာမျိုး ဖြစ်လာပါမယ်။ ဒါကြောင့် ဒီနှစ်မှာ စီးပွားရေးကြီးထွားမှု နိမ့်ပါးတာကိုသာမက နောက်လာမည့်အနာဂတ်မှာ နာလန်ထဖို့ ပိုပြီး အချိန်ကြာကြာယူရမှာကိုပါ ကြုံတွေ့ရပါလိမ့်မယ်” ဟုလည်း ၎င်းက ပြောကြားခဲ့သည်။ ဗိုင်းရပ်စ်ရောဂါ ကူးစက်ပျံ့နှံ့မှုကြောင့် ဖြစ်ပေါ်သည့် စီးပွားရေးမရေရာမှုက နိုင်ငံများအနေဖြင့် စက်တင်ဘာ ၁၁ အကြမ်းဖက်တိုက်ခိုက်မှု သို့မဟုတ် ၂၀၀၈ စီးပွားရေး ပျက်ကပ်အတွင်းကထက် ပိုမိုကြီးမားသည့် ရှော့ကို ခံစားရနှင့်ပြီးဖြစ်သည့်သဘောကို ပြနေကြောင်းလည်း ဂါရီယာက ပြောကြားခဲ့သည်။

“ လူဘယ်လောက်များများဟာ အလုပ်လက်မဲ့ဖြစ်သွားသလဲ ကျွန်တော်တို့ မသိတာကြောင့် အလုပ်လက်မဲ့ပြဿနာကို ဖြေရှင်းဖို့ ဘယ်လောက်ကြာအောင် အချိန်ယူရမယ်ဆိုတာ ကျွန်တော်တို့ မသိတာက အကြောင်းရင်းတစ်ရပ် ဖြစ်ပါလိမ့်မယ်။ ထိခိုက်ခံစားရနှင့်ပြီးဖြစ်တဲ့ သိန်းနဲ့ချီတဲ့ အငယ်စားနဲ့ အလတ်စားလုပ်ငန်းတွေကို ကုစားဖို့ ဘယ်လောက်ကြာအောင် အချိန်ယူရမယ်ဆိုတာလည်း ကျွန်တော်တို့ မသိပါဘူး” ဟု ၎င်းက ပြောကြားခဲ့သည်။

ကမ္ဘာတစ်လွှားရှိ အစိုးရအဖွဲ့များသည် ရောဂါကူးစက်ပျံ့နှံ့မှုအတွင်း အလုပ်သမားများနှင့် လုပ်ငန်းများကို ထောက်ပ့ံရန် ကြိုတင်ရည်ရွယ်ထားခြင်းမရှိသည့် ခြေလှမ်းများကို လှမ်းခဲ့ကြရသည်။ ဥပမာအားဖြင့် ဗြိတိန်မှ မူဝါဒချမှတ်သူများသည် ကိုရိုနာဗိုင်းရပ်စ် ပိုးကူးစက်ပျံ့နှံ့နေမှုကြောင့် အလုပ်မဆင်းရသည့် လုပ်သားများအတွက် လုပ်ခလစာများကို ပေးချေပေးမည်ဟု ကတိပြုထားပြီးဖြစ်သည်။ စီးပွားရေးအကျပ်အတည်းကို ကိုင်တွယ်ရန်အတွက် ကျွန်တော်တို့ ရသမျှအရာရာကို အဲ့ဒီထဲကို ထည့်ရမယ်” ဟု ပြောကြားလျက် အစိုးရအဖွဲ့များအနေဖြင့် ငွေချေးရေးစည်းမျဉ်းများကို မြှင့်တင်ဆောင်ရွက်ရန် ဂါရီယာက တိုက်တွန်းခဲ့သည်။ သို့သော် ပိုမိုကြီးမားသော လိုငွေပြမှုနှင့် ပိုမိုကြီးမားသော အကြွေးစုပုံလာမှုတို့က အကြွေးတင်နေသည့် နိုင်ငံများအပေါ် လာမည့်နှစ်များအတွင်း အကြီးအကျယ် ဝန်ပိစေလိမ့်မည် ဖြစ်ကြောင်းကိုမူ သတိပေးခဲ့သည်။

မည်သို့ပင်ဆိုစေကာမူ မလွဲမသွေ ဖြစ်ပေါ်လာမည့် စီးပွားရေးကျဆင်းမှုကို ကုစားရန် မြန်မာနိုင်ငံမှ မူဝါဒချမှတ်သူများအနေဖြင့် သင့်တော်မှန်ကန်သည့် မူဝါဒများ ချမှတ် အကောင်အထည်ဖော်ရန် မဖြစ်မနေ လိုအပ်နေပြီဖြစ်ပါကြောင်း The Daily Eleven သတင်းစာမှ ရေးသားအပ်ပါသည်။

ဇူလိုင်လ ၂၉ ရက်နေ့ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့အာဘော်

Most Read

Most Recent