ငါးသားပေါက်ရာသီဖြစ်သည့် ဇူလိုင်လအတွင်း ကမ်းဝေးငါးဖမ်းလှေကြီးများကို ငါးဖမ်းဆီးခွင့် ပြန်လည်ခွင့်ပြု

ငါးသားပေါက်ရာသီဖြစ်သည့် ဇူလိုင်လအတွင်း ကမ်းဝေးငါးဖမ်းလှေကြီးများကို ငါးဖမ်းဆီးခွင့် ပြန်လည်ခွင့်ပြု
မြိတ်ဆိပ်ကမ်းတွင် ငါးဖမ်းလှေများကို တွေ့ရစဉ်
မြိတ်ဆိပ်ကမ်းတွင် ငါးဖမ်းလှေများကို တွေ့ရစဉ်
Published 13 July 2021
ဇော်မိုးဦး (မြိတ်)

ငါးသားပေါက်ရာသီဖြစ်သည့် ဇူလိုင်လအတွင်းတွင် ကမ်းဝေးငါးဖမ်းလှေကြီးများကို ငါးဖမ်းဆီးခွင့် ပြန်လည်ခွင့်ပြုလိုက်ကြောင်း ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။

ယခုနှစ် ငါးသားပေါက်ရာသီကို မေ၊ ဇွန်နှင့် ဇူလိုင်လများအဖြစ် သတ်မှတ်ထားပြီး ကမ်းဝေးငါးဖမ်းလှေကြီးများကို ငါးဖမ်းဆီးခွင့် ရာနှုန်းပြည့်ပိတ်ထားကြောင်း သိရသည်။ သို့ရာတွင် ဇူလိုင်လအတွင်း ကမ်းဝေးငါးဖမ်းလှေကြီး ရာခိုင်နှုန်း ၅၀ ကို ငါးဖမ်းခွင့် ပြန်လည်ခွင့်ပြုလိုက်ပြီဖြစ်ရာ ငါးဖမ်းလှေကြီးများမှာ ပင်လယ်ပြင်အတွင်း ငါးဖမ်းဆီးမှုများ လုပ်ဆောင်နေပြီဖြစ်ကြောင်း သိရသည်။ ဇူလိုင်လလယ်တွင်မှ ခွင့်ပြုခြင်းမဟုတ်ဘဲ ဇူလိုင်လအတွင်းမှာပင် ငါးဖမ်းကိရိယာအမျိုးအစားအလိုက် ရာခိုင်နှုန်း ၅၀ ကို ခွင့်ပြုပေးခြင်းဖြစ်ကြောင်း သိရသည်။

“ဇူလိုင် ၁၅ ရက် မဟုတ်ပါဘူး။ ဇူလိုင်လထဲမှာပဲ ၅၀ ရာခိုင်နှုန်းကိုအမျိုးအစားအလိုက် ပေးတာပါ။ အမျိုးအစားထဲမှာဆိုရင် တရွတ်ဆွဲ၊ ၀ိုင်းချုပ်၊ ကျားပိုက်၊ အင်္ဂလန်ကျား၊ မျှောပိုက်၊ စိန်ပိုက်၊ ငါးမျှားတန်း၊ ကင်းမွန်၊ မြှုံးလှေ စသဖြင့်ရှိတယ်ပေါ့။ ငါးဖမ်းကိရိယာအမျိုးအစားအလိုက် တရွတ်ဆွဲအစင်းရေ ၁၀၀ ရှိရင် အစင်းရေ ၅၀ ထွက်လို့ရမယ်။ ကျန်တဲ့ကိရိယာတွေလည်း ဒီလိုပဲအစင်းရ ၁၀၀ ရှိရင် အစင်းရေ ၅၀ ထွက်လို့ရတယ်။ တနင်္သာရီတိုင်းဒေသကြီးအတွင်းမှာဆိုရင် စုစုပေါင်း ငါးဖမ်းလှေ ၁၄၀၀ ကျော်ရှိတယ်။ အဲဒီတော့ ၇၀၀ ကျော်လောက် ထွက်ခွင့်ရှိမှာပါ။ အမျိုးအစားအလိုက် ပြန်ခွဲဝေပြီး ထွက်ခွင့်ပေးတာပါ။ ဒီလို ခွဲဝေရာမှာလည်း ငါးလုပ်ငန်းအဖွဲ့ချုပ်နဲ့ ပူးပေါင်းပြီး စာရင်းတင်ပေးလာတဲ့ အစင်းရေအပေါ်မူတည်ပြီး တင်ပြပေးတာပါ။ ခွင့်ပြုချက်ရတာနဲ့ ထွက်ခွင့်ရမှာပါ” ဟု မြိတ်ခရိုင် ငါးလုပ်ငန်းဦးစီးမှူး ဦးဇော်မင်းဦးက ပြောကြားခဲ့သည်။

ငါးလုပ်ငန်းအဖွဲ့ချုပ်မှ တင်ပြပေးလာသည့်အစင်းရေတွင် တစ်ဝက်ကို ခွင့်ပြုချက်ပေးနေခြင်းဖြစ်ပြီး ကိုဗစ်ကာလစီးပွားရေး ကျပ်တည်းလာမှုအပေါ်မူတည်ပြီး ဖြေလျှော့ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ အဓိကအချက်ကတော့ လုပ်ငန်းရှင်တွေက ကိုဗစ်ကြောင့် စီးပွားရေးကျပ်တည်းနေတဲ့အခြေအနေမှာ ငါးဖမ်းရာသီကို ရှေ့တိုးပြီး ဖမ်းဆီးခွင့်ပေးဖို့ တင်ပြထားတာရှိတယ်။ အဲဒါအပေါ်မူတည်ပြီး အစိုးရက ဇူလိုင်လထဲ မှာ ပြန်ဖမ်းခွင့်ပြုလိုက်တာပါ။ ရာနှုန်းပြည့်ဖမ်း ခွင့်မပြုဘူး။ တစ်ဝက်လောက်ကို ဖြေလျှော့မှု တစ်ခုအနေနဲ့ ဆောင်ရွက်ပေးတာဖြစ်တယ်” ဟု ဦးဇော်မင်းဦးက ပြောကြားသည်။

ငါးသားပေါက်ရာသီကို ပြီးခဲ့သည့်နှစ်က ဇွန်၊ ဇူလိုင်နှင့် သြဂုတ်လများတွင် သတ်မှတ်ထားပြီး ကမ်းဝေးလှေကြီးများကို ရာနှုန်းပြည့် ပိတ်ထားခဲ့ကာ ယခုနှစ်တွင် မေ၊ ဇွန်နှင့် ဇူလိုင်များကို သတ်မှတ်ထားသော်လည်း ဇူလိုင်လတွင် ရာခိုင်နှုန်း ၅၀ ပြန်လည်ထွက်ခွာခွင့်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ကမ်းဝေးလှေကြီးများမှာ ပင်လယ်ပြင်အတွင်း ငါးဖမ်းဆီးခြင်း လုပ်ကိုင်မည်ဖြစ်သော်လည်း ကင်းမွန်လှေများမှာ ရာသီဥတုအနေထားကြောင့် ထွက်ခွာမည့် လှေနည်းပါးနေပြီး သြဂုတ်လကုန်မှသာ ထွက်ခွာမည်ဖြစ်ကြောင်း လုပ်ငန်းရှင်များက ပြောကြားသည်။

Most Read

Most Recent