သမ္မတ၊ အတိုင်ပင်ခံနှင့် ဒေါက်တာမျိုးအောင်တို့အား ပုဒ်မ ၅၀၅ (ခ) ဖြင့် တရားစွဲဆိုထားသည့်အမှုအတွက် တရားလိုဖြစ်သူအား ထပ်မံစစ်ဆေး

သမ္မတ၊ အတိုင်ပင်ခံနှင့် ဒေါက်တာမျိုးအောင်တို့အား ပုဒ်မ ၅၀၅ (ခ) ဖြင့် တရားစွဲဆိုထားသည့်အမှုအတွက် တရားလိုဖြစ်သူအား ထပ်မံစစ်ဆေး
Published 6 July 2021
နေရိုင်း၊ အောင်မင်းသိန်း

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်တို့အား ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅(ခ)ဖြင့် တရားစွဲဆိုထားသည့် အမှုနှင့်ပတ်သက်၍ တရားလိုဖြစ်သူ ဥတ္တခရိုင် ဒုတိယအုပ်ချုပ်ရေးမှူးအား ထပ်မံစစ်ဆေးခဲ့ကြောင်း အမှုကိုလိုက်ပါဆောင်ရွက်ပေးနေသည့် တရားလွှတ်တော်ရှေ့နေ ဒေါ်မင်းမင်းစိုးက ပြောကြားသည်။

ဇူလိုင် ၆ ရက်က ဇမ္ဗူသီရိမြို့နယ် နေပြည်တော်ကောင်စီဝန်းအတွင်းရှိ သီးသန့်တရားရုံးတွင် ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅(ခ) ဖြင့် တရားစွဲဆိုခြင်းခံထားရသည့် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုပုဒ်မ ၂၅ ဖြင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်အား တရားစွဲဆိုထားသည့် အမှုများအား ရုံးထုတ်စစ်ဆေးခဲ့ကြောင်း သိရသည်။

“ တရားခွင်ကထုံးစံအတိုင်းပဲ ၁၀ နာရီလောက်မှာ စပါတယ်။ စတဲ့အခါမှာ အရင်တစ်ပတ် ရုံးချိန်းတုန်းက ကျွန်မတို့က ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅ (ခ) နဲ့ ပတ်သက်ပြီးတော့ တရားလိုကို ဆက်လက်စစ်ဆေးဖို့ဆိုတာကို ရွှေ့ဆိုင်းပြီးတော့မှ ရုံးချိန်းပေးဖို့ဆိုပြီး တောင်းဆိုထားတာရှိပါတယ်။ ရုံးတော်ကနေပြီးတော့ တရားလို ဦးစိုးစိုးရွှေကို ဆက်လက်စစ်ဆေးဖို့ဆိုပြီး ပြင်ဆင်တယ်။ ပြင်ဆင်တဲ့ အခါကျတော့ ကျွန်မတို့ဘက်ကနေ စွပ်စွဲခံရသူတွေရဲ့ ရှေ့နေကနေပြီးတော့  ၅ .၆ .၂၀၂၁ ရက်မှာ ဒက္ခိဏခရိုင်တရားရုံးကို ရာဇဝတ် ပြင်ဆင်မှုအမှတ် (၄၃/၂၀၂၁) နဲ့ ပြင်ဆင်မှု တင်သွင်းခဲ့တာ ဖြစ်တဲ့အတွက်ကြောင့် ခရိုင်တရားရုံးတော်ကနေ အကျဉ်းနည်းနဲ့ ပလပ်ခဲ့ပါတယ်။ အဲဒီပလပ်ခဲ့တဲ့အမိန့်ကို မန္တလေးတိုင်း တရားလွှတ်တော်ကို ပြင်ဆင်မှုအဖြစ် ဆက်လက်ပြီးတော့မှ တင်သွင်းလိုတဲ့အတွက်ကြောင့်မလို့ ဒီနေ့ရုံးချိန်းမှာတရားလို ဦးစိုးစိုးရွှေကို ဆက်လက်စစ်ဆေးခြင်းမပြုဘဲနဲ့ ရုံးချိန်းထပ်မံရွှေ့ဆိုင်းပေးဖို့ဆိုပြီး ကျွန်မတို့ဘက်က တောင်းဆိုပါတယ်။ လျှောက်ထားပါတယ်။ ရုံးတော်ကို လျှောက်ထားတဲ့အခါကျတော့ ဥပဒေအရာရှိဘက်ကတော့ အမှုကို ဆက်လက်စစ်ဆေးဆောင်ရွက်သင့်ကြောင်း သူ့ဘက်က လျှောက်ထားပါတယ်” ဟု တရားလွှတ်တော်ရှေ့နေဒေါ်မင်းမင်းစိုးက ပြောကြားသည်။

နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်တို့အား ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅ (ခ) ဖြင့် တရားစွဲဆိုထားသည့် အမှုနှင့်ပတ်သက်၍ တရားလိုဘက်မှ သက်သေခံတင်သွင်းမှုကို သီးသန့်တရားရုံးက လက်ခံခဲ့ခြင်းနှင့်ပတ်သက်၍ မန္တလေးတိုင်းဒေသကြီး တရားလွှတ်တော်ချုပ်သို့ ပြင်ဆင်မှု တင်သွင်းမည်ဖြစ်ခြင်းကြောင့် တရားလိုဖြစ်သူအား ဆက်လက်စစ်ဆေးခြင်းမပြုဘဲ ရုံးချိန်းရွှေ့ဆိုင်းပေးရန် တောင်းဆိုခဲ့ကြောင်း တရားလွှတ်တော်ရှေ့နေ ဒေါ်မင်းမင်းစိုးက ပြောကြားသည်။

တရားလွှတ်တော်ရှေ့နေ ဒေါ်မင်းမင်းစိုးက “ကျွန်မတို့ဘက်ကနေ ထပ်ပြီးတော့  လျှောက်လဲချက် ပေးရတာပေါ့။ ဒါနဲ့ပတ်သက်ပြီးတော့ ခရိုင်တရားရုံးကနေ ပြင်ဆင်မှုကို နှစ်ဖက်လျှောက်လဲချက် ကျယ်ပြန့်စွာ ကြားနာခဲ့ခြင်းမရှိဘဲနဲ့ အကျဉ်းနည်းနဲ့ ပလပ်ခဲ့တဲ့အတွက်ကြောင့် စွပ်စွဲခံရသူများမှာ များစွာနစ်နာခဲ့ရတယ်။ ဒါကြောင့်မလို့ ဒီအမှုကို ဆက်လက်ပြီး စစ်ဆေးမယ်ဆိုပါကလည်း စွပ်စွဲခံရသူတွေမှာ အခွင့်အရေးတွေ နစ်နာဆုံးရှုံးရမှာဖြစ်တယ်။ အများပြည်သူတွေကနေတရားရုံးများအပေါ် လေးစားယုံကြည် အားကိုးနိုင်ရန်အတွက်နဲ့ အမှုသည်ရဲ့ အခွင့်အရေးတွေ နစ်နာဆုံးရှုံးမှု မရှိစေဖို့အတွက်၊ နောက် အထက်တရားရုံးတော်ကနေပြီးတော့ စွပ်စွဲခံရသူရဲ့ ပြင်ဆင်မှုကိုလက်ခံခဲ့ပါကလည်း တရားလိုကို ဒီနေ့စစ်မယ်ဆိုတဲ့ စစ်ဆေးမှုက အဟောသိကံ ဖြစ်သွားမှာ။ ဒါကြောင့်မလို့ အခုလိုအခြေအနေမှာ ရုံးတော်ကနေပြီးတော့ သင့်လျော်သလို ဆုံးဖြတ်ဖို့ဆိုပြီးတော့ ကျွန်မတို့ဘက်ကထပ်ပြီးတော့ ပြန်ရှင်းလျှောက်လဲချက်ပေးပါတယ်။ ပေးတဲ့အခါကျတော့ ရုံးတော်ကနေပြီးတော့ စွပ်စွဲခံရသူရှေ့နေ လျှောက်ထားတဲ့ ရုံးချိန်းရွှေ့ဆိုင်းပေးဖို့ လျှောက်ထားချက်ကို ပယ်တဲ့အမိန့်ကို ချတယ်။ ချမှတ်ပြီးတော့မှ တရားလို ဦးစိုးစိုးရွှေကို ဆက်လက်ပြီးစစ်ဆေးဖို့ဆိုပြီးတော့ အမိန့်ချပါတယ်။ သူချပြီးတော့ ဆက်လက် စစ်ဆေးတာပေါ့” ဟု ပြောကြားသည်။

ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅(ခ) ဖြင့် နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် နေပြည်တော်ကောင်စီဥက္ကဋ္ဌတို့အား တရားစွဲဆိုထားသည့် အမှုနှင့်ပတ်သက်၍ တရားလိုဖြစ်သူ ဥတ္တခရိုင် ဒုတိယအုပ်ချုပ်ရေးမှူးအား စစ်ဆေးရာတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ နေပြည်တော်ကောင်စီသို့ ပြန်ကြားခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၏ ဗဟိုအလုပ်အမှုဆောင်စာရင်း ပါဝင်သော စာရွက်စာတမ်းများကို သက်သေခံအဖြစ် တင်သွင်းခဲ့ကြောင်း တရားလွှတ်တော်ရှေ့နေ ဒေါ်မင်းမင်းစိုးက ပြောကြားသည်။

“တရားလိုဦးစိုးစိုးရွှေကို ဆက်လက်စစ်ဆေးတဲ့အခါမှာထပ်မံပြီးတော့ တရားလိုဘက်ကနေ ဘာတွေတင်ပြလည်းဆိုတော့ ပြည်ထောင်စုရွှေးကောက်ပွဲကော်မရှင်ရဲ့ ၂၃.၆.၂၀၂၁ ရက်စွဲပါ စာနဲ့ နေပြည်တော် ကောင်စီကို ပြန်ကြားလာတဲ့ ပြန်ကြားစာ၊ အဲဒီပြန်ကြားစာမှာ ဘာတွေပါလည်းဆိုတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် အမည်စာရင်းတွေကို သူတို့က တောင်းဆိုထားတဲ့အတွက်ကြောင့် နေပြည်တော်ကောင်စီကို ပြန်ကြားလာတာ။ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကနေ ပြန်ကြားလာတဲ့ ပြန်ကြားလွှာစာရွက်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် အမည်စာရင်းတွေ ပါလာပါတယ်။ အဲတာကိုအဲဒီစာရင်းနဲ့ သူတို့လျှောက်ထားတဲ့ စာရွက်တွေကို NLD အလုပ်အမှုဆောင် စာရင်းနဲ့ ရွေးကောက်ပွဲကော်မရှင်ရဲ့ ၂၃.၆.၂၀၂၁ ရက်စွဲပါ စာအမှတ်နဲ့ ပြန်ကြားလာတဲ့ စာကိုသူတို့က သက်သေခံတင်သွင်းပါတယ်။ ထပ်ပြီးတော့ ဒီနေ့မှာ တင်သွင်းတဲ့ အခါကျတော့ ကျွန်မတို့ဘက်ကနေပြီးတော့ စွပ်စွဲခံရသူတွေဘက်က ယခုသက်သေခံတင်သွင်းတဲ့ စာရွက်စာတမ်းတွေက သူတို့အရင်တုန်းက ဦးတိုက်လျှောက်လွှာနဲ့အတူ ပူးတွဲတင်သွင်းတဲ့ သက်သေခံစာရွက်စာတမ်းစာ ရင်းထဲမှာ မပါလာဘူး။ မပါလာတဲ့အတွက်ကြောင့် အခုမှလည်း တင်သွင်းတာဖြစ်တယ်။ ဒါကြောင့်မလို့ တရားရုံးများလက်စွဲအပိုဒ် ၄၁၉ အရ သက်သေခံတင်သွင်းတာကို ကျွန်မတို့ကထပ်ပြီး ကန့်ကွက်ပါတယ်။ ထပ်ပြီး ကန့်ကွက်ပေမယ့်လည်း ရုံးတော်ကနေပြီးတော့ ဥပဒေဘက်ကို သူကလျှောက်လဲချက်ပေးခိုင်းတယ်။ ကျွန်မတို့ဘက်ကို ထပ်ပြီးလျှောက်လဲချက် ပေးခိုင်းပြီးတော့မှ ဆက်လက်ပြီး သက်သေခံ တင်သွင်းခွင့် ပြုခဲ့ပါတယ်။ အဲဒီစာရွက်တွေကို သက်သေခံတင်သွင်းခွင့်ပြုပြီးတော့မှ တရားလို ဦးစိုးစိုးရွှေကို ဆက်လက်ပြီး စစ်ဆေးခဲ့ပါတယ်။ ဦးစိုးစိုးရွှေကို စစ်ပြီးတဲ့အခါကျတော့ ကျွန်မတို့ဘက်ကနေ ပြန်လှန်စစ်မေးပါတယ်။ ပြီတော့မှ အဲမှာရှိတဲ့ တရားလိုပြ သက်သေတစ်ယောက်ကိုထပ်ပြီး စစ်ဆေးပါတယ်။ အဲဒီအမှုနဲ့ ပတ်သက်ပြီးတော့ တရားလိုပြ သက်သေတစ်ယောက်ကို ထပ်ပြီးစစ်ဆေးခဲ့ရပါတယ်” ဟု တရားလွှတ်တော်ရှေ့နေ ဒေါ်မင်းမင်းစိုးက ပြောကြားသည်။

ထို့ပြင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်အား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေပုဒ်မ ၂၅ ဖြင့်  ဦးထွန်းမြင့်အောင် (ခ) ဦးညီညီမှ တရားစွဲဆိုထားသည့် အမှုနှင့်ပတ်သက်၍ ရွှေကြာပင်ရပ်ကွက်မှ တရားလိုပြ သက်သေတစ်ဦးအပါအဝင် တရားလိုပြသက်သေ လေးဦးအား စစ်ဆေးခဲ့ကြောင်း တရားလွှတ်တော်ရှေ့နေ ဒေါ်မင်းမင်းစိုးက ပြောကြားသည်။

Most Read

Most Recent