စီးရီးအေကလပ် စပီဇီယာအသင်းသည် လူငယ်ကစားသမားခေါ်ယူရာတွင် စည်းမျဉ်းချိုးဖောက်မှုကြောင့် ကစားသမားအပြောင်း အရွှေ့ပြုလုပ်ခွင့် နှစ်နှစ်ပိတ်ပင်သည့်ပြစ်ဒဏ် ချမှတ်ခံခဲ့ရကြောင်း သိရသည်။
စပီဇီယာအသင်းသည် ၂၀၁၃ မှ ၂၀၁၈ ခုနှစ်အတွင်း နိုင်ဂျီးရီးယားနိုင်ငံမှ အသက်မပြည့်သေးသည့် လူငယ်ကစားသမားများ ခေါ်ယူရာတွင် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) ၏ စည်းမျဉ်းများ ချိုးဖောက်ခဲ့သလို အီတလီနိုင်ငံ၏ လူဝင်မှုကြီးကြပ်ရေးဥပဒေကိုလည်း လိုက်နာခဲ့ခြင်းမရှိကြောင်း သိရသည်။
ထို့ကြောင့် FIFA က စပီဇီယာအသင်းအား ကစားသမားအပြောင်းအရွှေ့ပြုလုပ်ခွင့် နှစ် နှစ် (အပြောင်းအရွှေ့ကာလလေးကြိမ်) ပိတ် ပင်သည့်ပြစ်ဒဏ်နှင့် ဒဏ်ကြေး ဆွစ်ဖရန့် ၅၀၀၀၀ ပေးဆောင်ရန် ပြစ်ဒဏ်ချမှတ်ခဲ့ခြင်းဖြစ်သည်။ပြစ်ဒဏ်မှာ လာမည့် ၂၀၂၂ ခုနှစ် ဇန်နဝါရီအပြောင်း အရွှေ့ကာလမှသာ စတင်သက်ရောက်မည် ဖြစ်ရာ ယခုနွေရာသီတွင် ကစားသမားခေါ် ယူခွင့်ရဦးမည်ဖြစ်သည်။
စပီဇီယာအသင်းကို ဖေဖော်ဝါရီတွင် အမေရိကန်သူဌေး ရော ဘတ်ပလာတက်က ရင်းနှီးမြှုပ်နှံမှုပြုလုပ်ထားပြီး အီတလီလက်ရွေးစင်ဟောင်း မော့တာကိုလည်း နည်းပြသစ်အဖြစ် ခန့်အပ်ထားသည်။