Hotel Transylvania: Transformania အန်နီမေးရှင်းဇာတ်ကားကို စက်တင်ဘာ ၉ ရက်မှစ၍ ကနေဒါတွင် ထုတ်လွှင့်ပြသမည်

Hotel Transylvania: Transformania အန်နီမေးရှင်းဇာတ်ကားကို စက်တင်ဘာ ၉ ရက်မှစ၍ ကနေဒါတွင် ထုတ်လွှင့်ပြသမည်
Photo:AFP
Photo:AFP
Published 16 July 2021

အမေရိကန်ဟာသ အန်နီမေးရှင်းဇာတ်ကား Hotel Transylvania: Transformania ဇာတ်ကားကို စက်တင်ဘာ ၉ ရက်မှစ၍ ကနေဒါတွင် ထုတ်လွှင့်ပြသသွားမည်ဖြစ်ကာ အမေရိကန်တွင် အောက်တိုဘာ ၁ ရက်မှစ၍ ထုတ်လွှင့်ပြသမည်ဖြစ်သည်။

Hotel Transylvania 4 ဟုအသိများသည့် Hotel Transylvania: Transformania အန်နီမေးရှင်း ဇာတ်ကားသည် ၂၀၁၈ ခုနှစ်က ထွက်ရှိခဲ့သော Hotel Transylvania 3: Summer Vacation အန်နီမေးရှင်းဇာတ်ကား၏ နောက်ဆက်တွဲရုပ်ရှင်ဖြစ်ပြီး Hotel Transylvania ဇာတ်ကားတွဲများထဲတွင် စတုတ္တမြောက် ဇာတ်ကားလည်းဖြစ်သည်။

၂၀၁၂ ခုနှစ်က ထွက်ရှိခဲ့သော Hotel Transylvania အန်နီမေးရှင်းဇာတ်ကားသည် ဝင်ငွေဒေါ်လာ သန်း ၃၅၀ ကျော်၊ ၂၀၁၅ ခုနှစ်က ထွက်ရှိခဲ့သော Hotel Transylvania 2 ဇာတ်ကားသည် ဝင်ငွေဒေါ်လာ ၄၇၄ သန်းကျော်၊ ၂၀၁၈ ခုနှစ်က ထွက်ရှိခဲ့သော Hotel Transylvania 3: Summer Vacation ဇာတ်ကားမှာ ဝင်ငွေဒေါ်လာ ၅၂၈ သန်းကျော်အထိ ရရှိခဲ့ပြီး ဇာတ်ကားသုံးကားစလုံး အောင်မြင်ခဲ့သည်။

တတိယဇာတ်ကား၏ အဖြစ်အပျက်များအပြီးတွင် ဒေါက်တာ Van Helsing ၏ လျှို့ဝှက်ဆန်းကြယ် တီထွင်မှုတစ်ခုဖြစ်သော မကောင်းဆိုဝါးရောင်ခြည် အမည်ရှိ တီထွင်မှုသည် Drac တို့အဖွဲ့ကို ဝရုန်းသုန်းကား ဖြစ်စေတော့သည်။ အကြောင်းမှာ အဆိုပါမကောင်းဆိုဝါး ရောင်ခြည်ကို စမ်းသပ်ခံခဲ့သော Drac အပါအဝင် မကောင်းဆိုးဝါးအဖွဲ့မှာ လူသားအဖြစ်သို့ ပြောင်းလဲသွားပြီး Drac ၏ သားမက်ဖြစ်ပြီး လူသားဖြစ်သူ Johnny မှာ မကောင်းဆိုးဝါးအသွင်သို့ ပြောင်းလဲသွားခြင်းဖြစ်သည်။ နဂိုပုံပန်းသွင်ပြင်မျိုးမဟုတ်ဘဲ စိတ်တိုင်းမကျ၊ လိုက်ဖက်မညီသည့် လူသားခန္ဓာကိုယ်နှင့်အတူ အရာရာကမောက်ကမ ဖြစ်ကြနေသော Drac တို့ မကောင်းဆိုးဝါးအဖွဲ့မှာ ယခင်မကောင်းဆိုးဝါး အသွင်ရှိစဉ်က ပိုင်ဆိုင်ခဲ့ကြသော စွမ်းအင်များလည်း ပျောက်ကွယ်ကုန်ကြသည်။ သို့သော် ရောင်ခြည်ကြောင့် မကောင်းဆိုဝါးဖြစ်သွားသော Johnny မှာ ပေါတောတောဖြင့် ရွှင်မြူးတက်ကြွနေပြီး မကောင်းဆိုးဝါး အဖြစ်နေထိုင်ရသောဘဝကို နှစ်သက်နေတော့သည်။

မည်သို့ပင်ဆိုစေ ယခင်ကတည်းက ဝရုန်းသုန်းကားဖြစ်နေကြသော Drac တို့အဖွဲ့ တစ်ဦးကိုတစ်ဦး ရူးသွပ်အောင် မပြုလုပ်နိုင်ကြမီ၊ အချိန်မနှောင်းမီတွင် ဖြေဆေးကို ရှာဖွေကြရမည်ဖြစ်သောကြောင့် ကမ္ဘာအနှံ့ဖြေဆေးရှာဖွေရေး စတင်တော့သည်။

သမီးဖြစ်သူ Mavis ၏ အကူအညီနှင့်အတူ Drac တို့ သုတ်သီးသုတ်ပျာအဖွဲ့ ဖြေဆေးရှာဖွေနိုင်မည်လား၊ မည်သည့်အခက်အခဲများ ကြုံတွေ့ကြရဦးမည်နည်း၊ ၎င်းတို့အဖွဲ့၏ အလွဲလွဲအချော်အချော်များက မည်သို့ရှိကြမည်ကို Hotel Transylvania: Transformania ဇာတ်ကားတွင် ကြည့်ရှုခံစားရမည်ဖြစ်သည်။

ယင်းဇာတ်ကားတွင် Brian Hull ၊ Andy Samberg နှင့် Selena Gomez တို့အပြင် သရုပ်ဆောင်အများအပြားက အသံနောက်ခံ ပြောကြားပေးထားသည်။

Most Read

Most Recent