အရှေ့တောင်အာရှကို ပိုမိုအလေးအနက်ထားရန်လိုအပ်သည့် ဘိုင်ဒင် အစိုးရအဖွဲ့

အရှေ့တောင်အာရှကို ပိုမိုအလေးအနက်ထားရန်လိုအပ်သည့် ဘိုင်ဒင် အစိုးရအဖွဲ့
Photo:AP
Photo:AP
Published 3 July 2021
ရာဇ

မေလ ၂၅ ရက်က အရှေ့တောင်အာရှ နိုင်ငံခြားရေးဝန်ကြီးများသည် ဗီဒီယိုဆက်သွယ်မှုမှတစ်ဆင့် အစည်းအဝေးပြုလုပ်ခဲ့ကာ ယင်းအစည်းအဝေးတွင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်သိုနီဘလင်ကင်သည် ပထမဆုံးအကြိမ်ပါဝင်ရန် မျှော်လင့်ခဲ့ကြသည်။

သို့သော်လည်း ဗီဒီယိုဆက်သွယ်မှုလိုင်း အားနည်းမှုကြောင့် ဘလင်ကင်သည် ယင်းအစည်းအဝေးတွင် ပါဝင်လာခြင်းမရှိခဲ့ပေ။ အမေရိကန်အရာရှိများကမူ ဘလင်ကင်၏ လက်ထောက် ဝန်ဒီရှာမန်က အစားထိုးတက်ရောက်မည်ဟု ပြောကြားခဲ့သည်။

အရှေ့တောင်အာရှ နိုင်ငံခြားရေးဝန်ကြီးများသည် တွန့်ဆုတ်သွားကြသည်။ ၎င်းတို့သည် ၎င်းတို့နှင့် ရာထူးအဆင့်အတန်းတူသူကိုသာ တွေ့ဆုံခြင်းကြပြီး လက်ထောက်တစ်ဦးကို တွေ့ဆိုလိုခြင်း မရှိကြပေ။

အမေရိကန်အစိုးရသည် အခြားအောင်မြင်မှုများရရှိနေခြင်းနှင့်အတူ ယင်းအမှားကို ချေဖျက်ရန်ဆန္ဒရှိနေသော်လည်း အမှန်မှာဘိုင်ဒင်အစိုးရသည် အရှေ့တောင်အာရှ အပေါ်ထားရှိခဲ့သည့် ၎င်း၏ကတိကဝတ်များကို အကောင်အထည်ဖော်ခြင်းမရှိခဲ့ပေ။

အမေရိကန်-တရုတ် ပြိုင်ဆိုင်မှု ဆက်လည်တည်ရှိနေခြင်းနှင့်အတူ အရှေ့တောင်အာရှအား အမေရိကန်ဘက်သို့ ပါလာစေရန် မည်သို့ကြိုးစားလုပ်ဆောင်မည်ဆိုခြင်းကိုလည်း ဘိုင်ဒင်က ရှင်းလင်းတိကျသည့် အစီအစဉ်ကို ထုတ်ဖော်ပြောဆိုခြင်းမရှိသေးပေ။

အရှေ့တောင်အာရှတွင် နေထိုင်သူများအတွက်မူ ယင်းသည် အားတက်ဖွယ်ကောင်းသည့် အနေအထားတော့မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် တရုတ်နိုင်ငံက အာရုံစိုက်နေသည့် အမေရိကန်၏ ပါဝင်ပတ်သက်မှုသည် အရှေ့တောင်အာရှတစ်နိုင်ငံချင်းစီ၏ ဦးစားပေးကိစ္စများကို ပိုမိုမြှင့်တင်စေရုံတစ်ခုသာ တတ်နိုင်သည်။ ထို့ပြင် ယင်းဒေသတွင် မည်သည့်နိုင်ငံမျှ တရုတ်နှင့် ကင်းကွာလိုသည့်ဆန္ဒမရှိကြပေ။

မည်သို့ပင်ဆိုစေကာမူ ဘိုင်ဒင်အတွက် အမေရိကန်-အရှေ့တောင်အာရှ ဆက်ဆံရေးကို တိုးမြှင့်ရန် ရွေးချယ်စရာ များစွာရှိနေသည်။ မေးခွန်းမှာ ဘိုင်ဒင်အနေဖြင့် လက်တွေ့လုပ်ဆောင်မည်လား ဆိုခြင်းပင်ဖြစ် သည်။

ဘိုင်ဒင်သည် သမ္မတအဖြစ် စတင်ရုံးမထိုင်မီက ဒေါ်နယ်ထရန့် လက်ထက်တွင် အာဆီယံကို အမေရိကန်နှင့် တရုတ်အကြား ပြိုင်ဘက်အဖွဲ့အဖြစ် ဖန်တီးခဲ့သည့် အခြေအနေမှ နောက်ကြောင်းပြန်လှည့်ကာ အရှေ့တောင်အာရှနိုင်ငံများနှင့် ထိတွေ့ဆက်ဆံရန်လိုအပ်ပြီး အမေရိကန်သည် ယင်းဒေသတွင်  ကတိကဝတ်များထားရှိရမည်ဖြစ်ကာ လက်ဆုပ်လက်ကိုင်ပြနိုင်သည့် အကျိုးအမြတ်များဖြင့် ကမ်းလှမ်းရမည်ဟု ကျွမ်းကျင်သူများက သုံးသပ်ခဲ့သည်။

ယင်းသုံးသပ်ချက်များအားလုံးသည် ယနေ့ထိတိုင် မှန်ကန်နေဆဲဖြစ်သော်လည်း ယင်းအချက်များအပေါ် ဘိုင်ဒင်၏ လုပ်ဆောင်ချက်များသည် အမှန်တကယ် ရောထွေးယှက်နွယ်နေသည်။

ဘိုင်ဒင်သည် အမေရိကန်နှင့် တရုတ်ယှဉ်ပြိုင်မှုကို ဒီမိုကရေစီနှင့် သက်ဦးစံပိုင်စနစ် ပြိုင်ဆိုင်မှုပုံစံမှ ရှုမြင်ကြည့်မည်ဆိုလျှင် အရှေ့တောင်အာရှနိုင်ငံများအတွက်လည်း ကောင်းမွန်လိမ့်မည်မဟုတ်ပေ။

အဘယ်ကြောင့်ဆိုသော် အရှေ့တောင်အာရှနိုင်ငံအများစုမှာ ဒီမိုကရေစီနိုင်ငံများ မဟုတ်သကဲ့သို့ တရုတ်ကိုလည်း ပစ်ပယ်လို စိတ်မရှိကြပေ။

ဘလင်ကင်ကမူ အရှေ့တောင်အာရှနိုင်ငံများအား အမေရိကန်နှင့်တရုတ် နှစ်နိုင်ငံအနက် တစ်နိုင်ငံကို ရွေးချယ်ရန် အမေရိကန်က ဖိအားပေးသွားမည်မဟုတ်ကြောင်း ပြောကြားခဲ့သော်လည်း ယင်းစကား၏ နောက်ကွယ်တွင် အဓိပ္ပာယ်အမျိုးမျိုးရှိနေနိုင်သည်။

အရှေ့တောင်အာရှနှင့်ပတ်သက်ပြီး အမေရိကန်နှင့် တရုတ်ကြားအားပြိုင်မှု ညီမျှခဲ့သော်လည်း ဇွန်လမတိုင်မီအချိန်အထိ ဘိုင်ဒင်အစိုးရအဖွဲ့သည် အရှေ့တောင်အာရှနှင့် ထိတွေ့မှုပိုင်း အားနည်းခဲ့သည်။ အမှန်ဆိုရလျင် ဘိုင်ဒင်၏ သမ္မတသက်တမ်း ပထမသုံးလကာလတွင် အရှေ့တောင်အာရှ ခေါင်းဆောင်များနှင့် ထိတွေ့မှုများမှာ ဒေါ်နယ်ထရန့်လက်ထက်က အခြေအနေအတိုင်းသာဖြစ်ပြီး အပြောင်းအလဲအများကြီး မရှိခဲ့ပေ။

အရှေ့တောင်အာရှ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတွင် ဘလင်ကင် တက်ရောက်ရန်ပျက်ကွက်ခဲ့သည့် ဖြစ်စဉ်အပြီးတွင် ဘိုင်ဒင်သည် ရှာမန်ကို အရှေ့တောင်အာရှသို့ စေလွှတ်ခဲ့ပြီး ရှာမန်သည် အင်ဒိုနီးရှား (အာဆီယံ အတွင်းဝန်များရုံးအပါအဝင်)၊ ကမ္ဘောဒီးယားနှင့် ထိုင်းနိုင်ငံများသို့ သွားရောက်ခဲ့သည်။

အပြုသဘောဆောင်သည့် အလားတူလုပ်ဆောင်ချက်တစ်ရပ်မှာ အမေရိကန် ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင်သည် ဇွန်လ ၁၅ ရက်က အာဆီယံကာကွယ်ရေးဝန်ကြီးများနှင့် ဗီဒီယိုဆက်သွယ်မှုမှတစ်ဆင့် အစည်းအဝေးပြုလုပ်ခဲ့ခြင်းဖြစ်သည်။

သို့သော် ယင်းခရီးစဉ်များနှင့် အစည်းအဝေးများသည် ဘိုင်ဒင်အတွက် အရှေ့တောင်အာရှတွင် မြင့်တက်လာသည့်ပြိုင်ဆိုင်မှုများအတွက် လုံလောက်ခြင်းမရှိသေးဘဲ အမေရိကန်သည် Quad မဟာမိတ်များဖြစ်သည့် ဂျပန်၊ အိန္ဒိယနှင့် သြစတြေးလျနိုင်ငံတို့အပါအဝင် အစ္စရေးနှင့် အီရန်တို့တည်ရှိနေသည့် အရှေ့အလယ်ပိုင်းဒေသကို ပိုမိုအရေးကြီးသည်ဟု မှတ်ယူထားဖွယ်ရှိနေသည်။

အမေရိကန်အတွက် အရှေ့တောင်အာရှတွင် ထိပ်သီးအဆင့် ထိတွေ့မှုများ ပိုမိုလိုအပ်နေသည်။ ယင်းအချက်ကို နားလည်သည့် ဘိုင်ဒင်ကလည်း အောက်တိုဘာလတွင် ဘရူနိုင်းနိုင်ငံ၌ပြုလုပ်မည့် ၂၀၂၁ ခုနှစ် အာဆီယံအစည်းအဝေးကို တက်ရောက်မည်ဟု အချက်ပြခဲ့သည်။ သို့သော်ဘိုင်ဒင်သည် အာဆီယံ၊ ဘရူနိုင်း၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ စင်ကာပူနှင့် ထိုင်းနိုင်ငံတို့အတွက် အမေရိကန်သံအမတ်များ ရွေးချယ်ခြင်းမရှိခဲ့ဘဲ ယင်းရာထူးနေရာများမှာ လစ်လပ်နေဆဲဖြစ်သည်။

ယင်းသို့ သံအမတ်များခန့်အပ်ရန် ပျက်ကွက်မှုသည် ရေရှည်တွင် အမေရိကန်အတွက် အားနည်းချက်ဖြစ်လာနိုင်သည်။

ပုံမှန်အားဖြင့် အမေရိကန်၏ အကြီးဆုံးအင်အားသည် အာရှတွင်ငြိမ်းချမ်းရေးနှင့် ချမ်းသာကြွယ်ဝရေးတို့ကို စိတ်ချသေချာစေရန် အာဏာပြလုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

သို့သော်လည်း ဘိုင်ဒင်၏ လက်ထက်တွင် တောင်တရုတ်ပင်လယ်အတွင်း ဖိလစ်ပိုင်အား တရုတ်သင်္ဘောများက ဖိအားပေးမှုကဲ့သို့ လုံခြုံရေးအကြောင်းကိစ္စများဖြစ်ပေါ်ခဲ့ပြီး ၀ါရှင်တန်၏ တုံ့ပြန်မှုသည် ထိန်းထိန်းသိမ်းသိမ်းလုပ်ဆောင်ခဲ့သည်ကို မြင်တွေ့ခဲ့ရပြီး အစီရင်ခံစာထုတ်ပြန်မှုများဖြင့်သာ ပြီးဆုံးသွားခဲ့သည်။

ထို့ကြောင့် ဖိလစ်ပိုင်နှင့်ဒေသတွင် အခြားနိုင်ငံများသည် အမေရိကန်နှင့်ပတ်သက်ပြီး စိုးရိမ်ခဲ့ကြသည်။

အမေရိကန်အနေဖြင့် အရှေ့တောင်အာရှနှင့် ဆက်ဆံရေးကို COVID-19 ကာကွယ်ဆေးများကို အသုံးပြုပြီး မြှင့်တင်နိုင်သည်ဟု ကျွမ်းကျင်သူများက ဆိုသည်။

အမေရိကန် ပါဝင်ထောက်ပံ့ထားသည့် ကမ္ဘာလုံးဆိုင်ရာ ကာကွယ်ဆေးထောက်ပံ့ရေး အစီအစဉ် COVAX သည် အရှေ့တောင်အာရှသို့ အရေအတွက် အကန့်အသတ်ဖြင့်သာ ရောက်ရှိခဲ့ပြီး ယင်းအစီအစဉ်သည် အိန္ဒိယမှ ထုတ်လုပ်သည့် ကာကွယ်ဆေးများကိုသာ မှီခိုနေရသည်။

ဇွန်လအစောပိုင်းတွင်မူ ဘိုင်ဒင်က ကမ္ဘာတစ်ဝန်းတွင် ကာကွယ်ဆေးအလုံးရေ ၂၅ သန်းမျှဝေမည့် ၎င်း၏အစီအစဉ်ကို ကြေညာခဲ့ပြီး တောင်အာရှနှင့် အရှေ့တောင်အာရှအတွက် လျာထားသည့် ကာကွယ်ဆေး အလုံးရေမှာ ၇ သန်းဖြစ်သည်ဟု ပြောကြားခဲ့သဖြင့် လူဦးရေ ၂.၅ ဘီလျံရှိသည့် ယင်းဒေသနှစ်ခုအတွက်ဆိုလျှင် ကာကွယ်ဆေးအလုံးရေ ၇ သန်းမှာ ပြောပလောက်သည့် ပမာဏမဟုတ်ပေ။

ထို့ကြောင့် ဘိုင်ဒင်အနေဖြင့် အရှေ့တောင်အာရှနှင့် ဆက်ဆံရေးကို တိုးမြှင့်လိုလျှင် ကာကွယ်ဆေးနှင့်ပတ်သက်ပြီး ယခုထက်ပိုပြီး လုပ်ဆောင်ပေးသင့်သည်ဟုလည်း ကျွမ်းကျင်သူများကဆိုသည်။ယခုကဲ့သို့ ကပ်ရောဂါဖြစ်ပွားနေသည့် ကမ္ဘာကြီးတွင် ကာကွယ်ဆေးများသည် တစ်စုံတစ်ခုကို စတင်လုပ်ဆောင်ရန် အဓိကနေရာမှ ပါဝင်နေသည်။                                               

Most Read

Most Recent