၂၀၂၂ ခုနှစ်တွင် စာချုပ်သက်တမ်းကုန်ဆုံးမည့် ပေါ့ဘာကို ယခုနွေရာသီအပြောင်းအရွှေ့တွင် ရောင်းထုတ်ရန် မန်ယူအသင်း စီစဉ်

၂၀၂၂ ခုနှစ်တွင် စာချုပ်သက်တမ်းကုန်ဆုံးမည့် ပေါ့ဘာကို ယခုနွေရာသီအပြောင်းအရွှေ့တွင် ရောင်းထုတ်ရန် မန်ယူအသင်း စီစဉ်
Photo: Getty Images
Photo: Getty Images
Published 22 July 2021

မန်ယူအသင်းသည် လာမည့် ၂၀၂၂ ခုနှစ်တွင် အသင်းနှင့်စာချုပ်သက်တမ်းကုန်ဆုံးမည့် ပြင်သစ်ကွင်းလယ်လူ ပေါ့ဘာကို ပြောင်းရွှေ့ကြေးအလွတ်ဖြင့် လက်လွှတ်လိုခြင်းမရှိသည့်အတွက် ယခုနွေရာသီအပြောင်းအရွှေ့ကာလတွင် ရောင်းထုတ်ရန် စီစဉ်နေကြောင်း ဗြိတိန်သတင်းစာ Daily Mail က ဖော်ပြခဲ့သည်။

မန်ယူအသင်းသည် ၂၀၁၆ နွေရာသီအပြောင်းအရွှေ့ကာလတွင် ဂျူဗင်တပ်စ်အသင်းမှ ကလပ်စံချိ်န်တင်ပြောင်းရွှေ့ကြေး ပေါင် (၈၉)သန်းဖြင့် ခေါ်ယူထားသည့် ပေါ့ဘာကို စာချုပ်သက်တမ်းတိုးရန် စီစဉ်နေသော်လည်း ကစားသမားဘက်က စာချုပ်သစ်ချုပ်ရန် ဆန္ဒမရှိကြောင်း သိရှိရသည်။

ပေါ့ဘာသည် မန်ယူအသင်းတွင် တစ်ပတ်လစာ ပေါင် (၂၉၀၀၀၀) ရရှိနေသူဖြစ်ပြီး ၎င်း၏လက်ရှိ စာချုပ်မှာ ၂၀၂၂ ခုနှစ်တွင် ကုန်ဆုံးမည်ဖြစ်သည်။

ထို့ကြောင့် မန်ယူအသင်းအနေဖြင့် ပေါ့ဘာအား စာချုပ်သစ်ချုပ်ဆိုနိုင်ခြင်းမရှိပါက ၂၀၂၂ နွေရာသီအပြောင်းအရွှေ့ကာလတွင် ပြောင်းရွှေ့ကြေးအလွတ်ဖြင့် လက်လွှတ်ရဖွယ်ရှိနေသည်။

ပေါ့ဘာသည် ၂၀၁၂ ခုနှစ်ကလည်း မန်ယူအသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးပြီးနောက် ဂျူဗင်တပ်စ်အသင်းသို့ ပြောင်းရွှေ့ကြေးအလွတ်ဖြင့် ပြောင်းရွှေ့ခဲ့ဖူးသူဖြစ်ပြီး မန်ယူအသင်းသည် ထိုစဉ်က ပေါ့ဘာအတွက် လျော်ကြေးပေါင်(၈၀၀၀၀၀) သာ ရရှိခဲ့ဖူးကြောင်း သိရသည်။ 

ထို့ကြောင့် မန်ယူအသင်းသည် ပေါ့ဘာကို နောက်တစ်ကြိမ်ပြောင်းရွှေ့ကြေးအလွတ်ဖြင့် ဆုံးရှုံးရခြင်းမရှိစေရန်အတွက် ယခုနွေရာသီအပြောင်းအရွှေ့ကာလတွင် ရောင်းထုတ်ရန် စီစဉ်လာခြင်းဖြစ်ကြောင်း Daily Mail က ဖော်ပြခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် ပေါ့ဘာအား ခေါ်ယူရန် ပြင်သစ်ထိပ်သီး PSG အသင်းက စိတ်ဝင်စားနေပြီး ပေါင် (၄၃)သန်းဖြင့် ခေါ်ယူရန် ကြိုးပမ်းလာနိုင်ကြောင်း ဗြိတိန်မီဒီယာများက ဖော်ပြနေကြသည်။

ပေါ့ဘာအား ခေါ်ယူရန် စပိန်နှင့် အီတလီထိပ်သီးကလပ်များက စိတ်ဝင်စားခဲ့ကြသော်လည်း လက်ရှိတွင် PSG အသင်းမှာ အဖြစ်နိုင်ဆုံးဖြစ်ပြီး  PSG အသင်းသည် ၎င်းကိုခေါ်ယူရန် အေးဂျင့်ဖြစ်သူ ရိုင်ယိုလာနှင့်ဆွေးနွေးမှုများပြုလုပ်နေကြောင်း သိရသည်။