အာဂျင်တီးနားကလပ် ဘိုကာဂျူနီယာအသင်းမှ ကစားသမား (၆)ဦးနှင့် တာဝန်ရှိသူများသည် ဘရာဇီးလ်ရဲတပ်ဖွဲ့နှင့် ပြဿနာဖြစ်ပွားသဖြင့် စွဲချက်တင်ခံထားရကြောင်း သိရသည်။
ဘိုကာဂျူနီယာအသင်းသည် ကိုပါလီဘာတာဒိုးစ်ဖလားပြိုင်ပွဲ (၁၆) သင်းအဆင့် ဒုတိယအကျော့အဖြစ် ဇူလိုင် (၂၀) ရက်က ဘရာဇီးလ်ကလပ် အက်သလက်တီကိုမင်နဲရိုးအသင်းနှင့် ယှဉ်ပြိုင်ကစားခဲ့သည်။
ဘိုကာဂျူနီယာနှင့် မင်နဲရိုးအသင်းသည် နှစ်ကျော့စလုံး ဂိုးမရှိသရေကျခဲ့ပြီး ပယ်နယ်တီအဆုံးအဖြတ်တွင် မင်နဲရိုးအသင်းက (၃-၁) ဂိုးဖြင့် အနိုင်ရကာ ကွာတားဖိုင်နယ်တက်ရောက်ခွင့်ရခဲ့သည်။
ဘိုကာဂျူနီယာအသင်းသည် နှစ်ကျော့စလုံးတွင် ဂိုးသွင်းယူနိုင်သော်လည်း VAR ဆုံးဖြတ်ချက်ဖြင့် ပယ်ဖျက်ခံရသောကြောင့် ဒုတိယအကျော့ပွဲအပြီးတွင် ဒေါသပေါက်ကွဲခဲ့ပြီး ပြိုင်ဘက်ကစားသမားများနှင့် ရဲတပ်ဖွဲ့ဝင်များကိုပါ တိုက်ခိုက်ခဲ့ကြသည်။
ထို့ကြောင့် ကစားသမား (၆)ဦးနှင့် တာဝန်ရှိသူများကို စွဲချက်တင်ခဲ့ခြင်းဖြစ်သည်။
အက်သလက်တီကိုမင်နဲရိုးအသင်းက ဘိုကာဂျူနီယာကစားသမားများသည် အဝတ်လဲခန်းကို ဖျက်ဆီးရန် ကြိုးပမ်းခဲ့ကြောင်းနှင့် ရေအေးစက်ကို ဖျက်ဆီးခဲ့ကြောင်း Twitter တွင် ရေးသားခဲ့သည်။
ဘိုကာဂျူနီယာအသင်းသည် ယင်းညက စုံစမ်းစစ်ဆေးမှုများ ခံယူခဲ့ရသဖြင့် ရဲစခန်းအပြင်ဘက် ဘတ်စ်ကားပေါ်တွင် အချိန်ကုန်ဆုံးခဲ့ရကြောင်း သိရသည်။