မန်ယူအသင်း၏ အင်္ဂလန်လက်ရွေးစင်နောက်ခံလူ လုခ်ရှောသည် ပြီးခဲ့သည့် ယူရို-၂၀၂၀ ပြိုင်ပွဲတွင် နံရိုးကျိုးဒဏ်ရာရှိနေသည့်ကြားမှ ယူကရိန်း၊ ဒိန်းမတ်၊ အီတလီအသင်းတို့နှင့် ပွဲများတွင် ပါဝင်ကစားခဲ့ကြောင်း ဗြိတိန်သတင်းစာ The Telegraph က ဖော်ပြခဲ့သည်။
လုခ်ရှောသည် ရှုံးထွက်(၁၆)သင်း အ ဆင့်ပွဲစဉ်ဖြစ်သည့် ဂျာမနီနှင့်ပွဲတွင် ယင်းနံရိုးကျိုးဒဏ်ရာရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဂျာမနီအသင်းအား အင်္ဂလန်အသင်းက (၂-ဝ)ဂိုးဖြင့် အနိုင်ရရှိခဲ့သော ယင်းပွဲတွင် လုခ်ရှောသည် ဂျာမန်ကစားသမား တစ်ဦးနှင့် ထိခိုက်မိခဲ့ရာမှ ယင်းဒဏ်ရာရရှိခဲ့ခြင်းဖြစ်ပြီး ဒဏ်ရာပြဿနာရှိနေသော်လည်း လူစားလဲခြင်းမရှိဘဲ ပွဲချိန်ပြည့် ကစားသွားခဲ့သည်။
လုခ်ရှောသည် ယူရို-၂၀၂၀ ပြိုင်ပွဲတွင် အင်္ဂလန်အသင်း၏ ပွဲဦးထွက်ပွဲဖြစ်သည့် အင်္ဂလန်(၁-ဝ)ခရိုအေး ရှားပွဲမှလွဲ၍ ကျန်ပွဲ(၆)ပွဲစလုံးတွင် ပွဲထွက်ကစားသမားအဖြစ် ကစားခွင့်ရရှိခဲ့သည်။
လုခ်ရှောသည် ကွာတားဖိုင်နယ်ပွဲစဉ် ယူကရိန်း(ဝ-၄)အင်္ဂလန်ပွဲမှ လွဲ၍ ကျန်ပွဲများတွင် ပွဲအစမှ အဆုံးအထိ လူစားလဲခြင်းမရှိဘဲ ပါဝင်ကစားခဲ့သည်။
သို့ဖြစ်ရာ ၎င်းအနေဖြင့် ကွာတားဖိုင်နယ်(ယူကရိန်း)၊ ဆီမီးဖိုင်နယ်(ဒိန်းမတ်)၊ ဗိုလ်လုပွဲ(အီတလီ)များတွင် ယင်းနံရိုးကျိုးဒဏ်ရာရှိနေသည့် ကြားမှ ပါဝင်ကစားခဲ့ခြင်းဖြစ်ကြောင်း Telegraph သတင်းစာက ဖော်ပြခဲ့သည်။
သို့သော် လုခ်ရှောသည် ဒဏ်ရာပြဿနာရှိသော်လည်း ယင်းပွဲများတွင် ခြေစွမ်းပြကစားနိုင်ခဲ့ပြီး ဗိုလ်လုပွဲဖြစ်သည့် အီ တလီနှင့်ပွဲတွင် အင်္ဂလန်အသင်းအတွက် ဦးဆောင်ဂိုးကို ပွဲချိန် (၂)မိနစ်၌ သွင်းယူပေးနိုင်ခဲ့သည်။
ထို့ပြင် လုခ်ရှောသည် ယူရို -၂၀၂၀ ပြိုင်ပွဲတွင် အင်္ဂလန်အသင်းအတွက် ဂိုးဖန်တီးမှု(၃)ကြိမ်အထိ ပြုလုပ်ပေးနိုင်ခဲ့သည်။
လက်ရှိတွင် လုခ်ရှောသည် အင်္ဂလန်အသင်းဖော်များဖြစ်သည့် မေဆန်မောင့်၊ ဒက်ကလန် ရိုက်၊ ကိုင်လီဝေါ်ကာတို့နှင့်အတူ ဂရိနိုင်ငံ၊ မိုင်ကိုနော့စ်ကျွန်းတွင် နွေရာသီအပန်းဖြေခရီးထွက်ခွာနေပြီး မန်ယူအသင်းတာဝန်ရှိသူများက သူ၏ဒဏ်ရာအခြေအနေကို စစ်ဆေးရန်စောင့် မျှော်နေကြောင်း သိရသည်။
မန်ယူအသင်းသည် အသင်း၏ အင်္ဂလန်တိုက်စစ်မှူးရပ်ရှ်ဖို့ဒ်ကိုလည်း ပခုံးဒဏ်ရာခွဲစိတ်မှုကြောင့် အနားပေးရဦးမည်ဖြစ်ပြီး ၎င်းအနေဖြင့် အသင်း၏ ရာ သီအစပွဲစဉ်အတော်များများကို လွဲချော်မည်ဖြစ်သည်။
သို့ဖြစ် ရာလုခ်ရှော၏ဒဏ်ရာသတင်းမှာ ရာသီကြိုပြင်ဆင်မှုများ ပြုလုပ်နေသည့် မန်ယူအသင်းနည်းပြ ဆိုးလ်ရှားအတွက် အခက်တွေ့စေကြောင်း Telegraph သတင်းစာက ဖော်ပြခဲ့သည်။