ကိုဗစ်လှိုင်းလုံးများအကြား မြင်းခွာသံဆိတ်သုဉ်းလာသော ပြင်ဦးလွင်ရထားလုံးများ

ကိုဗစ်လှိုင်းလုံးများအကြား မြင်းခွာသံဆိတ်သုဉ်းလာသော ပြင်ဦးလွင်ရထားလုံးများ
ပြင်ဦးလွင် ရထားလုံးများကို ကိုဗစ်ကပ်ရောဂါကာလအတွင်း တွေ့ရစဉ်
ပြင်ဦးလွင် ရထားလုံးများကို ကိုဗစ်ကပ်ရောဂါကာလအတွင်း တွေ့ရစဉ်
Published 18 July 2021
မင်းသန့်

“စျေးဦးမပေါက်တဲ့ရက်တွေ၊ ခရီးသည် လုံးဝမရတဲ့နေ့တွေဆိုတာ နှစ်နဲ့ချီနေပြီ။ ဒီကာလတွေမှာ မြင်းစာကို မြက်ရိတ်ကျွေးနေရတယ်”

အထက်ပါပြောစကားမှာ ခရီးသွားလုပ်ငန်းအပေါ် အဓိကမှီခိုရပ်တည်ကာ အသက်မွေးဝမ်းကျောင်း ပြုလုပ်နေသည့် ပြင်ဦးလွင်မြို့ရှိ ရထားလုံးမောင်းနှင်သူများ၏ ပကတိအခြေအနေကို အတိုင်းသားမြင်သာစေသော မှတ်ချက်တစ်ခုဖြစ်၏။

ယာဉ်ကြီးယာဉ်ငယ်များ ပျားပန်းခတ်သွားလာမှု များလွန်းလှသော ပြင်ဦးလွင်-လားရှိုး ပြည်ထောင်စုလမ်းမကြီးပေါ်တွင် မြင်းခွာသံတခွပ်ခွပ်အသံနှင့်အတူ ရထားလုံးမြင်းလှည်းအချို့ မောင်းနှင်နေမှုကို ရံဖန်ရံခါတွေ့ရှိနိုင်သည်။ ရထားလုံးမြင်းလှည်းယာဉ်အသုံးပြုမှုကို မြန်မာနိုင်ငံတွင် ပြင်ဦးလွင်မြို့တစ်ခုတွင်သာ တွေ့ရှိနိုင်ပြီး ယခုအခါ ရထားလုံးမြင်းလှည်းများမှာ တိုးတက်များပြားလာသည့် စက်တပ်ယာဉ်မျိုးစုံ၏ သက်ရောက်မှုအရ အစီးရေအနည်းငယ်မျှသာ ကျန်ရှိတော့သည်။

တကယ်တော့ ပြင်ဦးလွင် သည် ယူကလစ်၊ ထင်းရှူး၊ ချယ်ရီ၊ စိန်ပန်းပြာ၊ မက်မန်းပင်များနှင့် အလှဆင်ထားသည့်  တောင်ပေါ်စခန်းမြို့၊ တောင်လှေခါးမြို့၊ ပန်းမြို့တော်၊ မေမြို့ စသည်တို့အပြင် မြန်မာနိုင်ငံ၏ ဟောလိဝုဒ်နှင့် ဒုတိယအင်္ဂလန်ဟုလည်း တင်စားခေါ်ဝေါ်မှုပြုကြ၏။ ထိုသို့ အမည်နာမမျိုးစုံဖြင့် လူအများစိတ်ဝင်စား နှစ်ခြိုက်သည့် မြို့တစ်မြို့ ဖြစ်သည်နှင့်အညီ ခရီးသွားဝင်ထွက်မှုများပြားသည့် မြို့တစ်မြို့ဖြစ်သည်။  ထိုသို့သော ပြင်ဦးလွင်တွင်မြို့၏ အထင်ကရ အမှတ်သင်္ကေတတစ်ခု ဖြစ်သော Purcell Tower ဟုခေါ်သည့် မေမြို့နာရီစင်ရှိသည်။

ယင်းနာရီစင်မှာ ၁၉၃၄ ခုနှစ် ဗြိတိသျှပဥ္စမမြောက် ဂျော့ဘုရင်၏ နန်းစံသက် ၂၅ နှစ်မြောက်အထိမ်း အမှတ်အဖြစ် Gillete @ Jonson Co.ltd က ထုတ်လုပ်ခဲ့သော နာရီအနည်းငယ်အနက် တစ်လုံးဖြစ်သည်။ ထို့ပြင် ကိုလိုနီခေတ်အစိုးရ ရုံးစိုက်ရာနေရာဖြစ်ခဲ့၍ ယင်းခေတ်၏ အငွေ့အသက်ကို ပေါ်လွင်စေသော ရှေးဟောင်းအဆောက်အအုံများမှာလည်း အထင်ကရဖြစ်သည်။ ထို့အတူ ပြင်ဦးလွင်နှင့် ရထားလုံး၊ ရထားလုံးနှင့် ပြင်ဦးလွင်ဆိုသည်ကလည်း ခွဲခြားမရသော သင်္ကေတအမှတ်အသားတစ်ခုပင် ဖြစ်၏။

မြန်မာနိုင်ငံ၏ ဟောလိဝုဒ်အဖြစ် တင်စားကြသော ပြင်ဦးလွင်မှာ  ရုပ်ရှင်၊ ဗီဒီယိုရိုက်ကွင်းများအတွက် တောတောင်ရေမြေရှုခင်းများ၊ ရေတံခွန်စိမ့်စမ်းများ၊ သဘာဝတရားများစွာအပြင် ကိုလိုနီခေတ်လက်ရာ မြိုင်များဖြင့် ငွေရောင်ပိတ်ကားများအထက်တွင် ရှုမငြီးသောပသာဒဖြင့် ပေးစွမ်းနိုင်သကဲ့သို့ ပြင်ဦးလွင်ရှိ ရထားလုံးမြင်းလှည်းများ၏ အခန်းကဏ္ဍမှာလည်း ငွေရောင်ပိတ်ကားများပေါ်တွင်သာမက ပြည်တွင်းပြည်ပ ဧည့်သည်များအား ဆွဲဆောင်မှုတစ်ခုပင် ဖြစ်သည်။

“ရထားလုံးမြင်းလှည်းက အပျော်စီးဖြစ်သွားပြီ။ အရင်ကတော့ သယ်ယူပို့ဆောင်ရေးကဏ္ဍမှာ ကုန်စိမ်းသည်လည်း ရထားလုံး၊ ဘိလပ်မြေသယ်လည်း ရထားလုံး၊ စျေးဝယ်သွားလည်း ရထားလုံး  ဘက်စုံသုံးခဲ့ကြတာ။ နောက်ပိုင်းတရုတ်ကနေ သုံးဘီးဆိုင်ကယ်တွေဝင်လာပြီး တစ်စတစ်စနဲ့ အသုံးပြုမှု နည်းလာတယ်။ ခုတော့မြို့ခံတွေစီးနင်းမှု လုံးဝမရှိတော့ဘဲ ခရီးသွားတွေအတွက် အပျော်စီးသီးသန့် ဖြစ်လာတယ်။ မေမြို့ကိုလာတဲ့ နိုင်ငံခြားသားခရီးသည်က ရထားလုံးစီးပြီး နာရီစင်ကြည့်မယ်။ ကိုလိုနီခေတ် အိမ်ဟောင်းတွေ လိုက်ကြည့်မယ်။ ဒါကသူတို့အတွက် ပြင်ဦးလွင်ရဲ့ Trade Mark ပဲ” ဟု ရထားလုံးမြင်းလှည်းမောင်းသူ ကိုဇာနည်အောင်က ပြောပြသည်။

ပြင်ဦးလွင်သို့ ရထားလုံး (ဗီရိုမြင်းယာဉ်) များရောက်ရှိ ပြေးဆွဲလာသည့်နှစ်မှာ ၁၈၈၆ ခုနှစ်ဟု သမိုင်းမှတ်တမ်းများတွင် တွေ့ရှိရသည်။ (၁၈၃၇-၁၈၄၆) ခုနှစ်အတွင်း ရန်ကုန်မြို့နှင့် ၁၈၈၅ ခုနှစ် မန္တလေးမြို့တွင်း သယ်ယူပို့ဆောင်ရေးတွင် ရထားလုံးယာဉ်များ ပြေးဆွဲခဲ့သည့်နည်းတူ ပြင်ဦးလွင် (မေမြို့) သို့လည်း အင်္ဂလိပ်တို့ သိမ်းပိုက်ပြီးနောက် ရထားလုံးမြင်းလှည်းများ ပြေးဆွဲခဲ့ခြင်းဖြစ်သည်။

ရထားလုံးခေါ် ဗီရိုလှည်းများမှာ ဘီးလေးဘီးတပ်ဆင်ထားသည့် လှည်းယာဉ်ကို မြင်းကဆွဲ၍ လိုရာခရီးကို သွားလာမောင်းနှင်ခြင်းဖြစ်၍ဆွဲလှည်းဟု ခေါ်တွင်ကြသည် ။ ယင်းမှာ အခြားမြေပြန့်ဒေသများရှိ မြင်းလှည်းများနှင့် မတူကွဲပြားသည့်အချက်ဖြစ်သည်။ မြေပြန့်ဒေသရှိ မြင်းလှည်းများမှာ ဘီးနှစ်လုံးတပ်ဆင်ထားသည့် လှည်းယာဉ်ကိုယ်ထည်ကို မြင်းမှထမ်းပိုးကာ မောင်းနှင်ရခြင်းဖြစ်၍ အဆိုပါမြင်းလှည်းများကို ထမ်းလှည်းဟု သတ်မှတ်ကြသည်။

“ကျွန်တော်တို့ ရထားလုံးမြင်းလှည်းကို ဆွဲလှည်းလို့ခေါ်ပြီး အခြားဒေသတွေကလှည်းတွေကို ထမ်းလှည်းလို့ခေါ်တယ်။ ထမ်းလှည်းဆိုတာက လှည်းတစ်ခုလုံးရဲ့ ဝန်တစ်ခုလုံးကို ထမ်းပိုးထားရသလို လှည်းပေါ်ပါလာတဲ့ခရီးသည်နဲ့ ဝန်စည်စလှယ်အားလုံးကို မြင်းရဲ့ကျောကုန်းပေါ်မှာ ထမ်းပိုးထားရတာမျိုးပါ။ ရထားလုံးမြင်းလှည်းက ဘီးလေးလုံးပါပြီး မြင်းတွေအတွက် ဝန်ထုပ်ဝန်ပိုးမဖြစ်ပါဘူး” ဟု နှစ် ၂၀ ကျော် ရထားလုံးမြင်းလှည်းဖြင့် အသက်မွေးဝမ်းကျောင်း ပြုလာခဲ့သူတစ်ဦးက ရှင်းပြသည်။

ပြင်ဦးလွင် ရထားလုံးမြင်းလှည်းများမှာ ယခင်က အစီးရေ ၁၅၀ ကျော်ဖြင့် နာရီစင်အနီးဗလီ ဂိတ်၊ ဂေါ်ရခါးဂိတ်၊ စျေးကြီးဂိတ် (ညောင်နီဂိတ်)နှင့်ကန်တော်ကြီးဂိတ်စသည်ဖြင့်ဂိတ် ၁၂ ဂိတ်၊ ၁၃ ဂိတ်ရှိပြီး ယခုအခါ ကန်တော်လေးအဝိုင်း ဂန္ဓမာဂိတ်တစ်ခုသာ အဓိကကျန်ရှိတော့သည်။ အစီးရေမှာလည်း ၃၅ စီးခန့်သာ ကျန်ရှိတော့ပြီ ဖြစ်သည်။ အဆိုပါ ၃၅ စီးမှာလည်း ခေတ်ကာလနှင့်လိုက်လျောညီထွေစွာ လှည်းယာဉ်ကို ပြင်ဆင်ဆန်းသစ်မှုများ ပြုလုပ်လာခြင်းကြောင့်  ဗီရိုလှည်းအသွင်သဏ္ဌာန်များ ပျောက်ကွယ်လျက်ရှိပြီ ဖြစ်သည်။ရှေးယခင်က  ဗီရိုလှည်းပုံသဏ္ဌာန်ရထားလုံးမှာ တစ်မြို့လုံးတွင်သုံးစီးသာ ကျန်ရှိတော့သည်ဟု သိရသည်။ ယင်းသို့ မြို့၏ အထင်ကရ အမှတ်သင်္ကေတသဖွယ်ဖြစ်သော ရထားလုံးများ ပျောက်ကွယ်လုနီးပါး အခြေအနေမှာ ဝမ်းနည်းစရာပင်။

“ခုချိန်မှာ ရောင်းမလားလို့ ဘယ်မြင်းလှည်းသမားမေးမေး ရောင်းမှာပဲ။ ဝယ်သူရှိရင် ရောင်းလိုက်ကြပြီ။  မြင်းသတ်ရုံမှာဆို ရှစ်သိန်းတန်ဆို ခြောက်သိန်းလောက်ပေးတယ် ။ ဒါပေမဲ့ ကိုယ့်မြင်းကိုယ် ဘယ်သူမှဟင်းထဲမထည့်ချင်ကြဘူး။ သံယောဇဉ်ထားကြတယ်။ ဒီတော့ မဖြစ်သာလို့သာ လုပ်နေကြရတာ။ မြင်းတွေကိုမြင်းဇောင်းထဲ ထားတာကြာလာတော့ သူတို့လည်းအညောင်းမိပြီး မကောင်းတော့ ခရီးသည်မရလည်း ဂိတ်ထိုးထွက်နေကြတာ။ အခြေအနေကတော့ စျေးဦးတောင်ပေါက်ဖို့ မလွယ်ဘူး။ တစ်ခေါက်ရရင် ပျော်ပျော်ကြီး အိမ်ပြန်ရုံပဲ” ဟု ကိုဇာနည်အောင်က ရထားလုံးမြင်းလှည်းမောင်းသူများ၏ လက်ရှိအခြေအနေကို ပြောပြသည် ။

ပြင်ဦးလွင်မြို့၏ လက်ရှိကိုဗစ်တတိယလှိုင်းကာလ အခြေအနေမှာလည်း ရောဂါပိုးတွေ့ရှိသူ အရေအတွက် များပြားနေခြင်းကြောင့် Stay at Home နေထိုင်ရန် သတ်မှတ်ထုတ်ပြန်ထားပြီး မြို့အဝင်အထွက်လမ်းများကို စစ်ဆေးကန့်သတ်မှုများ ပြုလုပ်လျက်ရှိသည်။

တကယ်တော့ ခရီးသွားလုပ်ငန်းအပေါ် မှီခိုနေသည့် တောင်ပေါ်ဒေသတစ်ခုဖြစ်သော ပြင်ဦးလွင်တွင် ၂၀၁၉ ခုနှစ် သြဂုတ်လအတွင်းက ဖြစ်ပေါ်ခဲ့သော မြောက်ပိုင်းမဟာမိတ်အဖွဲ့၏ တိုက်ခိုက်မှုများကြောင့် ခရီးသွားဝင်ရောက်မှု အဆမတန်ကျဆင်းခဲ့ကာ မြို့၏စီးပွားရေးလုပ်ငန်းအများစု ထိခိုက်မှုများ စတင်ကြုံတွေ့ခဲ့ရသည်။ ထို့နောက် မြန်မာနိုင်ငံတွင် ကူးစက်မြန် ကိုဗစ်ရောဂါပိုးပျံ့နှံ့လာမှု အခြေအနေများအရ ခရီးသွားလာမှုမှာ လုံးဝနီးပါး ရပ်ဆိုင်းခဲ့ပြန်သည်။ ထိုသို့သော အခြေအနေနှင့် ပတ်သက်၍ မြို့ခံဟိုတယ်လုပ်ငန်းရှင် တစ်ဦးက “ခရီးသွားမြို့ဖြစ်တော့ ဒီမှာကဘယ်လုပ်ငန်းမဆို Tourism အပေါ် မူတည်နေတာပေါ့။ နေကြာပဲဖြစ်ဖြစ်၊ ၀ိုင်ပဲဖြစ်ဖြစ်၊ ရှမ်းခေါက်ဆွဲရောင်းတာဖြစ်ဖြစ်၊ မြင်းလှည်းသမားဖြစ်ဖြစ်၊ ဟိုတယ်ဖြစ်ဖြစ်၊ စားသောက်ဆိုင်ပဲဖြစ်ဖြစ် အားလုံးကဒီအပေါ်မှာပဲ ရပ်တည်နေကြရတာ။ ခုအခြေအနေကတော့ ထိခိုက်မှုက အနည်းနဲ့အများပဲကွာမယ်။ အားလုံး ထိခိုက်မှုတွေ ဖြစ်နေကြရတယ်” ဟု ပြောကြားသည်။

“အရင်က အခုလိုမိုးရာသီ ဧည့်ပါးချိန်မှာတောင် မြင်းစာဖိုးလောက်တော့ ရသေးတယ်။ အခုကတော့ ဂိတ်ထိုးပြီး ငုတ်တုတ်ထိုင်နေကြရတယ်” ဟု ရထားလုံးမြင်းလှည်းမောင်းသူ ဦးဝကြီးက ဆိုသည် ။

“မြင်းစာက တစ်ရက်ကို သုံးထောင်လောက် ကျွေးရတယ်။ ဖွဲစျေးကလည်း တက်သွားပြီ။ တစ်ပိဿာ ၆၀၀ နဲ့ လေးပိဿာကျွေးရင်ကို ၂၄၀၀ ရှိနေပြီ ။ မြက်ချည်းပဲ ရိတ်ကျွေးလို့ကတော့ မရဘူး။ ဖွဲနဲ့ရောကျွေးရတာပေါ့။ မြက်ချည်းကျွေးရင် မြင်းကတဖြည်းဖြည်း ပိန်လှီလာရော” ဟု ကိုဇာနည်အောင်က ဆက်လက်ပြောကြားသည်။

“ကျွန်တော်တို့ မြင်းလှည်းသမားတွေ ခရီးသည်မရတော့ ရွာနီးချုပ်စပ်က အလှူလှည့်ရှိရင် မြင်းအငှားလိုက်ကြတယ်။ ခရီးအနီးအဝေးပေါ်မူတည်ပြီး တစ်သောင်းခွဲကနေ သုံးသောင်းခွဲအထိ ရတတ်တယ်။ အခုနှစ်ပိုင်းကျတော့ အဘက်ဘက်က စီးပွားရေးတွေ မပြေလည်ကြတော့ ရှင်ပြုအလှူတွေကလည်း နည်းလာသလို ကိုဗစ်စည်းကမ်းသတ်မှတ်ချက်တွေနဲ့ အလှူလှည့်တွေ မလိုက်ရတော့ဘူး။ တစ်တိုင်းပြည်လုံး စီးပွားရေးတွေ ကျပ်တည်းနေမှတော့ အားလုံးက ခက်ခဲမှုတွေ ရှိနေကြတာပါပဲ” ဟု ကိုဇာနည်အောင်က ပြောကြားသည်။

“အခုနှစ်ဆန်းပိုင်းလောက်မှာ ကိုဗစ်ကြီးပြီးသလောက်ဖြစ်တော့မယ်။ ခရီးသွားတွေလည်း ပြန်ဝင်ကြတော့မယ်လို့ ယူဆနေတဲ့အချိန် အခြေအနေကတစ်မျိုး ပြောင်းသွားတယ်။ အရင်လို ခရီးသည်တွေ လာမယ့်အချိန်ကိုပဲ ထိုင်မျှော်နေရတာပေါ့။ သူတို့ဘယ်အချိန် ဘယ်ကာလမှ ပြန်လာမယ် မသိနိုင်ပါဘူး။ အိမ်သာမှဧည့်လာတယ်ဆိုတဲ့စကားလိုပေါ့။ ကျွန်တော်တို့အိမ်ဆိုတာက ကျွန်တော်တို့တိုင်းပြည်ပါပဲ” ဟု မြင်းလှည်းသမားတစ်ဦးက ဆိုရာရောဂါကပ်ဆိုးဘေးမှ အမြန်ဆုံးလွန်မြောက်ကာလာမည့် ပွင့်လင်းရာသီတွင် ပြည်တွင်းပြည်ပခရီးသွားများပေါများစွာ လာရောက်ပါစေဟု ဆုတောင်းမိသည်။

မြို့၏ အမှတ်သင်္ကေတတစ်ခုသဖွယ်ဖြစ်သော ရထားလုံးမြင်းယာဉ်များမှာ ပြင်ဦးလွင်လမ်းမများထက်တွင် ပြေးဆွဲသွားလာသည့် မြင်းခွာသံနှင့် လှည်းဝန်ရိုးသံများ တစ်စတစ်စ ဆိတ်သုဉ်းလာကာ ဟိုတယ်များ၊ ပန်းခြံများအတွင်း အထိမ်းအမှတ်တစ်ခုအနေဖြင့် အလှဆင်ထားရှိလာကြခြင်းမှာ သက်ရှိအရာတစ်ခု အသက်မဲ့သွားခြင်းတစ်မျိုးသာ ဖြစ်ပေတော့သည်။

Most Read

Most Recent