နာမည်ကျော် တောင်ကိုရီးယားရုပ်ရှင်ဒါရိုက်တာ ရိုက်ကူးမည့် အမေရိကန်ဒရာမာဇာတ်လမ်းတွဲတွင် ရောဘတ်ဒေါင်းနေးဂျူနီယာ ပါဝင်မည်

နာမည်ကျော် တောင်ကိုရီးယားရုပ်ရှင်ဒါရိုက်တာ ရိုက်ကူးမည့် အမေရိကန်ဒရာမာဇာတ်လမ်းတွဲတွင် ရောဘတ်ဒေါင်းနေးဂျူနီယာ ပါဝင်မည်
Published 17 July 2021

Iron Man ဇာတ်ဆောင်မင်းသား ရောဘတ်ဒေါင်းနေးဂျူနီယာသည် နာမည်ကြီး တောင်ကိုရီးယား ရုပ်ရှင်ဒါရိုက်တာ ပက်ချန်ဝူးရိုက်ကူးမည့် အမေရိကန်ဒရာမာရုပ်သံ ဇာတ်လမ်းတွဲတွင် ပါဝင်သရုပ်ဆောင်မည်ဟု အမေရိကန်ဖျော်ဖြေရေးသတင်းဆိုက်ဖြစ်သော Deadline ကဖော်ပြသည်။

Iron Man မင်းသားအဖြစ် လူသိများထင်ရှားသည့် အသက် ၅၆ နှစ်အရွယ်ရှိ ဟောလိဝုဒ်စတား ဒေါင်းနေး ပါဝင်မည့်ဇာတ်လမ်းတွဲသည် ပူလစ်ဇာဆုရသမိုင်းဝင်စုံထောက် ဝတ္ထုရှည် The Sympathizer ကို ပြန်လည် မှီငြမ်းရိုက်ကူးမည်ဖြစ်သည်။

၂၀၁၅ ခုနှစ်တွင် ထုတ်ဝေခဲ့ပြီး ဗီယက်နမ်-အမေရိကန်စာရေးဆရာ ငုယင်ဗီယက်သန်း ရေးသားခဲ့သည့် ၎င်းဝတ္ထုသည် ရောင်းအားအကောင်းဆုံးဖြစ်ခဲ့ပြီး ၂၀၁၆ အတွက် စိတ်ကူးယဉ်ဝတ္ထုဆိုင်ရာပူလစ်ဇာဆု ရရှိခဲ့သည်။

ယခုရိုက်ကူးမည့် ဇာတ်လမ်းထဲတွင် ဒေါင်းနေးသည် ဗီယက်နမ်စစ်ပွဲကာလအတွင်းနှင့် စစ်ပွဲအလွန် ဗီယက်နမ်-ပြင်သစ်ကပြား နှစ်ဖက်ချွန်သူလျှိုနေရာ၌ ပါဝင်သရုပ်ဆောင်မည်ဖြစ်သည်။

ကနေဒါဇာတ်ညွှန်းရေးဆရာ ဒွန်မက်ကယ်လာနှင့်အတူ ဒါရိုက်တာ ပက်ချန်ဝူးက ပူးတွဲပရိုဂျူဆာအဖြစ် ပါဝင်ကာ ဇာတ်လမ်းတွဲကို ဒါရိုက်တာအဖြစ် ရိုက်ကူးမည် ဖြစ်သည်။

ပက်ချန်ဝူးသည် လူကြိုက်များအောင်မြင်ခဲ့သည့် ၂၀၀၃ ရုပ်ရှင် Oldboy ၊၂၀၀၉ ရုပ်ရှင် Thrist နှင့် ၂၀၁၆ ရုပ်ရှင် “The Handmaiden” တို့ကို ရိုက်ကူးခဲ့သူဖြစ်သည်။ဘီဘီစီ၏ ၂၀၁၈ ဒရာမာဇာတ်လမ်းတွဲ Little Drummer Girl နှင့် ၂၀၁၃ အမေရိကန် လျှို့ဝှက်သည်းဖိုရုပ်ရှင် Stoker တို့ကိုလည်း ၎င်းကပင်ရိုက်ကူးခဲ့သည်။

“မစ္စတာငုယင်ရဲ့ ပြောင်မြောက်တဲ့ အရေးအသားတွေကို မှီငြမ်းဖို့စိတ်ကူး ကောင်းမွန်တဲ့အဖွဲ့တစ်ဖွဲ့လိုပါတယ်။ ဒါရိုက်တာ ပက်ချန်ဝူးရဲ့ပဲ့ကိုင်မှုနဲ့ ဇနီးဆူဆန်ဒေါင်းနေး၊  ကျွန်တော်နဲ့ ဒေါင်းနေးအဖွဲ့သားတွေအတွက် ဖန်တီးမှုကောင်းတဲ့ ရိုက်ကူးမှုအတွေ့အကြုံဖြစ်ဖို့ မျှော်လင့်ပါတယ်။ ရှုပ်ထွေးတဲ့ဇာတ်ပို့စရိုက်မှာပါမယ့် ကျွန်တော့်အတွက်လည်း စိတ်လှုပ်ရှားစရာဖြစ်ဖို့မျှော်လင့်ပါတယ်” ဟု  အမေရိကန်ရုပ်ရှင်မင်းသားရော ဘတ်ဒေါင်းနေးက ဆိုသည်။

ယခုနှစ်စောပိုင်းကတည်းက မစ္စတာငုယင်က ၎င်း၏ဝတ္ထုကို ရုပ်ရှင်အဖြစ် ပြန်လည်ရိုက်ကူးမည်ဟူသည့် သတင်းနှင့်ပတ်သက်၍ စိတ်လှုပ်ရှားကြောင်း တွစ်တာတွင် ပြောဆိုခဲ့ပြီး  ဒါရိုက်တာ ပက်ချန်ဝူး၏ Old boy ရုပ်ရှင်သည် ၎င်း၏ဝတ္ထုပေါ်၌ လွှမ်းမိုးမှုကြီးမားစွာရှိကြောင်းနှင့် ဒါရိုက်တာနေရာတွင် ပက်ချန်ဝူးထက် သင့်တော်မည့်သူကို စဉ်းစား၍ပင်မရကြောင်း ဖွင့်ဟခဲ့သည်။

ယင်းဒရာမာဇာတ်လမ်းတွဲကို အမေရိကန်ရုပ်သံကုမ္ပဏီ HBO ၊ အမေရိကန် ဖျော်ဖြေရေးကုမ္ပဏီ A24 နှင့် ပက်ချန်ဝူး၏ ကိုယ်ပိုင်ထုတ်လုပ်ရေးကုမ္ပဏီ Moho Film တို့ ပူးပေါင်းထုတ်လုပ် ရိုက်ကူးသွားမည်ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent