အိုလံပစ်ပြိုင်ပွဲ ပထမဆုံးအကြိမ်ယှဉ်ပြိုင်ခွင့်ရသည့် မြန်မာကြက်တောင်အားကစားမယ် သက်ထားသူဇာအကြောင်းကို BWF ဝက်ဘ်ဆိုက်တွင်ဖော်ပြ

အိုလံပစ်ပြိုင်ပွဲ ပထမဆုံးအကြိမ်ယှဉ်ပြိုင်ခွင့်ရသည့် မြန်မာကြက်တောင်အားကစားမယ် သက်ထားသူဇာအကြောင်းကို BWF ဝက်ဘ်ဆိုက်တွင်ဖော်ပြ
Photo: BWF
Photo: BWF
Published 11 July 2021

 

ကမ္ဘာ့ကြက်တောင်အဖွဲ့ချုပ် (BWF) သည် အိုလံပစ်ပြိုင်ပွဲတွင် ပထမဆုံးအကြိမ် ယှဉ်ပြိုင်ခွင့်ရခဲ့သည့် မြန်မာကြက်တောင် အားကစားမယ် သက်ထားသူဇာအကြောင်းကို တရားဝင်ဝက်ဘ်ဆိုက်ဖြစ်သည့် www.bwfbadminton.com ဖော်ပြခဲ့ကြောင်း သိရသည်။

သက်ထားသူဇာသည် လက်ရည်စစ်ပွဲ အောင်မြင်သဖြင့် ဂျပန်နိုင်ငံ၌ ကျင်းပမည့် ၂၀၂၀ တိုကျိုအိုလံပစ်ပြိုင်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်ခွင့်ရရှိခဲ့ခြင်းဖြစ်သည်။ BWF ၏ ဖော်ပြမှုတွင် အိုလံပစ်ဝင်ခွင့်ရရန် သက်ထားသူဇာ၏ ကြိုးပမ်းမှုများ၊ ကိုရိုနာဗိုင်းရပ်စ် အခြေအနေကြောင့် တစ်နှစ်ကျော်အတွင်း ပြိုင်ပွဲမယှဉ်ပြိုင်ရသည့် အခြေအနေများ၊ ယင်းကာလအတွင်း လေ့ကျင့်မှုမပြတ်အောင် ဆောင်ရွက်ခဲ့ရမှုများ၊ အိုလံပစ်ပြိုင်ပွဲဝင်ခွင့်ရပြီးနောက် အကောင်းဆုံး ယှဉ်ပြိုင်နိုင်ရန် ပြင်ဆင်နေမှုများအား ဖော်ပြထားသည်။ 

ထို့ပြင် သက်ထားသူဇာက လက်ရှိကမ္ဘာ့ အဆင့် ၁ အမျိုးသမီးကြက်တောင်ကစားသမားဖြစ်သော တရုတ်တိုင်ပေကစားသမား တိုင်ကျူရင်မှာ သူမ၏ အကြိုက်ဆုံးကစားသမားတစ်ဦးဖြစ်ပြီး တစ်ချိန်တွင် ပြိုင်ဘက်အဖြစ် ရင်ဆိုင်ခွင့်ရရန် မျှော်လင့်ထားကြောင်း BWF သို့ ပြောကြားခဲ့သည်။

သက်ထားသူဇာက "အိုလံပစ်ပြိုင်ပွဲ ဝင်ခွင့်ရဖို့ ၂၀၁၇ ခုနှစ်ကတည်းက ကြိုးပမ်းခဲ့ပါတယ်။ အဲဒီအချိန်မှာ မြန်မာ့လက်ရွေးစင် ကြက်တောင်အသင်းကို နည်းပြအဖြစ် တာဝန်ယူဆောင်ရွက်နေတဲ့ အင်ဒိုနီးရှားနည်းပြရဲ့ အကြံပေးမှုကြောင့် ကြိုးစားဖြစ်ခဲ့တာပါ။ လေးနှစ်တာကာလအတွင်း အရမ်းကြိုးစားခဲ့ရသလို ခက်ခဲတဲ့အချိန်တွေလည်း အများကြီးပါပဲ။ အိုလံပစ်ပြိုင်ပွဲဝင်ခွင့်ရဖို့ အရမ်းကို ကြိုးစားခဲ့ရသလို အရမ်းလည်း ပင်ပန်းပါတယ်။  ပြိုင်ပွဲမှာ အကောင်းဆုံးယှဉ်ပြိုင်နိုင်ဖို့ ပြင်းပြင်းထန်ထန် လေ့ကျင့်ပြင်ဆင်နေပါတယ်။ ပြိုင်ပွဲတွေနဲ့ တစ်နှစ်ကျော်လောက် အဆက်ပြတ်နေတာက ပြိုင်ပွဲမှာ အခက်အခဲ တွေ ရှိလာနိုင်ပါတယ်။ အိုလံပစ်ပြိုင်ပွဲဖြစ်တဲ့ အတွက် ဆုတံဆိပ်ရယူဖို့ ခက်ခဲနိုင်ပေမဲ့ အကောင်းဆုံးကြိုးစားမှာပါ။ မထင်မှတ်တာတွေ လုပ်ပြနိုင်မယ်လို့လည်း မျှော်လင့်ထားပါတယ်"ဟု ပြောကြားခဲ့သည်။

တိုကျိုအိုလံပစ် အမျိုးသမီးတစ်ဦးချင်း ကြက်တောင်ပြိုင်ပွဲ အုပ်စုမဲခွဲမှုအရ သက်ထားသူဇာသည် အင်ဒိုနီးရှားနိုင်ငံသူ ဂရက် ဂိုရီမာရီစကာ၊ ဘယ်လ်ဂျီယံနိုင်ငံသူ လိုင်နီ တန်တို့နှင့် တစ်အုပ်စုတည်း ကျရောက်နေသည်။ အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲတွင် ကစားသမား ၄၃ ဦး ယှဉ်ပြိုင်ခွင့်ရထားပြီး သုံးဦး ၁၃ အုပ်စုနှင့် လေးဦး တစ်အုပ်စုခွဲ၍ ကျင်းပမည်ဖြစ်သည်။ 

အုပ်စုအဆင့်ပွဲစဉ်များ ကို ဇူလိုင် ၂၄ ရက်မှ ၂၈ ရက်၊ ရှုံးထွက်အဆင့် ကို ဇူလိုင် ၂၈ ရက်၊ ကွာတားဖိုင်နယ်ကို ဇူလိုင် ၂၉ ရက်၊ ဆီမီးဖိုင်နယ်ကို ဇူလိုင် ၃၀ ရက်နှင့် ဗိုလ်လုပွဲကို သြဂုတ် ၁ ရက်တွင် ကျင်းပမည် ဖြစ်သည်။ 

Most Read

Most Recent