ပြင်းထန်လာတဲ့ COVID-19 တတိယလှိုင်းကို ဘယ်လိုကျော်ဖြတ်မလဲ

ပြင်းထန်လာတဲ့ COVID-19 တတိယလှိုင်းကို ဘယ်လိုကျော်ဖြတ်မလဲ
လားရှိုးမြို့တွင် COVID-19 ကူးစက်ခံရသူများနှင့် ထိတွေ့မှုရှိသူများအား ကျန်းမာရေးဝန်ထမ်းများက Swab ယူနေသည်ကို ယခင်လပိုင်းက တွေ့ရစဉ် (ဓာတ်ပုံ-ထွန်းနေလှိုင်-နောင်ပိန်)
လားရှိုးမြို့တွင် COVID-19 ကူးစက်ခံရသူများနှင့် ထိတွေ့မှုရှိသူများအား ကျန်းမာရေးဝန်ထမ်းများက Swab ယူနေသည်ကို ယခင်လပိုင်းက တွေ့ရစဉ် (ဓာတ်ပုံ-ထွန်းနေလှိုင်-နောင်ပိန်)
Published 4 July 2021
ဇော်မင်းနိုင်

“ဒီမှာက အသုဘမရှိတဲ့လမ်း ခပ်ရှားရှားဖြစ်နေပြီ။ လမ်းတိုင်းမှာ အသုဘဖြစ်နေတယ်” လို့ ဆိုလာသူက ကလေးမြို့ခံ ကိုကျော်ကျော်ပဲ (အမည်လွှဲ) ပဲဖြစ်ပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့မှာ ဇွန်လပိုင်းလောက်ကစပြီး COVID-19 ကူးစက်ခံရတဲ့သူ သိသိသာသာမြင့်တက်လာတာပါ။

ကလေးမြို့ရဲ့ တာဟန်းရပ်ကွက်မှာဆိုရင် ဖြစ်ပွားမှုအများအပြားဖြစ်နေပြီးတော့ အောက်ဆီဂျင် လုံလောက်မှုမရှိတဲ့ ပြဿနာကိုလည်း ရင်ဆိုင်နေရပါတယ်။

မြန်မာနိုင်ငံမှာ နိုင်ငံရေးအပြောင်းအလဲဖြစ်ပြီး နောက်ပိုင်းမှာတော့ အဲဒီဖြစ်စဉ်နဲ့အတူ COVID-19 ကူးစက်မှုကလည်း သုံးလကျော်အကြာမှာ တစ်ရှိန်ထိုးဖြစ်ပွားလာပါတယ်။

ဒုတိယလှိုင်းကူးစက်မှုအပြီး အတန်ကြာငြိမ်သက်သွားတဲ့အချိန်မှာ မေလလယ်ပိုင်းမှ စတင်ပြီး ရိုက်ခတ်လာတဲ့ COVID-19 ကူးစက်မှုက နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအတွက် အရေးတကြီးဖြေရှင်းရမယ့် ပြဿနာတစ်ရပ်လည်း ဖြစ်လာပါတယ်။

ကူးစက်မှုပြင်းထန်တဲ့ တတိယလှိုင်းကိုဗစ်

ဒုတိယလှိုင်းကိုဗစ်ထက် တတိယလှိုင်းကတော့ ပိုမိုပြင်းထန်တယ်လို့ဆိုရမှာ ဖြစ်ပါတယ်။

မေလလယ်ပိုင်းမှာ ပိုးတွေ့သူတွေရဲ့ ကိုဗစ်ပိုးကို လေ့လာရာမှာတော့ ကူးစက်မှုမြန်တဲ့ ဗီဇပြောင်းပိုး ဖြစ်နေတယ်လို့ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနက ထုတ်ပြန်ကြေညာခဲ့ပါတယ်။

မျိုးရိုးဗီဇပြောင်းလဲတဲ့ တွေ့ရှိမှုအနေနဲ့ Alpha နှစ်ဦး၊ Delta ငါးဦး၊ Variants of Interest ဖြစ်သည့် Kappa လေးဦးဖြစ်ကြောင်း တွေ့ရှိရပြီးတော့ အဆိုပါပိုးများကို အဓိကမူလတွေ့ရှိတဲ့ နိုင်ငံတွေက အိန္ဒိယ၊ အမေရိကန်ပြည်ထောင်စု၊ ပြင်သစ်၊ ဂျာမနီ၊ စပိန်၊ အိုင်ယာလန်နဲ့ ဆွစ်ဇာလန်နိုင်ငံတွေပဲ ဖြစ်ပါတယ်။

“Alpha နဲ့ Delta နှစ်ခုယှဉ်ရင်တောင်မှာ Delta ဆိုတဲ့ အိန္ဒိယမှာ စတွေ့တဲ့မျိုးကွဲက Alpha ထက်စာရင် ရာခိုင်နှုန်း ၆၀ ကူးစက်မှုမြန်ပါတယ်” လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

လက်ရှိပိုးကူးစက်မှု အခြေအနေတွေအရလည်း ထိစပ်တဲ့ မိသားစုဝင်တွေကို ကူးစက်မှုပိုမြင့်တယ်လို့ ဆိုပါတယ်။

“Alpha နဲ့ Delta ရဲ့ နောက်ထပ်ထူးခြားချက်က သူကပိုးတွေ့တဲ့လူရဲ့ ထိတွေ့ဆက်စပ်နေတဲ့ မိသားစုဝင်တွေမှာ သူ့ရဲ့ကူးစက်နှုန်းက မြင့်ပါတယ်ဆိုပြီး ပြောထားပါတယ်” လို့ ထုတ်ပြန်ထားတဲ့ အချက်အလက်တွေကို ကိုးကားပြီး အဆိုပါတာဝန်ရှိသူက ဆက်ပြောပါတယ်။

ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်တွေအရလည်း ဇွန်လပိုင်းကစတင်ပြီး ကိုဗစ်ကူးစက်မှုကို ပိုမိုမြင့်တက်လာတာကို တွေ့ရပါတယ်။

နေ့စဉ်နေ့တိုင်း ပိုးတွေ့သူအ ရေအတွက်က မြင့်တက်လာသလို စစ်တဲ့ဦးရေနဲ့ပိုးတွေ့ဦးရေရဲ့ ရာခိုင်နှုန်းကလည်း တစ်ရက်ပြီးတစ်ရက် စံချိန်ချိုးနေတာကို တွေ့ရပါတယ်။

ပိုးတွေ့ရာခိုင်နှုန်းအများဆုံးလို့ ဆိုရမယ့်နေ့တွေက ဇွန် ၂၅ ရက်မှာ ၁၄ ဒသမ ၆၇ ရာခိုင်နှုန်း၊ ဇွန် ၂၆ ရက်မှာ ၁၄ ဒသမ ၁ ရာခိုင်နှုန်း၊ ဇွန် ၂၇ ရက်မှာ ၁၇ ဒသမ ၃၇ ရာခိုင်နှုန်း၊ ဇွန် ၂၈ ရက်မှာ ၁၈ ဒသမ ၆ ရာခိုင်နှုန်း၊ ဇွန် ၂၉ ရက်မှာ ၁၅ ဒသမ ၉ ရာခိုင်နှုန်း၊ ဇွန် ၃၀ ရက်မှာ ၁၉ ဒသမ ၉ ရာခိုင်နှုန်းရှိခဲ့ပါတယ်။ ဇူလိုင် ၂ ရက်အထိ စာရင်းတွေအရတော့ ပိုးတွေ့ရာခိုင်နှုန်းအများဆုံး စံချိန်တင်တဲ့နေ့က ဇူလိုင် ၁ ရက်ဖြစ်ပြီးတော့ ပိုးတွေ့ရာခိုင်နှုန်း ၂၁ ဒသမ ၈ ရာခိုင်နှုန်းအထိရှိခဲ့တာ ဖြစ်ပါတယ်။ ဇူလိုင် ၂ ရက်မှာတော့ ဇူလိုင် ၁ ရက်က စံချိန်ကို မချိုးနိုင်ခဲ့ပေမဲ့ ယခင်ရက်တွေကထက် ပိုးတွေ့ရာခိုင်နှုန်းများတယ်လို့ ဆိုရမှာဖြစ်ပြီး ရာခိုင်နှုန်း ၂၀ ဒသမ ၄ ရာခိုင်နှုန်းအ ထိရှိခဲ့တာပါ။ သေဆုံးနှုန်းမှာဆိုရင် ဇူလိုင် ၂ ရက်အထိသေဆုံးသူ ၃၃၆၄  ဦးအထိ ရှိလာပါတယ်။

“ကျွန်တော်တို့ ငါးလပိုင်းအကုန်လောက်မှာစပြီး ကူးစက်မှုနှုန်းတက်လာတာပါ။ အခု ကူးစက်မှုတွေက တော်တော်ကို မြန်ပါတယ်” လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ကိုယ့်အိမ်ထဲမှာပဲ ကုနေရတဲ့ ကိုဗစ်

စစ်ကိုင်းတိုင်းဒေသကြီးမှာရှိတဲ့ အချို့နေရာတွေမှာ ကိုဗစ်ကူးစက်ခံလူနာတွေအနေနဲ့ မိမိအိမ်မှာပဲ ကုသနေတဲ့သူတွေရှိတယ်လို့ ကလေးမြို့ခံတွေက ပြောပါတယ်။

“တချို့က ဆေးရုံကိုလည်း မသွားကြတော့ဘူး။ အိမ်မှာပဲ ကုနေကြတာတွေရှိတယ်။ တကယ် ပိုက်စိပ်တိုက် လိုက်စစ်မယ်ဆိုရင် ပိုးတွေ့တဲ့သူက အခုထက် ပိုများနိုင်တယ်” လို့ ကလေးမြို့ဒေသခံတစ်ဦးက ပြောပါတယ်။

ချင်းပြည်နယ်နှင့် အဓိက ဆက်စပ်ရာမြို့ဖြစ်တဲ့ ကလေးမြို့မှာဆိုရင် ချင်းပြည်နယ်ဘက်က လာရောက်တဲ့သူ အများအပြားရှိပြီးတော့ ကိုဗစ်ကူးစက်ခံရတဲ့ သူတွေလည်းရှိတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

“ကလေးက မြို့လည်းကျယ်တယ်။ ချင်းပြည်ဘက်က ဆင်းလာတဲ့သူ အများစုနေတာက ကလေးမြို့မှာချည်း နေတာများတယ်။ တောင်ပေါ်မှာ အကြောင်းအမျိုးမျိုးကြောင့် ဒီကာလမှာကလေးမြို့မှာရှိတဲ့ အမျိုးတွေဆီမှာ လာနေတဲ့သူတွေအများကြီးပဲ။ အခုဖျားပြီး ကိုယ့်အိမ်ထဲမှာ ကိုယ်နေနေတဲ့သူတွေ အများကြီးပဲရှိတယ်။ သူတို့ကို စစ်ဆေးပေးနိုင်ရင် အရေအတွက်က ပိုများနိုင်တယ်” လို့ ကလေးမြို့ဒေသခံတစ်ဦးက ဆိုပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့မှာ ကူးစက်ခံရတဲ့အရေအတွက်က ဇွန်လကုန်ပိုင်းမှာ တစ်ရှိန်ထိုး တက်ခဲ့တာလို့ဆိုနိုင်ပြီး ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ တရားဝင်ထုတ်ပြန်ချက်တွေအရ ဇွန်လနောက်ဆုံးပတ်မှာ ကူးစက်ခံရတဲ့သူ ၅၈၂ ဦးအထိရှိခဲ့တာဖြစ်ပါတယ်။

အလားတူရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ ချင်းပြည်နယ်အစရှိတဲ့ နေရာတွေမှာလည်း ကိုဗစ်ပိုးတွေ့ရှိမှု များလာတာတွေ့ရှိရပါတယ်။

ရန်ကုန်တိုင်းဒေသကြီးမှာတော့ အစိုးရပိုင်ဆေးရုံတွေအပြင် ပုဂ္ဂလိကဆေးရုံတွေမှာပါ ကုသခွင့် ပေးထားတဲ့အတွက်ကြောင့် အဲဒီဆေးရုံတွေမှာ တက်ရောက်ကုသတဲ့ သူတွေလည်းရှိနေပါတယ်။

ရန်ကုန်တိုင်းမှာတော့ ရောဂါပြင်းထန်တဲ့သူတွေအတွက် ရန်ကုန်ပြည်သူ့ဆေးရုံကြီးနဲ့ မြောက်ဥက္ကလာပ ဆေးရုံကြီးတွေမှာ ကုသပေးနေပြီးတော့ ရောဂါပြင်းထန်မှုမရှိတဲ့ သူတွေအနေနဲ့ သက်ဆိုင်ရာမြို့နယ် ကျန်းမာရေးဌာနတွေမှာ သွားရောက်ကုသနိုင်တယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက တာဝန်ရှိသူကဆိုပါတယ်။

“ဆေးရုံနှစ်ခုမှာတော့ ပြင်းထန်ရင် သွားကုလို့ရတယ်။ မပြင်းထန်ရင်တော့ မြို့နယ်တွေမှာ ကုလို့ရတယ်” လို့ ၎င်းကဆက်ပြောပါတယ်။

ပုဂ္ဂလိကဆေးရုံတွေမှာတော့ တက်ရောက်ကုသမယ်ဆိုရင် အနည်းဆုံး ကျပ်သိန်း ၂၀ ခန့်ကုန်ကျနိုင်ပြီးတော့ ICU ထည့်ထားရမယ်ဆိုရင် ကျပ်သိန်း ရာဂဏန်းအထိ ကုန်ကျနိုင်တယ်လို့ တက်ရောက်ကုသခဲ့သူအချို့က ပြောပါတယ်။

“လူများစုကတော့ တတ်နိုင်မယ့် အနေအထားမှာမရှိဘူး။ ပုဂ္ဂလိက ဆေးရုံတွေမှာကျတော့ ပိုက်ဆံကုန်တယ်” လို့ တက်ရောက်ကုသခဲ့သူတစ်ဦးက ပြောပါတယ်။

ရန်ကုန်တိုင်းဒေသကြီးမှာတော့ ပိုးကူးစက်ခံရသူတစ်ဦး တွေ့ရှိမယ်ဆိုရင် ကျန်တဲ့ထိစပ်သူတွေကိုပါ ရောဂါပိုးရှိမရှိစစ်ဆေးပြီးတော့ Quarantine ထားရှိကာ စောင့်ကြည့်မှုတွေ လုပ်ဆောင်နေတာပါ။

ကာကွယ်ဆေးထိုးနှံပေးမှု အခြေအနေ

WHO က အရေးပေါ်သတ်မှတ်ထားတဲ့ ကာကွယ်ဆေးရှစ်မျိုးအနက်နှစ်မျိုးကို မြန်မာနိုင်ငံမှာထိုးနှံပေးနေတာဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ထိုးနှံပေးနေတဲ့ ကာကွယ်ဆေးနှစ်မျိုးကတော့ အိန္ဒိယနိုင်ငံထုတ်ဆေးဖြစ်တဲ့ COVISHIELD နဲ့ တရုတ်နိုင်ငံထုတ် Sinopharm ကာကွယ်ဆေးတွေပဲဖြစ်ပါတယ်။

ဒါပေမဲ့ အိန္ဒိယနိုင်ငံကမှာယူထားတဲ့ ကာကွယ်ဆေးကတော့ သူ့နိုင်ငံမှာ ကူးစက်မှုမြင့်တက်နေတဲ့ အတွက်ကြောင့် မြန်မာနိုင်ငံကို ပို့ဆောင်ဖို့ အခက်အခဲတွေရှိနေတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက သိရပါတယ်။

သို့သော် တရုတ်နိုင်ငံမှ ကာကွယ်ဆေးများ ထပ်မံရောက်ရှိလာနိုင်မယ်ဆိုပေမဲ့ အရေအတွက်အားဖြင့် အလုံးရေ သုံးသိန်းပဲဖြစ်ပါတယ်။ ဒါပေမဲ့ အဲဒီအရေအတွက်က လူဦးရေ တစ်သိန်းခွဲစာအတွက်ပဲ ရှိပါတယ်။

“ကာကွယ်ဆေးက တစ်သိန်းခွဲပဲ ရတဲ့အတွက်ကြောင့် ကာကွယ်ဆေးက အကန့်အသတ်ပဲဖြစ်ပါတယ်။ ဒါကြောင့် Sinopharm မှာတော့ ပြည်သူအားလုံးကို ထိုးနှံပေးနိုင်ခြင်းတော့ မရှိပါဘူး။ နောက်ထပ်ရရှိနိုင်ဖို့အတွက် နည်းလမ်းပေါင်းစုံ တခြားနိုင်ငံတွေကလည်း ရရှိဖို့အတွက် ဆောင်ရွက်နေပါတယ်။ အိန္ဒိယကဝယ်ထားတဲ့ ကာကွယဆေးတွေကို ရရှိဖို့အတွက် ဆောင်ရွက်နေပါတယ်” လို့ ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာနမှ တာဝန်ရှိသူက ပြောပါတယ်။

လက်ရှိမှာတော့ ရုရှားနိုင်ငံထုတ်ကာကွယ်ဆေးဖြစ်တဲ့ Spunik အရေအတွက်နှစ်သန်းကို ဝယ်ယူဖို့ စီစဉ်နေပြီးတော့ နောက်ထပ်ခုနစ်သန်းအထိ ဝယ်ယူဖို့ရှိတယ်လို့ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ ဒေါက်တာခင်ခင်ကြီးက ပြောပါတယ်။

မြန်မာနိုင်ငံမှာ မေ၂၉ ရက်အထိ ဝန်ကြီးဌာနရဲ့အချက်အလက်တွေအရ COVISHIELD ကာကွယ်ဆေး နှစ်ကြိမ်အပြည့်ထိုးနှံပြီးသူ ၁ ဒသမ ၄ သန်းကျော်ရှိပြီး တစ်ကြိမ်ထိုးနှံပြီးသူမှာ ၁ ဒသမ ၈ သန်းရှိတယ်လို့ သိရပါတယ်။

ကာကွယ်ဆေးအမျိုးအစားတွေမှာ နှစ်ကြိမ်ထိုးရတဲ့ ကာကွယ်ဆေးအတွက် ဒုတိယအကြိမ်ထိုးပြီး နောက်နှစ်ပတ်အကြာ သို့မဟုတ် တစ်ကြိမ်ထိုးရတဲ့ ကာကွယ်ဆေးအတွက် ဆေးထိုးပြီးနောက် နှစ်ပတ်အကြာမှာတော့ ကာကွယ်ဆေး အာနိသင်ကို အပြည့်အဝရရှိနိုင်ပေမဲ့ ကာကွယ်ဆေးမထိုးမီ သို့မဟုတ် ထိုးနှံပြီးစကာလမှာ ရောဂါပိုးရှိတဲ့သူနဲ့ ထိတွေ့မိပါက COVID-19 ရောဂါကိုကူးစက်ခံရနိုင်တယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက သိရပါတယ်။

တရိပ်ရိပ်တိုးလာတဲ့ Stay at Home မြို့နယ်များ

မေလကုန်ပိုင်းမှ စတင်ကာ သတ်မှတ်ခဲ့တဲ့ Stay at Home မြို့ နယ်တွေကတော့ တဖြည်းဖြည်း တိုးလာတယ်လို့ဆိုရမှာ ဖြစ်ပါတယ်။

လက်ရှိ COVID-19 တွေ့ရှိ မှုများပြားတဲ့မြို့နယ်များကို Stay at Home ထုတ်ပြန်ကြေညာထားပြီး ဇူလိုင် ၃ ရက်အထိ Stay at Home သတ်မှတ်ထားတဲ့ မြို့နယ်၂၆ ခုအထိရှိလာကာ မန္တလေးတိုင်းဒေသကြီးမှ ချမ်းမြသာစည်၊ အောင်မြေသာစံ၊ ချမ်းအေးသာစံ၊ ပြည်ကြီးတံခွန်၊ မဟာအောင်မြေ၊ ပုသိမ်ကြီးမြို့နယ်၊ ပြင်ဦးလွင်မြို့နယ်နှင့် အမရပူရမြို့နယ်၊ ပဲခူးတိုင်းဒေသကြီးမှ သာယာဝတီ၊ မင်းလှ၊ လက်ပံတန်းနှင့် ဖြူးမြို့နယ်၊ ချင်းပြည်နယ်ရှိ တွန်းဇံ၊ တီးတိန်၊ ဖလမ်း၊ ထန်တလန်၊ ဟားခါးမြို့နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးရှိ တမူး၊ ဟုမ္မလင်းနှင့် ကလေးမြို့နယ်၊ ရှမ်းပြည်နယ်မှ လားရှိုးမြို့၊ နောင်ချိုမြို့နယ် ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့၊ ဧရာဝတီတိုင်းဒေသကြီးရှိ ပုသိမ်၊ မြောင်းမြနှင့် သာပေါင်းမြို့နယ်တို့ကို Stay at Home အဖြစ် ကြေညာခဲ့သည်။

“Stay at Home ကနေပြီးတော့ တခြားတိုင်းနဲ့ပြည်နယ်တွေကို လာမယ်ဆိုရင် သူတို့တွေကို စစ်ဆေးပြီးတော့ ပိုးမတွေ့ရင် Quarantine ၁၀ ရက်ထားမှာဖြစ်ပါတယ်။ ပိုးရှိရင်တော့ ပိုးရှိတဲ့ ဂိုက်လိုင်းအတိုင်းပဲ ဆက်ပြီးတော့ ကုသမှုပေးသွားမှာဖြစ်ပါတယ်။ ဒီနေရာမှာ Stay at Home မဟုတ်တဲ့နေရာက သူတွေကတော့ Quarantine မလိုပါဘူး။ ဒါကတော့ သက်ဆိုင်ရာ တိုင်းနှင့် ပြည်နယ် COVID ကော်မတီရဲ့ ရောဂါဖြစ်ပွားမှု အခြေအနေပေါ်မူတည်ပြီး အပြောင်းအလဲတော့ ရှိနိုင်ပါတယ်” လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာန တာဝန်ရှိသူက ပြောပါတယ်။

Stay at Home မြို့နယ်တွေမှာ နေထိုင်သူတွေနဲ့ ကာကွယ်ဆေးထိုးပြီးတဲ့ သူတွေအနေနဲ့ သက်ဆိုင်ရာ လမ်းညွှန်ချက်တွေနဲ့ ခွင့်ပြုချက်တွေအတိုင်း နေထိုင်ရမယ်လို့လည်း ၎င်းကပြောပါတယ်။

တတိယလှိုင်းအတွက် စိန်ခေါ်ချက်

ဒုတိယလှိုင်းထက် ကူးစက်မှု မြန်ဆန်တဲ့ တတိယလှိုင်းမှာတော့ အစိုးရအနေနဲ့ ကျော်ဖြတ်ရမယ့် အခြေအနေတွေက ခက်ခဲမှုတွေရှိမယ်လို့ ဆိုရမှာပါ။

ဒုတိယလှိုင်းမှာတော့ ရောဂါကူးစက်ခံရသူကို သယ်ယူခြင်း၊ မြို့ နယ်အလိုက် Quarantine စင်တာတွေ ထားရှိနိုင်ခဲ့ပေမဲ့ လက်ရှိအခြေအနေမှာတော့ အဲဒီအရာတွေက အဓိကစိန်ခေါ်ချက်ဖြစ်လာနိုင်ပါတယ်။

မြို့နယ်အလိုက် ဖွဲ့စည်းထားတဲ့ ပရဟိတအသင်းတွေနဲ့ လုပ်အားပေးလူငယ်တွေရှိခဲ့ပေမဲ့ လက်ရှိအချိန်မှာ အကြောင်းအမျိုးမျိုးကြောင့် အင်အားလျော့နည်းလာတယ်လို့ ဆိုရမှာပါ။

“အရင်ကဆို လူငယ်တွေအများကြီးရှိတယ်။ ဂျူတီနဲ့ သွားလို့ရတယ်။ အခုကတော့တော်တော်နည်းတယ်” လို့ နယ်မြို့တစ်ခုက ပရဟိတအသင်းတစ်ခုမှ တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။

လက်ရှိမှာတော့ ကူညီမယ့်သူနည်းပါးနေတဲ့အပြင် လာရောက်လှူဒါန်းတဲ့ အလှူရှင်တွေလည်း နည်းပါးနေတယ်လို့ ပရဟိတအသင်းတွေထံမှ သိရပါတယ်။

“လူနာသယ်ရတဲ့အခါမှာ သုံးတဲ့ PPE တွေ လက်အိတ်တွေကအလျင်မမီဘူး။ တစ်ခါသုံးပြီးရင် ပြန်သုံးလို့ရတာတွေ မဟုတ်တော့ လိုအပ်ချက်က များတယ်။ ဘယ်လိုလုပ်နေရလဲဆိုတော့ တချို့နေရာတွေမှာ PPE ဝတ်ထားပြီးရင် လူနာတွေကို တစ်ခါတည်း သယ်ရတယ်။ အရင်ကတော့ အဲဒီလိုသယ်ခဲ့တာ မဟုတ်ဘူး။ လူအင်အားလည်းများတော့ တစ်နေရာဆို တစ်ဖွဲ့သွားလို့ရတယ်” လို့ ရန်ကုန်တိုင်းဒေသကြီးမှာရှိတဲ့ ပရဟိတအသင်းတစ်ခုထံမှ သိရပါတယ်။

အဲဒီအပြင် ရောဂါဖြစ်ပွားမှုများတဲ့ ဒေသတွေမှာဆိုရင် အောက်ဆီဂျင်လိုအပ်ချက်က မြင့်တက်နေပါတယ်။

စစ်ကိုင်းတိုင်း ကလေးမြို့နဲ့ တမူးမြို့မှာဆိုရင် အောက်ဆီဂျင်လိုအပ်ချက်တွေက မြင့်တက်နေတဲ့အတွက်ကြောင့် အခြားမြို့တွေဖြစ်တဲ့ ရန်ကုန်၊ မန္တလေး၊ မုံရွာစတဲ့မြို့တွေကနေ သယ်ယူနေရပါတယ်။

“ရန်ကုန်၊ မန္တလေး၊ မုံရွာစတဲ့ မြို့တွေကနေ မှာနေရတယ်။ ဒီမှာက အောက်ဆီဂျင် ဖြည့်တင်းပေးတဲ့ နေရာက တစ်နေရာပဲရှိတာ။ ဘယ်လိုမှမလောက်ဘူး” လို့ ကလေးမြို့မှာရှိတဲ့ LCEC ကျောင်းမှ တွဲဖက်အတွင်းရေးမှူး ဦးပါတိတ်က ပြောပါတယ်။

COVID-19 ရောဂါနဲ့ ပတ်သက်ရင် အောက်ဆီဂျင်လိုအပ်မှုက အရေးတကြီး လုပ်ဆောင်ရမယ့် အခြေအနေဖြစ်ပြီးတော့ လိုအပ်ချက် မြင့်နေတဲ့နေရာတွေမှာ ရရှိအောင် ဆောင်ရွက်နေတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

“အောက်ဆီဂျင်ဆိုတာက ကိုဗစ်အတွက် အရေးကြီးတဲ့အရာ။ အခုလတ်တလောမှာတော့ အောက်ဆီဂျင် လိုအပ်ချက်မြင့်တက်နေတဲ့ ကလေးမြို့မှာ အောက်ဆီဂျင်ဖြည့်တင်းပေးနိုင်ဖို့ လုပ်ဆောင်နေတယ်” လို့ ၎င်းကဆက်ပြောပါတယ်။

ဒုတိယလှိုင်း ကူးစက်မှုထက် ပြင်းထန်သည့် တတိယလှိုင်း ကိုဗစ်ကူးစက်မှုမှာ မြန်မာနိုင်ငံကနေရာ ဒေသတော်တော်များများမှာ ဖြစ်ပွားနေပြီဖြစ်ပါတယ်။ ကိုဗစ်ကြောင့် အသက်ဆုံးရှုံးခဲ့ရတဲ့ အရေအတွက်ကလည်း တဖြည်းဖြည်းမြင့်တက်လာပြီ ဖြစ်ပါတယ်။ စိန်ခေါ်မှုတွေအခက်အခဲတွေ များပြားတဲ့ ကိုဗစ်ကူးစက်မှုတွေကို ထိန်းချုပ်ကာကွယ်ဖို့ အစိုးရအနေနဲ့ ဘယ်လိုတွေဆောင်ရွက်မလဲဆိုတာက ပုစ္ဆာတစ်ပုဒ်လိုဖြစ်ပါတယ်။ 

Most Read

Most Recent