မြန်မာ့တပ်မတော် ခေါင်းဆောင်များသည် ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီးနေရာအား အစားထိုးခန့်အပ်ရန် ထပ်မံကြိုးပမ်းနေကြောင်း AP သတင်းဌာန၏ ဖော်ပြချက်အရ သိရသည်။
တပ်မတော်တွင် ၂၆ နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့ပြီး ယခုနှစ်ထဲတွင် အနားယူခဲ့သည့် ဦးအောင်သူရိန်အား မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်သည် ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ် အစားထိုးခန့်ထားပေးရန် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်ထံ စာတစ်စောင် ပေးပို့ထားကြောင်း သိရသည်။
လက်ရှိ အသိအမှတ်ပြုထားသည့် ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းသည် ရာထူးတာဝန်နှင့်လုပ်ပိုင်ခွင့် အလွဲသုံးစားလုပ်မှုကြောင့် ၂၀၂၁ ဖေဖော်ဝါရီ ၂၇ ရက်ကတည်းက ရာထူးမှ ထုတ်ပယ်ထားပြီးဖြစ်ကြောင်းလည်း ဦးဝဏ္ဏမောင်လွင်က ပူးတွဲစာတစ်စောင် ရေးသားထားကြောင်း သတင်းတွင် ဖော်ပြထားသည်။
ဖေဖော်ဝါရီ ၂၆ ရက်က ကုလသမဂ္ဂ အထွေထွေညီလာခံတွင် မြန်မာ့အရေး ဆွေးနွေးမှုအတွင်း မိန့်ခွန်းပြောကြားရာ၌ ဦးကျော်မိုးထွန်းက မြန်မာနိုင်ငံတွင် ဒီမိုကရေစီ ပြန်လည်ဖော်ဆောင်ရေးအတွက် အပြင်းထန်ဆုံး တုံ့ပြန်မှုမျိုးလုပ်ဆောင်သွားရန် နိုင်ငံတကာအသိုက်အဝန်းကို တိုက်တွန်းခဲ့ကြောင်း သိရသည်။
ထို့ပြင် ဖေဖော်ဝါရီ ၁ ရက်ဖြစ်စဉ်ကို ပြင်းပြင်းထန်ထန်ရှုတ်ချရန်၊ တပ်မတော်အစိုးရကို အသိအမှတ်မပြုရန်နှင့် ဒေါ်အောင်ဆန်းစုကြည်၏ NLD ပါတီ အနိုင်ရခဲ့သည့် ၂၀၂၀ နိုဝင်ဘာလ ရွေးကောက်ပွဲရလဒ်ကို တပ်မတော်ခေါင်းဆောင်များ လေးစားမှုရှိလာအောင် လုပ်ဆောင်သွားရန် ကမ္ဘာ့နိုင်ငံ အားလုံးအား ၎င်းက တိုက်တွန်းခဲ့ကြောင်းလည်း သိရသည်။
တပ်မတော်က ဦးကျော်မိုးထွန်းကို ဖယ်ရှားရန် ပြီးခဲ့သည့်တစ်ကြိမ် ကြိုးပမ်းမှုမှာမူ အောင်မြင်မှုမရခဲ့ကြောင်း အေပီသတင်းတွင် ဖော်ပြထားသည်။
အဖွဲ့ဝင် ၁၉၃ နိုင်ငံပါဝင်သည့် ကုလသမဂ္ဂအထွေထွေညီလာခံသည် သံတမန်များ ခန့်အပ်အတည်ပြုမှုကို တာဝန်ယူကြီးကြပ်ရပြီး သံအမတ်အဖြစ် အသိအမှတ်ပြု လက်ခံရန် တောင်းဆိုမှုကို အဖွဲ့ဝင်ကိုးနိုင်ငံပါသည့် Credentials Committee ထံ အရင်ဆုံး ပေးပို့ရမည်ဖြစ်ကြောင်း သိရသည်။
ယခုနှစ်၏ အဖွဲ့ဝင်များမှာ ကင်မရွန်း၊ တရုတ်၊ အိုက်စ်လန်၊ ပါပူအာနယူးဂီနီ၊ ရုရှား၊ ထရီနီဒတ်နှင့် တိုဘာဂို၊ တန်ဇန်းနီးယား၊ အမေရိကန် ပြည်ထောင်စုနှင့် ဥရုဂွေးနိုင်ငံတို့ ဖြစ်သည်။
ကုလသမဂ္ဂ၏ လက်ထောက်ပြောခွင့်ရ ဖာဟန်ဟက်ကလည်း ၎င်းသိထားသလောက် Credentials Committee အစည်းအဝေးပြုလုပ်ရန် စီစဉ်ထားခြင်းမျိုး မရှိသေးဘူးဟု ဆိုသည်။
လန်ဒန်အခြေစိုက် Myanmar Accountability Project ကမူ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ် ဦးကျော်မိုးထွန်းနှင့် ဗြိတိန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်စွာမင်းတို့၏ နေရာတွင် အစားထိုးခန့်အပ်ရန် တပ်မတော်၏ကြိုးပမ်းမှုများကို ရှုတ်ချခဲ့သည်ဟု သိရသည်။
မြန်မာ့တပ်မတော်သည် ဦးကျော်စွာမင်း၏ နေရာတွင် လေတပ်တိုက်လေယာဉ်မှူးဟောင်း ဦးထွန်းအောင်ကျော်နှင့် အစားထိုးရန် ကြိုးပမ်းနေခြင်းဖြစ်ကြောင်းလည်း Myanmar Accountability Project ၏ ဒါရိုက်တာဖြစ်သူ ခရစ္စဂန်းနက်စ်က ပြောကြားသည်။
ထို့ပြင် ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်နှင့် တခြားခေါင်းဆောင်များသည် မြန်မာနိုင်ငံ၏ ဖေဖော်ဝါရီ ၁ ရက် ဖြစ်စဉ်ကို ရှုတ်ချခဲ့ပြီး မြန်မာ့တပ်မတော်ခေါင်းဆောင်များနှင့် ၎င်းတို့၏ စီးပွားရေးအကျိုးစီးပွားများအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ထားပြီး ဖြစ်ကြောင်းလည်း ဂန်းနက်စ်က ပြောကြားသည်။
ထို့ပြင် ကုလသမဂ္ဂတွင် ဗြိတိန်၏သြဇာကို အသုံးပြုပြီး Credentials Committee က ဦးအောင်သူရိန်ကို အသိအမှတ်ပြုခြင်း မရှိအောင် လုပ်ဆောင်သွားရန်လည်း ၎င်းက ဗြိတိန်အစိုးရကို တိုက်တွန်းခဲ့ကြောင်း AP သတင်းတွင် ဖော်ပြထားသည်။