Sweet Home ရုပ်သံဇာတ်လမ်းတွဲ၏ Season 2 ကို ရိုက်ကူးမည်ဟု Netflix အတည်ပြု

Sweet Home ရုပ်သံဇာတ်လမ်းတွဲ၏ Season 2 ကို ရိုက်ကူးမည်ဟု Netflix အတည်ပြု
Published 15 July 2021

၂၀၂၀ ခုနှစ်ဒီဇင်ဘာလက ထွက်ရှိလာခဲ့သော တောင်ကိုရီးယားလျှို့ဝှက် သည်းဖိုထိတ်လန့်ဖွယ် ရုပ်သံဇာတ်လမ်းတွဲ Sweet Home ၏ Season 2 ကို ဆက်လက်ရိုက်ကူးသွားမည်ဟု Netflix က တရားဝင်အတည်ပြု ထုတ်ပြန်ခဲ့သည်။

Sweet Home သည် Netflix ၏ ကြည့်ရှုသူအများဆုံး ရုပ်သံဇာတ်လမ်းတွဲများတွင် တစ်ခုအပါအဝင်ဖြစ်ပြီး ကိုရီးယားနိုင်ငံတွင်သာမက ကမ္ဘာတစ်ဝန်းလုံးတွင်ပါ လူကြိုက်များခဲ့သည်။

Sweet Home ရုပ်သံဇာတ်လမ်းတွဲ၏ အဆုံးသတ်သည် မပြတ်မသားဖြစ်နေသောကြောင့် ပရိသတ်များနှင့် အင်တာနက်အသုံးပြုသူများက Season 2 ဆက်လက်ထွက်ရှိနိုင်ဖွယ် ရှိ၊မရှိ စိတ်ဝင်စားနေကြချိန် Netflix က ယင်းကဲ့သို့ အတည်ပြုခဲ့ခြင်းဖြစ်သည်။

Season 2 တွင်လည်း Sweet Home ၏ Song Kang ၊ Lee Jin Wook နှင့် Lee Si Yong တို့အပါအဝင် အဓိကသရုပ်ဆောင်များ ဆက်လက်ပါဝင်သွားမည်ဖြစ်ပြီး ယခုနှစ်ဒီဇင်ဘာလတွင် စတင်ရိုက်ကူးသွားဖွယ် ရှိကာ ၂၀၂၂ ခုနှစ်တွင် ထွက်ရှိလာလိမ့်မည်ဟု မျှော်မှန်းထားကြောင်း ထုတ်ပြန်ခဲ့သည်။

 မကြာသေးမီကလည်း Sweet Home တွင် Pyeon Sang-wook နေရာတွင် ပါဝင်သရုပ်ဆောင်ခဲ့သည့် Lee Jin Wook က ယင်းဇာတ်လမ်းတွဲ၏ Season 2 ကို ရိုက်ကူးဖြစ်လျှင် ၎င်းဇာတ်ကောင်၏အားကောင်းလာမှုကို မြင်တွေ့ရဖွယ်ရှိသည်ဟု ထုတ်ဖော်ပြောကြားခဲ့သည်။

ယင်းဇာတ်လမ်းတွဲသည် ထင်ရှားသည့် လျှို့ဝှက်သည်းဖို webtoon ကိုအခြေခံ၍ ရိုက်ကူးထားခြင်းဖြစ်ပြီး ပထမ season တွင် တစ်ကိုယ်တည်းသမားတစ်ဦးဖြစ်သူ အထက်တန်းကျောင်းသားတစ်ဦးသည် အဆောက်အဦးသစ်တစ်လုံးတွင် ပြောင်းရွှေ့နေထိုင်ခဲ့ပြီးနောက် ၎င်းပတ်ဝန်းကျင်ရှိလူများသည် ကြောက်မက်ဖွယ်သတ္တဝါ ဆိုးကြီးများအဖြစ် ရုတ်တရက် ပြောင်းလဲသွားချိန်၌ တွေ့ကြုံရသည့် ကြောက်မက်ဖွယ် အဖြစ်အပျက်များကို ရိုက်ကူးတင်ဆက်ထားသည့်ဇာတ်လမ်းတွဲဖြစ်ပြီး webtoon ၏ အမည်နှင့် ဇာတ်လမ်းတွဲ၏အမည်မှာ အတူတူပင်ဖြစ်သည်။

Most Read

Most Recent