Telenor က မြန်မာနိုင်ငံရှိ ၎င်း၏လုပ်ငန်းများကို M1 Group ထံ ဒေါ်လာ ၁၀၅ သန်းဖြင့် ရောင်းချခဲ့ခြင်းနှင့် ဥပဒေအရ နှစ်စဉ်အစီရင်ခံတင်သွင်းရန် ပျက်ကွက်ခဲ့သည့် ကုမ္ပဏီ ၁၀၀ ခုကို မှတ်ပုံတင်စာရင်းများ ပယ်ဖျက်ခဲ့ခြင်း

Telenor က မြန်မာနိုင်ငံရှိ ၎င်း၏လုပ်ငန်းများကို M1 Group ထံ ဒေါ်လာ ၁၀၅ သန်းဖြင့် ရောင်းချခဲ့ခြင်းနှင့် ဥပဒေအရ နှစ်စဉ်အစီရင်ခံတင်သွင်းရန် ပျက်ကွက်ခဲ့သည့် ကုမ္ပဏီ ၁၀၀ ခုကို မှတ်ပုံတင်စာရင်းများ ပယ်ဖျက်ခဲ့ခြင်း
မန္တလေးမြို့ရှိ Telenor ရုံးခွဲတစ်ခုကို တွေ့ရစဉ်
မန္တလေးမြို့ရှိ Telenor ရုံးခွဲတစ်ခုကို တွေ့ရစဉ်
Published 11 July 2021

ဗဟိုဘဏ်က လေးရက်ဆက်တိုက် ဒေါ်လာများ ရောင်းချ

မြန်မာနိုင်ငံတော်ဗဟိုဘဏ်က  နိုင်ငံခြားငွေစျေးပြိုင်လေလံစနစ်ဖြင့် ဒေါ်လာများကို ၂၀၂၁ ခုနှစ် ဇူလိုင် ၅၊ ၆၊ ၇ နှင့် ၈ ရက်နေ့များတွင် ဆက်တိုက်ရောင်းချခဲ့သည်။

ဇူလိုင် ၅ ရက်တွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်က နိုင်ငံခြားငွေစျေးပြိုင်လေလံဖြင့် ဒေါ်လာသုံးသန်း ရောင်းချခဲ့ပြီး လေလံအတွက် ပျမ်းမျှငွေလဲနှုန်းမှာ ၁၆၂၅ ကျပ်၊ ဇူလိုင် ၆ ရက်တွင် ဗဟိုဘဏ်က နိုင်ငံခြားငွေ စျေးပြိုင်လေလံဖြင့် ဒေါ်လာသုံးသန်း ရောင်းချခဲ့ပြီး လေလံအတွက် ပျမ်းမျှငွေလဲနှုန်းမှာ ၁၆၃၀ ကျပ်၊ ဇူလိုင် ၇ ရက်တွင်ဗဟိုဘဏ်က နိုင်ငံခြားငွေစျေး ပြိုင်လေလံဖြင့် ဒေါ်လာသုံးသန်း ရောင်းချခဲ့ပြီး လေလံအတွက် ပျမ်းမျှငွေလဲနှုန်းမှာ ၁၆၄၀ ကျပ်နှင့် ဇူလိုင် ၈ ရက်တွင် ဗဟိုဘဏ်က နိုင်ငံခြားငွေစျေးပြိုင်လေလံဖြင့် ဒေါ်လာခြောက်သန်းရောင်းချခဲ့ပြီး လေလံအတွက် ပျမ်းမျှငွေလဲနှုန်းမှာ ကျပ် ၁၆၄၀ ဖြစ်သည်။

ဇူလိုင် ၅၊၆၊ရနှင့် ၈ ရက်အတွင်း ဗဟိုဘဏ်က စုစုပေါင်းဒေါ်လာ ၁၅ သန်းအထိ ရောင်းချခဲ့သည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီမှ ဇွန်လကုန်အထိ မြန်မာနိုင်ငံတော်ဗဟိုဘဏ်က နိုင်ငံခြားငွေစျေးပြိုင်လေလံဖြင့် ဒေါ်လာ ၅၄သန်းကျော် ရောင်းချထားပြီး မေလတွင် အများဆုံးရောင်းချခဲ့ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ထုတ်ပြန်သည့်စာရင်းများအရ သိရသည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်က လအလိုက် ဒေါ်လာရောင်းချခဲ့မှုအနေဖြင့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလတွင် ဒေါ်လာ ၆ ဒသမ ၈ သန်း၊ မတ်လတွင် ရောင်းချမှုမရှိခဲ့ပေ။ ဧပြီလတွင် ဒေါ်လာ ၁၂ သန်း၊မေလတွင် ဒေါ်လာ ၂၄ သန်းနှင့် ဇွန်လတွင် ဒေါ်လာ ၁၂ သန်းရောင်းချခဲ့သည်။

၂၀၂၁ ခုနှစ် ဇန်နဝါရီလတွင် ဗဟိုဘဏ်က ဒေါ်လာ၁ ဒသမ ၈ သန်း ဝယ်ယူခဲ့သည်။

၂၀၂၀ ပြည့်နှစ် ဇန်နဝါရီမှ ဒီဇင်ဘာလအထိ လအလိုက် ရောင်းဝယ်မှုပမာဏများမှာ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီတွင် ဒေါ်လာ ၃၉ ဒသမ ၅ သန်း၊ ဖေဖော်ဝါရီတွင် ဒေါ်လာ ၃၁ ဒသမ ၅ သန်း၊ မတ်တွင် ဒေါ်လာ ၂၁ သန်း၊ မေတွင် ဒေါ်လာ ၁၆ ဒသမ ၇ သန်း၊ ဇွန်တွင် ၃၉ ဒသမ ၁ သန်း၊ ဇူလိုင်တွင် ဒေါ်လာ ၃၁ ဒသမ ၁ သန်း၊ သြဂုတ်တွင် ဒေါ်လာ ၃၅ ဒသမ ၆ သန်း၊ စက်တင်ဘာတွင် ဒေါ်လာ ၄၄ ဒသမ ၂ သန်း၊ အောက်တိုဘာတွင် ဒေါ်လာ ၄၃ သန်း၊ နိုဝင်ဘာတွင် ဒေါ်လာတစ်သိန်း၊ ဒီဇင်ဘာလတွင် ဒေါ်လာ ၇ ဒသမ ၈ သန်း ဝယ်ယူခဲ့ပြီး ၂၀၂၀ ပြည့်နှစ် ဧပြီတွင် ဒေါ်လာ ၂ ဒသမ ၇ သန်း၊ ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာတွင် ဒေါ်လာ သုံးသန်း ပြန်လည်ရောင်းချခဲ့သည်။ ၂၀၂၁ ခုနှစ် ဇန်နဝါရီတွင် ဒေါ်လာ ၁ ဒသမ ၈ သန်းဝယ်ယူခဲ့ပြီး ဖေဖော်ဝါရီတွင် ဒေါ်လာ ၆ ဒသမ ၈ သန်းရောင်းချခဲ့သည်။

ကာလတိုအတွင်း နိုင်ငံခြားငွေလဲလှယ်နှုန်းအတက်၊ အကျကြီးမားခြင်းကိုလျော့နည်းစေရန်နှင့် နိုင်ငံခြားသုံးသီးသန့် အရန်ငွေဖြည့်တင်းရန် နိုင်ငံတော်ဗဟိုဘဏ်က နိုင်ငံခြားငွေစျေးပြိုင်လေလံ ဖွင့်လှစ်ဆောင်ရွက်နေခြင်းဖြစ်သည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် ၎င်း၏နိုင်ငံခြားသုံးငွေလုပ်ငန်း (Foreign Exchange Operation) ရည်ရွယ်ချက်များဖြစ်သော ကာလတိုအတွင်း နိုင်ငံခြားငွေလဲလှယ်နှုန်းအတက်၊အကျကြီးမားခြင်းကို လျော့နည်းစေရန်နှင့် နိုင်ငံတော်၏ နိုင်ငံခြားသုံးသီးသန့်အရန်ငွေ ဖြည့်တင်းရန် အချက်နှစ်ချက်အား အကောင်အထည်ဖော်ရန်အတွက် စည်းမျဉ်းအခြေခံသည့် နိုင်ငံခြားငွေစျေးပြိုင်လေလံအား ဆောင်ရွက်လျက်ရှိသည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ် စျေးပြိုင်လေလံအတွက် စည်းမျဉ်း၊ ညွှန်ကြားချက်များချမှတ်ထားပြီး အဆိုပါစည်းမျဉ်း၊ ညွှန်ကြားချက်များနှင့်အညီ နိုင်ငံခြားငွေစျေးပြိုင် လေလံတွင်ပါဝင်သည့် နိုင်ငံခြားသုံးငွေများ ရောင်းဝယ်ဖောက်ကားသည့် လုပ်ငန်းလိုင်စင် (Authorized Dealer - AD) ရ ဘဏ်များဖြစ်သော နိုင်ငံပိုင်ဘဏ်သုံးဘဏ်၊ ပြည်တွင်းပုဂ္ဂလိကဘဏ် ၁၉ ဘဏ်နှင့် နိုင်ငံခြားဘဏ်ဘဏ်ခွဲ ၁၃ ဘဏ်တို့ဖြင့် နိုင်ငံခြားငွေဝယ်ခြင်း၊ ရောင်းခြင်းတို့ကို ဆောင်ရွက်နေခြင်းဖြစ်သည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ နိုင်ငံခြားသုံးငွေလုပ်ငန်း ဆောင်ရွက်ချက်များမှာ  ကာလတိုအတွင်း နိုင်ငံခြားငွေလဲလှယ်နှုန်း  အတက်၊ အကျကြီးမားခြင်းကို လျော့နည်းစေရန် အလုပ်လုပ်ရက်တစ်ရက်ရှိ မြန်မာကျပ်ငွေနှင့် အမေရိကန်တစ်ဒေါ်လာ၏ ငွေလဲလှယ်နှုန်းနှင့် ယခင်ရက်ရည်ညွှန်းငွေလဲလှယ်နှုန်းတို့ကို နှိုင်းယှဉ်ခြင်း၊ ယင်းသို့နှိုင်းယှဉ်ချက်အရ မြန်မာကျပ်ငွေတန်ဖိုးကျဆင်းသည့် ရာခိုင်နှုန်းသည် ချမှတ်ထားသည့် စည်းမျဉ်းများအရ သတ်မှတ်ချက်ထက်ကျော်လွန်လျှင် နိုင်ငံခြားငွေ (အမေရိကန်ဒေါ်လာ ရောင်းချရန် စျေးပြိုင်လေလံကို ဖွင့်လှစ်ဆောင်ရွက်ခြင်း၊ မြန်မာကျပ် ငွေတန်ဖိုး မြင့်တက်သည့်ရာခိုင်နှုန်းသည် ချမှတ်ထားသည့် စည်းမျဉ်းများအရ သတ်မှတ်ချက်ထက် ကျော်လွန်လျှင် နိုင်ငံခြားငွေ (အမေရိကန် ဒေါ်လာ) ဝယ်ယူရန် စျေးပြိုင်လေလံကို ဖွင့်လှစ်ဆောင်ရွက်ခြင်း၊နိုင်ငံတော်၏ နိုင်ငံခြားသုံးသီးသန့်အရန်ငွေကို ဖြည့်တင်းရန် အလုပ်လုပ်ရက်တစ်ရက်၏ ငွေလဲလှယ်နှုန်းအား ပြီးခဲ့သည့်ရက်ပေါင်း ၂၀ အတွင်း၌ ဖြစ်ပေါ်သည့် ပျမ်းမျှမြန်မာကျပ်ငွေနှင့် အမေရိကန်တစ်ဒေါ်လာ လဲလှယ်နှုန်းနှင့် နှိုင်းယှဉ်ခြင်း၊ ယင်းသို့ နှိုင်းယှဉ်ချက်အရ မြန်မာကျပ်ငွေတန်ဖိုးမြင့်တက်သည့် ရာခိုင်နှုန်းသည် ချမှတ်ထားသည့် စည်းမျဉ်းများအရ သတ်မှတ်ချက်ထက် ကျော်လွန်လျှင် နိုင်ငံခြားငွေ (အမေရိကန် ဒေါ်လာ) ဝယ်ယူရန် စျေးပြိုင်လေလံကို ဖွင့်လှစ်ဆောင်ရွက်ခြင်း၊ စျေးပြိုင်လေလံတွင် ဗဟိုဘဏ်က ကြေညာထားသည့် အမြင့်ဆုံးလဲလှယ်နှုန်းနှင့် အနိမ့်ဆုံးလဲလှယ်နှုန်းအကြား AD ဘဏ်များက တင်ပြသည့် နိုင်ငံခြားငွေဝယ်ယူရန်၊ ရောင်းချရန် တင်ပြချက်များကို Refinitiv (ယခင် Thomson Reuters) ၏ လေလံအရောင်းအဝယ်စနစ် (Real Time Dealing Platform) ကို အသုံးပြု၍ ဗဟိုဘဏ်က ဝယ်ယူ၊ ရောင်းချခြင်းဖြစ်သည်။

အဆိုပါဖော်ပြခဲ့သည့်အတိုင်း ဗဟိုဘဏ်က နိုင်ငံခြားငွေစျေးပြိုင် လေလံဖွင့်လှစ်ဆောင်နေခြင်းမှာ ကာလတိုအတွင်း နိုင်ငံခြားငွေလဲလှယ်နှုန်း အတက်၊ အကျကြီးမားခြင်းကို လျော့နည်းစေရန်နှင့် နိုင်ငံခြားသုံး သီးသန့်အရန်ငွေဖြည့်တင်းရန်အတွက် ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ဖွင့်လှစ်ဆောင်ရွက်နေသည့် နိုင်ငံခြားငွေစျေးပြိုင်လေလံသည် ငွေလဲလှယ်နှုန်းကို နှုန်းထားတစ်ရပ်တွင် ရှိနေစေရန် ဖြစ်စေ၊ မြန်မာကျပ်ငွေတန်ဖိုးမြင့်တက်စေရန်ဖြစ်စေ သို့မဟုတ် ကျဆင်းစေရန်ဖြစ်စေ ရည်ရွယ်ဆောင်ရွက်ခြင်း မဟုတ်ကြောင်း ဗဟိုဘဏ်က ကြေညာထားသည်။

နှစ်စဉ်အစီရင်ခံစာတင်ပြရန် ပျက်ကွက်ခဲ့သဖြင့် မှတ်ပုံတင်စာရင်းမှ ပယ်ဖျက်ခဲ့သည့်ကုမ္ပဏီ ၁၀၀ ခု

မြန်မာနိုင်ငံကုမ္ပဏီများဥပဒေ ပုဒ်မ ၉ရအရ နှစ်စဉ်အစီရင်ခံစာ (Annual Return) တင်ပြရန် ပျက်ကွက်ခဲ့သော ကုမ္ပဏီ ၁၀၀ ခုအား မြန်မာနိုင်ငံကုမ္ပဏီများဥပဒေ ပုဒ်မ ၄၃၀(စ)အရ မှတ်ပုံတင်စာရင်းမှ ပယ်ဖျက်ခြင်း (Struck. Off) အဖြစ် ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်လိုက်သည်။

ယင်းအမိန့်ကြော်ငြာစာ ထုတ်ပြန်သည့် ၂၀၂၁ ခုနှစ် ဇူလိုင် ၅ ရက်မှစ၍ ကုမ္ပဏီမှတ်ပုံတင်စာရင်းမှ ပယ်ဖျက်လိုက်ခြင်း ဖြစ်သည်။

MyCO တွင် မှတ်ပုံတင်ခဲ့သည့် ကုမ္ပဏီများအနေဖြင့် နှစ်စဉ်အစီရင်ခံစာ (Annual Return - AR) တင်ပြခြင်းကို ဆောင်ရွက်ရမည်ဟု သိရသည်။

Annual Return နောက်ဆုံး တင်ပြရမည့်ရက်ကို ကုမ္ပဏီ Profile တွင်ဖော်ပြထားသဖြင့် အဆိုပါရက်မတိုင်ခင် မှတ်ပုံကြေးကျပ် ၅၀၀၀၀ ပေးသွင်းတင်ပြရန် ဖြစ်ကြောင်း၊ Annual Return တင်ပြရမည့်ရက်ကျော်လွန်ပြီး ၂၈ ရက် အတွင်းဖြစ်လျှင် နောက်ကျကြေး (late Fee) ကျပ် ၁၀၀၀၀၀ ပေးသွင်းရမည်ဖြစ်ကြောင်း သိရသည်။

Annual Return တင်ပြရမည့်ရက်ထက် ၂၈ ရက်ကျော်လွန်ပြီးပါက ဆိုင်းငံ့ (Suspended) ဖြစ်သွားသဖြင့် ဆိုင်းငံ့စာရင်းမှ ပယ်ဖျက်ပေးရန် ပုံစံ 1-9D ဖြင့် တင်ပြရသည့်အတွက် မှတ်ပုံတင်ကြေး ကျပ်တစ်သိန်း ထပ်မံပေးသွင်းရမည်ဖြစ်သည်။

Suspended ဖြစ်ပြီးခြောက်လအထိ AR တင်ပြခြင်းမရှိပါက ကုမ္ပဏီအား မှတ်ပုံတင်စာရင်းမှ ပယ်ဖျက်မည်ဖြစ်သည်။ ပယ်ဖျက်ဖြစ်ပြီး ကုမ္ပဏီအမည်အား ပြန်လည်အသက်သွင်းလိုပါက ကုမ္ပဏီမှ တရားရုံးကင်းလွတ်ခွင့်အမိန့်ဖြင့် MyCO တွင် 1-5 ဖြင့် ပြန်လည်တင်ပြရမည်ဟု သိရသည်။

Struck Off ဖော်ပြခြင်းခံရသော ကုမ္ပဏီဖြစ်ပါက တရားရုံးကင်းလွတ်ခွင့်ရရှိရန် လျှောက်ထားရသည့် ကုန်ကျစရိတ်နှင့် မြန်မာနိုင်ငံကုမ္ပဏီများဥပဒေပါ လိုက်နာရန် ပျက်ကွက်ထားကြောင်း ကုမ္ပဏီ၏ပုံရိပ် ကျန်ရှိနေမည်ဖြစ်သောကြောင့် နှစ်စဉ်အစီရင်ခံစာ (Annual Return) တင်ပြခြင်းကို အထူးဂရုပြု ဆောင်ရွက်ကြရန်ဖြစ်သည်။

Telenor က မြန်မာနိုင်ငံရှိ ၎င်း၏လုပ်ငန်းများကို လက်ဘနွန်အခြေစိုက် M1 Group ထံ ဒေါ်လာ ၁၀၅ သန်းဖြင့် ရောင်းချ

နော်ဝေဆက်သွယ်ရေးကုမ္ပဏီကြီး Telenor သည် မြန်မာနိုင်ငံရှိ ၎င်း၏လုပ်ငန်းလည်ပတ်မှုများကို လက်ဘနွန်ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီ M1 Group ကို ဒေါ်လာ ၁၀၅သန်းဖြင့် ရောင်းချလိုက်ပြီဖြစ်ကြောင်း ၎င်းကုမ္ပဏီက ဇူလိုင် ၈ ရက်တွင် ကြေညာခဲ့ကြောင်း ရိုက်တာသတင်းတွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံတွင် ဖေဖော်ဝါရီ ၁ ရက်နောက်ပိုင်း မိုဘိုင်းဆက်သွယ်ရေးလုပ်ငန်းအပေါ် အကြီးအကျယ် ကန့်သတ်မှုများ ရှိလာခဲ့ပြီးနောက် Telenor သည် ဒေါ်လာ ၇၅၂ သန်း (ခရိုနာ ၆ ဒသမ ၅ ဘီလျံ)အရှုံးပေါ် ခဲ့ကြောင်း ယခုနှစ်မေလက ထုတ်ပြန်ကြေညာခဲ့သည်။

ယခုအရောင်းအဝယ်မှာ သွယ်ဝိုက်လုပ်ငန်းတန်ဖိုး ဒေါ်လာသန်း ၆၀၀ ခန့်ရှိနိုင်ပြီး M1 Group သည် မြန်မာနိုင်ငံရှိ Telenor ၏ရှယ်ယာအားလုံးကို လွှဲပြောင်းရယူကာ လက်ရှိလုပ်ငန်းလည်ပတ်မှုများ ဆက်လုပ်သွားမည်ဟုသိရသည်။

Telenor သည် မြန်မာနိုင်ငံတွင် အကြီးမားဆုံး ပြည်ပရင်းနှီးမြှုပ်နှံသူများထဲတွင် ပါဝင်နေခြင်းလည်း ဖြစ်သည်။

နော်ဝေနိုင်ငံပိုင် ဆက်သွယ်ရေးလုပ်ငန်းဖြစ်သည့် Telenor သည် စကင်ဒီနေဗီးယန်းနိုင်ငံများအပြင် ဘင်္ဂလားဒေ့ရှ်၊ ပါကစ္စတန်၊ ထိုင်း၊ မလေးရှားနှင့် မြန်မာအပါအဝင် အာရှနိုင်ငံများတွင်လည်း လုပ်ငန်းလုပ်ကိုင်နေခြင်းဖြစ်ပြီး သုံးစွဲသူပေါင်း ၁၈၇ သန်းရှိကြောင်း သိရသည်။

လူဦးရေ ၅၄ သန်းရှိသည့် မြန်မာနိုင်ငံတွင် လူဦးရေ၏သုံးပုံတစ်ပုံ ဖြစ်သည့် ၁၈ သန်း ဝန်းကျင်ခန့် Telenor အသုံးပြုသူများဖြစ်ကြောင်း သိရသည်။

Most Read

Most Recent