အာဆီယံ ဘုံသဘောတူညီချက်ကို အမြန်ဆုံးအကောင်အထည်ဖော်ရန်နှင့် မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ခန့်အပ်ရန် အရှေ့တောင်အာရှနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးများနှင့် တွေ့ဆုံဆွေးနွေးမှုတွင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး တိုက်တွန်း

အာဆီယံ ဘုံသဘောတူညီချက်ကို အမြန်ဆုံးအကောင်အထည်ဖော်ရန်နှင့် မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ခန့်အပ်ရန် အရှေ့တောင်အာရှနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးများနှင့် တွေ့ဆုံဆွေးနွေးမှုတွင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး တိုက်တွန်း
Photo : Vivian Balakrishnan Facebook (စင်္ကာပူ နိုင်ငံခြားရေးဝန်ကြီး)
Photo : Vivian Balakrishnan Facebook (စင်္ကာပူ နိုင်ငံခြားရေးဝန်ကြီး)
Published 14 July 2021
Ref: Reuters

ဇူလိုင် ၁၄ ရက်က အရှေ့တောင်အာရှနိုင်ငံများ၏ နိုင်ငံခြားရေးဝန်ကြီးများနှင့် ဗီဒီယိုကွန်ဖရင့်စ် တွေ့ဆုံဆွေးနွေးမှုအတွင်း မြန်မာနိုင်ငံအနေဖြင့် အာဆီယံခေါင်းဆောင်များအကြား ရရှိခဲ့သည့် ဘုံသဘောတူညီချက်များကို အမြန်ဆုံး အကောင်အထည်ဖော်ရန်နှင့် မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ခန့်အပ်ရန်အတွက် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်က တိုက်တွန်းပြောကြားခဲ့ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် နက်ဒ်ပရိုက်စ်က ကြေညာချက် ထုတ်ပြန်ခဲ့သည်။ မတရားသဖြင့် ဖမ်းဆီးထိန်းသိမ်းခံရသူအားလုံးကို ပြန်လွှတ်ပေးရန်နှင့် မြန်မာနိုင်ငံ၌ ဒီမိုကရေစီ အသွင်ကူးပြောင်းမှုကို ပြန်လည်ဖော်ဆောင်ရန်အတွက်လည်း ၎င်းက တိုက်တွန်းခဲ့ကြောင်း သိရသည်။

ထို့ပြင် မြန်မာနိုင်ငံ၏အခြေအနေနှင့်ပတ်သက်ပြီး အကြီးအကျယ်စိုးရိမ်မိကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်က ပြောကြားခဲ့ပြီး မြန်မာနိုင်ငံ၌ ဒီမိုကရေစီ ပြန်လည်ဖော်ဆောင်ရေးနှင့် အကြမ်းဖက်မှုများ အဆုံးသတ်ရေးအတွက် တုံ့ပြန်ဆောင်ရွက်သွားရန် အာဆီယံအဖွဲ့ကြီးကို ၎င်းက တိုက်တွန်းခဲ့ကြောင်း သိရသည်။

ဂျိုးဘိုင်ဒန် အမေရိကန်သမ္မတ ဖြစ်လာပြီးနောက်ပိုင်း အဖွဲ့ဝင် ၁၀ နိုင်ငံပါဝင်သည့် အာဆီယံအဖွဲ့ကြီးနှင့် ပထမဆုံးအစည်းအဝေး ပြုလုပ်ခဲ့ခြင်းလည်း ဖြစ်သည်။ တရုတ်၏ သြဇာကြီးထွားလာမှုကို တန်ပြန်ရင်ဆိုင်ရန် အမေရိကန်၏ ဒေသတွင်း မဟာဗျူဟာအတွက် အလွန်အရေးပါသော ဒေသတစ်ခုဖြစ်သည့် အာဆီယံအပေါ် အမေရိကန်အနေဖြင့် လုံလောက်သည့် အာရုံစိုက်မှုမျိုး ရှိမနေဟုဆိုသည့် စိုးရိမ်မှုများရှိနေချိန်တွင် ယခုကဲ့သို့ လုပ်ဆောင်ခဲ့ခြင်းလည်း ဖြစ်သည်။

ဖေဖော်ဝါရီ ၁ ရက်နောက်ပိုင်း နိုင်ငံရေးမတည်ငြိမ်မှုများ ဖြစ်ပေါ်နေသည့် မြန်မာနိုင်ငံ၏အရေးနှင့်ပတ်သက်ပြီး သံတမန်နည်းလမ်းအရ အဓိကကြိုးပမ်းမှုများကို အာဆီယံအဖွဲ့ကြီးက ဦးဆောင်နေခြင်း ဖြစ်သည်။

ထို့ပြင် တောင်တရုတ်ပင်လယ် နယ်မြေပိုင်ဆိုင်မှုနှင့်ပတ်သက်ပြီး တရုတ်၏ အခိုင်အမာပြောဆိုမှုများသည် တရားမဝင်ကြောင်းကိုလည်း ၎င်းက အလေးအနက်ပြောကြားခဲ့ပြီး တရုတ်၏ ခြိမ်းခြောက်အနိုင်ကျင့်မှုနှင့် ရင်ဆိုင်နေရချိန်တွင် အရှေ့တောင်အာရှနိုင်ငံများဘက်မှ ရပ်တည်သွားမည်ဟု ဘလင်ကန်က ကတိပြုခဲ့သည်။

အာဆီယံနိုင်ငံများဖြစ်ကြသည့် ဗီယက်နမ်၊ မလေးရှား၊ ဘရူနိုင်း၊ အင်ဒိုနီးရှားနှင့် ဖိလစ်ပိုင်နိုင်ငံတို့၏ အထူးစီးပွားရေးဇုန်များနှင့် စုဆုံနေပြီး တစ်ဖက်သတ်ကြေညာထားသည့် U ပုံသဏ္ဍာန် ပိုင်နက်မျဉ်း "nine-dash line" မှ ပိုင်နက်အငြင်းပွားဖွယ် တောင်တရုတ်ပင်လယ်၏ နေရာအများအပြားကို ပိုင်ဆိုင်ကြောင်း တရုတ်က အခိုင်အမာပြောဆိုထားပြီး ယင်းသို့ အငြင်းပွားနေသည့် ရေလမ်းကြောင်းမှ နှစ်စဉ် ဒေါ်လာ ထရီလီယံနဲ့ချီ၍ ကုန်စည်စီးဆင်းနေခြင်းလည်း ဖြစ်သည်။

ထို့ပြင် အမေရိကန်အနေဖြင့် မဲခေါင်-အမေရိကန် မိတ်ဖက်ပူးပေါင်းမှုအရ ပွင့်လင်းလွတ်လပ်သည့် မဲခေါင်မြစ်ဝှမ်းဒေသအတွက် ထောက်ပံ့မှုများ ဆက်လုပ်သွားမည်ဖြစ်ကြောင်းကိုလည်း နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန်က ကတိပြုခဲ့ကြောင်း သိရသည်။

တောင်တရုတ်ပင်လယ်အပြင် မဲခေါင်မြစ်သည် အမေရိကန်-တရုတ် အားပြိုင်မှု၏ မျက်နှာစာသစ် ဖြစ်လာပြီး တရုတ်အနေဖြင့် မဲခေါင်မြစ်ကြောင်းကို ထိန်းချုပ်နိုင်ရေးအတွက် မဲခေါင်မြစ်အောက်ပိုင်း နိုင်ငံများအပေါ် အမေရိကန်ထက် ငွေကြေးပိုမိုသုံးစွဲ၍ သြဇာပိုမိုဖြန့်ကြက်ထားနိုင်ခြင်းလည်း ဖြစ်သည်။

Most Read

Most Recent