အတိုင်ပင်ခံပုဂ္ဂိုလ် ကျန်းမာရေးကောင်းမွန်သည့်အပြင် COVID ကာကွယ်ဆေးအား ၎င်းအပါဝင် ခြံအတွင်း အတူ​နေသူများ နှစ်ကြိမ်ထိုးနှံပြီးဖြစ်ကြောင်း ရှေ့နေ​​​​​​ဖြစ်သူ ပြောကြား

အတိုင်ပင်ခံပုဂ္ဂိုလ် ကျန်းမာရေးကောင်းမွန်သည့်အပြင် COVID ကာကွယ်ဆေးအား ၎င်းအပါဝင် ခြံအတွင်း အတူ​နေသူများ နှစ်ကြိမ်ထိုးနှံပြီးဖြစ်ကြောင်း ရှေ့နေ​​​​​​ဖြစ်သူ ပြောကြား
Published 6 July 2021
အောင်မင်းသိန်း

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ကျန်းမာရေးကောင်းပြီး COVID ကာကွယ်ဆေးအား ၎င်းအပါဝင် ခြံအတွင်း အတူနေကြသူများလည်း နှစ်ကြိမ် ထိုးနှံပြီးဖြစ်ကြောင်း ၎င်း၏အမှုများကို လိုက်ပါဆောင်ရွက်ပေးနေသည့် တရားလွှတ်တော်ရှေ့နေ ဒေါ်မင်းမင်းစိုးက ပြောကြားသည်။

ဇူလိုင် ၆ ရက်က ပြည်ထောင်စုနယ်မြေ ဇမဗူသီရိမြို့နယ် နေပြည်တော်ကောင်စီဝန်းအတွင်းရှိ သီးသန့်တရားရုံးတွင် ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅(ခ) ဖြင့် တရားစွဲဆိုခြင်းခံထားရသည့် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုပုဒ်မ ၂၅ ဖြင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်အား တရားစွဲဆိုထားသည့် အမှုများအား ရုံးထုတ်စစ်ဆေးခဲ့သည့် ရုံးချိန်းတွင် အတိုင်ပင်ခံနှင့် ရှေ့နေများ တွေ့ဆုံရာတွင် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

'' COVID နဲ့ပတ်သက်လို့ကတော့ မေးခဲ့ပါတယ်။ မေးခဲ့ပါတယ်ဆိုတာ ၊ အမေ အပါအဝင် အမေ့ခြံထဲမှာရှိတဲ့ လူတွေအကုန်လုံး ကိုဗစ် ကို နှစ်ကြိမ်လုံး ထိုးပြီးပါပြီ။ ကိုဗစ်နဲ့ပတ်သက်ပြီး အထူးသတိထားဖို့လည်း ထပ်ပြီးပြောပါတယ်။ အခုတော်တော်လေးကို COVID က ပြင်းထန်နေတယ်လို့ ကြားရတဲ့အတွက်ကြောင့် စိုးရိမ်လို့ ကျွန်မတို့ကို အမေက မှာပါတယ်။ (အန်တီမှာ COVID ဖြစ်နေတယ်ဆိုတာရော) မဟုတ်ပါဘူး။ အမေက ကျန်းကျန်းမာမာပါပဲ။ COVID ကာကွယ်ဆေးလည်း ထိုးထားတယ်။ ဒါပေမယ့် အမေ့ကို မေးကြည့်တာပေါ့၊ နှစ်ကြိမ် ထိုးပြီးပြီဆိုတော့ ကာကွယ်ဆေး ထိုးပြီးပါပြီတဲ့၊ နှစ်ကြိမ်လုံး အမေ အပြင်ကိုမှ ခြံထဲကလူတွေ အကုန်လုံးလည်း ထိုးပြီပါပြီတဲ့၊ အဲ့လို ပြောပါတယ်'' ဟု တရားလွှတ်တော်ရှေ့နေ ဒေါ်မင်းမင်းစိုးက ပြောကြားသည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်အနေဖြင့် လက်ရှိ ဖြစ်ပွားနေသည့် COVID-19 ရောဂါ ကူးစက်ပျံ့နှံ့မှုများနှင့် ပတ်သက်၍ စိတ်ပူသည့်အကြောင်းကို ပြောကြားခဲ့ပြီး ပြည်သူများအနေဖြင့်လည်း ကျန်းမာရေးအတွက် ဂရုပြုရမည့် ကန့်သတ်ချက်၊ တားမြစ်ချက်မျာကို ဂရုစိုက်ကြရန် ပြောကြားခဲ့ကြောင်း တရားလွှတ်တော်ရှေ့နေ ဒေါ်မင်းမင်းစိုးက ပြောကြားသည်။

တရားလွှတ်တော်ရှေ့နေ ဒေါ်မင်းမင်းစိုးက '' ပြည်သူတွေ အချင်းချင်းကတော့ ကိုဗစ်နဲ့ပတ်သက်ပြီးတော့ ဘယ်လိုခေါ်မလဲ အချင်းချင်း ချိတ်ဆက်ပြီးတော့ ဒီဟာနဲ့ပတ်သက်ပြီးတော့ ကျန်းမာရေးအတွက် ဂရုစိုက်ကြဖို့ကို ပြည်သူ အချင်းချင်းကိုလည်း အမေက ပြောပါတယ်။(အတိုင်ပင်ခံရဲ့ ကျန်းမာရေးအခြေကရော) အမေက လုံးဝ ဘာရောဂါလက္ခဏာမှ ခံစားနေရတဲ့ပုံမရှိပါဘူး။ ကျန်းကျန်းမာမာ ရွှင်ရွှင်လန်းလန်းပါပဲ'' ဟု ပြောကြားသည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်အား COVID-19 ရောဂါ စစ်ဆေးခဲ့ခြင်း ရှိ၊ မရှိနှင့်ပတ်သက်၍ တရားလွှတ်တော်ရှေ့နေဒေါ်မင်းမင်းစိုးက '' ကိုဗစ် စစ်တယ်ဆိုတာတော့ စစ်တာတော့ စစ်မယ်ထင်တယ်၊ အဲတာတော့ မပြောဘူး။ အမေက ကိုဗစ်ကို စိတ်ပူတယ်ဆိုတဲ့အကြောင်းကတော့ ပြောတယ်။ ပိုပြီး ဂရုစိုက်နေထိုင်ကြဖို့ ပြည်သူတွေအချင်းချင်းလည်း တစ်ယောက်နဲ့ တစ်ယောက်နဲ့ အကုန်လုံး ကျန်းမာရေးအတွက် ဂရုပြုရမယ့် ကန့်သတ်ချက်တွေ၊ တားမြစ်ချက်တွေကို ဂရုတစိုက်နဲ့ ပြည်သူတွေ အချင်းချင်းလည်း ဟိုဟာလုပ်ကြဖို့ ပြောပါတယ်။ ဒါပေမယ့် ပြည်သူတွေကိုကျတော့ အချင်းချင်းလည်း ကိုဗစ်ကာကွယ်ရေးအတွက်ကို သတိထားပြီးတော့ နေထိုင်ကြဖို့၊ အချင်းချင်းလည်း သတိပေးဖို့ ပြောပါတယ်'' ဟု ပြန်လည်ဖြေကြားခဲ့သည်။

Most Read

Most Recent