အာဆီယံအနေဖြင့် မြန်မာ့အရေးကိုဖြေရှင်းမည့် ဘုံသဘောတူညီချက်ကို မြန်ဆန်ချောမွေ့စွာ အကောင်အထည်ဖော်နိုင်ရန် လုပ်ဆောင်နေဟု စင်ကာပူ ပြောကြား

အာဆီယံအနေဖြင့် မြန်မာ့အရေးကိုဖြေရှင်းမည့် ဘုံသဘောတူညီချက်ကို မြန်ဆန်ချောမွေ့စွာ အကောင်အထည်ဖော်နိုင်ရန် လုပ်ဆောင်နေဟု စင်ကာပူ ပြောကြား
Photo:AFP
Photo:AFP
Published 7 July 2021
Ref: Reuters

အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) အနေဖြင့် မြန်မာနိုင်ငံ၏ အကျပ်အတည်းကို ဖြေရှင်းရန် အာဆီယံခေါင်းဆောင်များအကြား ရရှိခဲ့သည့် အချက်ငါးချက်ပါ ဘုံသဘောတူညီချက်ကို မြန်ဆန်ချောမွေ့စွာ အကောင်အထည်ဖော်နိုင်အောင် လုပ်ဆောင်နေကြောင်း စင်ကာပူ နိုင်ငံခြားရေးဝန်ကြီးက ပြောကြားသည်။

“ အချက်ငါးချက်ပါ ဘုံသဘောတူညီချက်ကို အကောင်အထည်ဖော်ဖို့ နှေးကွေးနေပြီး အဲဒါက အနည်းငယ်စိတ်ပျက်စရာ ကောင်းနေတယ်ဆိုတာကို ကျွန်တော်တို့ လက်ခံပါတယ်” ဟု ဇူလိုင် ၆ ရက်က ပါလီမန်၌ မေးမြန်းမှုများကို နိုင်ငံခြားရေးဝန်ကြီး ဗီဗီယန် ဘာလာခရစ်ရှ်နန်က ပြန်လည်ဖြေကြားခဲ့သည်။

လူသားချင်းစာနာမှု အခြေအနေများ လျော့ပါးသက်သာစေရန်၊ မြန်မာနိုင်ငံတွင် အကြမ်းဖက်မှုများ ရပ်တန့်ရန်နှင့် ပုံမှန်အခြေအနေကို ပြန်ရောက်ပြီး ရေရှည်တည်တံ့သည့် တည်ငြိမ်အေးချမ်းမှုကို ဦးတည်စေမည့် သက်ဆိုင်သူအားလုံး ပါဝင်သော တိုက်ရိုက်စေ့စပ် ဆွေးနွေးမှုလမ်းကြောင်းပေါ်ကို ပြန်ရောက်နိုင်ရန် မျှော်မှန်းချက်နှင့် ယင်းလုပ်ငန်းစဉ် မြန်ဆန်ချောမွေ့စေရန် အာဆီယံအဖွဲ့ကြီးအတွင်း ကြိုးပမ်းလုပ်ဆောင်နေကြောင်းကိုလည်း ၎င်းက ပြောကြားသည်။

ဧပြီလအတွင်းက အာဆီယံအဖွဲ့ကြီးသည် မြန်မာ့အရေးကို ဖြေရှင်းရန်အတွက် အချက်ငါးချက်ပါ ဘုံသဘောတူညီချက်ကို ကြေညာခဲ့သော်လည်း သတ်မှတ်ကာလနှင့် ပတ်သက်ပြီး သဘောတူညီမှု မရခဲ့ပေ။ ပြီးခဲ့သည့်လက ပြုလုပ်သည့် ကုလသမဂ္ဂ အထွေထွေညီလာခံတွင် မြန်မာနိုင်ငံသို့ စစ်လက်နက်ပစ္စည်း ရောင်းချမှုများရပ်တန့်ရန် တောင်းဆိုခဲ့ပြီး နိုဝင်ဘာလရွေးကောက်ပွဲ ရလဒ်များကို လေးစားမှုရှိရန်နှင့် အရပ်သား အစိုးရခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအရ ထိန်းသိမ်းထားသူ အားလုံးကို ပြန်လွှတ်ပေးကိုလည်း မြန်မာ့တပ်မတော်ကို တိုက်တွန်းခဲ့သည်။

ယင်းဆုံးဖြတ်ချက်ကို အာဆီယံနိုင်ငံများဖြစ်ကြသည့် အင်ဒိုနီးရှား၊ မလေးရှား၊ စင်ကာပူ၊ ဖိလစ်ပိုင်နှင့် ဗီယက်နမ်နိုင်ငံတို့က ထောက်ခံမဲပေးခဲ့ပြီး အခြားအာဆီယံနိုင်ငံများ ဖြစ်ကြသည့် ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ လာအိုနှင့် ထိုင်းနိုင်ငံတို့က မဲမပေးဘဲ ကြားနေခဲ့ကြောင်း သိရသည်။ အာဆီယံအနေဖြင့် အချက်ငါးချက်ပါ ဘုံသဘောတူညီချက်နှင့်အညီ ယင်းလုပ်ငန်းစဉ်ကို ထောက်ခံအားပေးပြီး မြန်မြန်ဆန်ဆန် အကောင်အထည် ဖော်နိုင်ရန် လုပ်ဆောင်သွားမည့် ကတိကဝတ်နှင့်ပတ်သက်၍ တုံ့ဆိုင်းနေမည် မဟုတ်ကြောင်းကိုလည်း ဘာလာခရစ်ရှ်နန်က ပြောကြားသည်။

ကုလသမဂ္ဂ အထွေထွေညီလာခံ၏ ဆုံးဖြတ်ချက်တွင်ပါဝင်သည့် အဓိကအကြောင်းအရာများမှာ စင်ကာပူနိုင်ငံ၏ ရပ်တည်ချက်နှင့် ကိုက်ညီနေသည့်အတွက် ယင်းဆုံးဖြတ်ချက်ကို ထောက်ခံမဲပေးခဲ့ခြင်းဖြစ်ကြောင်းနှင့် စင်ကာပူသည် နိုင်ငံတကာစစ်လက်နက် ရောင်းချမှုနှင့် လွှဲပြောင်းမှုဆိုင်ရာ စည်းမျဉ်းများကို တိတိကျကျလိုက်နာပြီး ကုလသမဂ္ဂက နိုင်ငံတစ်နိုင်ငံအပေါ် ချမှတ်ထားသော ဒဏ်ခတ်အရေးယူမှုများနှင့် ကုန်သွယ်မှုပိတ်ပင် တားမြစ်ချက်များကိုလည်း လိုက်နာလျက်ရှိကြောင်း စင်ကာပူနိုင်ငံခြားရေးဝန်ကြီးက ပြောကြားခဲ့ကြောင်း သိရသည်။

Most Read

Most Recent