ဖေဖော်ဝါရီ ၁ ရက်နှင့် ယင်းနေ့မတိုင်မီက သက်ဆိုင်ရာတရားရုံးများရှိ ကြားနာစစ်ဆေးဆဲ ပြစ်မှုဆိုင်ရာအမှုများ ပိတ်သိမ်းကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ထုတ်ပြန်

ဖေဖော်ဝါရီ ၁ ရက်နှင့် ယင်းနေ့မတိုင်မီက သက်ဆိုင်ရာတရားရုံးများရှိ ကြားနာစစ်ဆေးဆဲ ပြစ်မှုဆိုင်ရာအမှုများ ပိတ်သိမ်းကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ထုတ်ပြန်
Published 20 July 2021

ဖေဖော်ဝါရီ ၁ ရက်နှင့် ယင်းနေ့မတိုင်မီက သက်ဆိုင်ရာတရားရုံးများရှိ ကြားနာစစ်ဆေးဆဲပြစ်မှုဆိုင်ရာအမှုများ ပိတ်သိမ်းကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ထုတ်ပြန်ကြောင်း ယနေ့ (ဇူလိုင် ၂၀ ရက်) တွင် MRTV သတင်းကြေညာချက်အရ သိရသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် လတ်တလောဖြစ်ပေါ်နေသော ကိုဗစ်ရောဂါကူးစက်မှုကို ထိရောက်စွာ ကာကွယ်ကုသနိုင်ရေးအတွက်လည်းကောင်း၊ သက်ဆိုင်ရာ တရားရုံးများတွင် စွဲဆိုထားသည့် ပြစ်မှုများအတွက် တရားခံများကို ကိုဗစ်ရောဂါဆိုင်ရာ စည်းကမ်းချက်များကြောင့် ရုံးထုတ်စစ်ဆေးနိုင်ခြင်း မရှိသဖြင့် ချုပ်ရက်များ ရှည်ကြာသဖြင့် လည်းကောင်း၊ တချို့သောပြစ်မှုဖြင့် စွဲဆိုခံရသည့် နိုင်ငံသားများအတွက် သက်ညှာစွာ စဉ်းစားပြီး ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အရ ယင်းအမိန့်ကို ထုတ်ပြန်လိုက်ကြောင်း သိရသည်။

 ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ရက်နှင့် ယင်းနေ့မတိုင်မီက အောက်ဖော်ပြပါ ပြစ်မှုတစ်ခုခုဖြင့် သက်ဆိုင်ရာ တရားရုံးများတွင် စွဲဆိုခံရသည့် ပြစ်မှုဆိုင်ရာအမှုအားလုံးကို ပိတ်သိမ်း၍ တရားခံများအား အမှုမှ လွတ်ရမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါပိတ်သိမ်းသည့် အမှုများမှာ ရာဇသတ်ကြီးပုဒ်မ ၃၇၉၊ ၃၈၀ နှင့် ၃၇၉/ ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၅၄၊ ၃၈၀/ ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၅၄၊ သစ်သောဥပဒေပါပုဒ်မ ၄၂ နှင့် ၄၃ တို့မှအပ ကျန်ပြစ်မှုတစ်ခုခု၊ လောင်းကစားဥပဒေပါ ပြစ်မှုတစ်ခုခု၊ ယစ်မျိုးအက်ဥပဒေပါ ပြစ်မှုတစ်ခုခု၊ ပြစ်မှုကျူးလွန်တတ်သူများ ခြေချုပ်နှင့် ခံဝန်အက်ဥပဒေပါ ပြစ်မှုတစ်ခုခု၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါများဆိုင်ရာ ဥပဒေပုဒ်မ ၁၆ နှင့် အားပေးကူညီမှုများ၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၉ (က) နှင့် အားပေးကူညီမှုများ၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများနှင့် စပ်လျဉ်း၍ ယင်းဥပဒေပုဒ်မ ၂၆ အရ အလေးချိန် သတ်မှတ်ချက် သုံးဂရမ်ဖြစ်ပါက ဆယ်ဂရမ်အောက်ကိုလည်းကောင်း၊ ၁၀၀ ဂရမ်ဖြစ်ပါက ၂၀၀ ဂရမ်အောက်သို့လည်းကောင်း၊ ဘိန်းစာရွက်အစိုဖြစ်ပါက ၁၀ ကီလိုဂရမ်အောက်သို့လည်းကောင်း၊ ဘိန်းစာရွက် အခြောက် သို့မဟုတ် ဘိန်းစာမှုန့်ဖြစ်ပါက ငါးကီလိုဂရမ်အောက်သို့လည်းကောင်း၊ (သိမ်းဆည်းရမိမှုများအတွက်သာ) လက်နက်ဥပဒေပုဒ်မ ၁၉(င)၊ ပြည့်တန်ဆာအက်ဥပဒေပါ ပြစ်မှုတစ်ခုခု၊ ရဲအက်ဥပဒေပါ ပြစ်မှုတစ်ခုခု၊ ရုပ်မြင်သံကြားနှင့် ဗွီဒီယိုဥပဒေပါ ပြစ်မှုတစ်ခုခု စသည်တို့ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ထုတ်ပြန်ချက်အရ သိရသည်။

Most Read

Most Recent