အကယ်ဒမီများရှင် ၀ါရင့်သရုပ်ဆောင်ကြီး ဦးညွန့်ဝင်း ကွယ်လွန်

အကယ်ဒမီများရှင် ၀ါရင့်သရုပ်ဆောင်ကြီး ဦးညွန့်ဝင်း ကွယ်လွန်
Published 1 July 2021

အကယ်ဒမီများရှင် ၀ါရင့်သရုပ်ဆောင်ကြီး ဦးညွန့်ဝင်း ကွယ်လွန်သွားခဲ့သည်ဟု သိရသည်။ အကယ်ဒမီ ဦးညွန့်ဝင်းသည် ရန်ကုန်မြို့၌ပင် ကွယ်လွန်ခဲ့ခြင်းဖြစ်ကာ ကွယ်လွန်ချိန်တွင် အသက် ၈၂ နှစ်ရှိပြီဖြစ်ကြောင်း သိရသည်။

သရုပ်ဆောင် ဦးညွှန့်ဝင်းသည် အလင်္ကာကျော်စွာ ရွှေမန်းတင်မောင်၏ သားတစ်ဦးဖြစ်ပြီး  အမေရိကန်နိုင်ငံတွင်လည်း သွားရောက်ပညာသင်ကြားခဲ့သူဖြစ်သည်။ သရုပ်ဆောင်တစ်ဦးအဖြစ်သာမက အဆိုပိုင်းတွင်လည်း ပရိသတ်အားပေးမှုများရရှိခဲ့သူဖြစ်သည်။ သူ၏ သီချင်းများအနက် ‘အချော့တော်’၊ ‘ရွှင်လန်းချမ်းမြေ့ကြပါစေ’ ၊ သိင်္ဂီအစ ရှိသည့် သီချင်းများအပြင် ပရိသတ်နှစ်သက်ခဲ့သည့် တေးသီချင်းများကိုလည်း သီဆိုခဲ့သူဖြစ်ကာ ဓာတ်ပြားများထုတ်ခဲ့သူဖြစ်သည်။

ရုပ်ရှင်သရုပ်ဆောင်တစ်ဦးအဖြစ် အောင်မြင်မှုများစွာရရှိခဲ့ပြီး သဘာဝကျစွာ သရုပ်ဆောင်နိုင်မှုအတွက်လည်း အနုပညာနယ်ပယ်တွင် လေးစားစံထားရသည့် အနုပညာရှင်တစ်ဦးဖြစ်ခဲ့သည်။ သရုပ်ဆောင် ဦးညွှန့်ဝင်းသည် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု အကယ်ဒမီဆုကို ခုနစ်ဆုအထိရရှိခဲ့သည့် အနုပညာရှင်ကြီးတစ်ဦးလည်းဖြစ်သည်။ သို့သော် အသက်ရလာချိန်တွင် အနုပညာအလုပ်များကို ရပ်နားခဲ့သည်မှာ ကွယ်လွန်ချိန်အထိဖြစ်သည်။

အကယ်ဒမီများရှင် သရုပ်ဆောင်ဦးညွှန့်ဝင်း ကွယ်လွန်ခြင်းအတွက် သဘင်နှင့် ရုပ်ရှင်နယ်ပယ်မှ အနုပညာရှင်များနှင့် ပရိသတ်များက ဝမ်းနည်းကြောင်း လူမှုကွန်ရက်စာမျက်နှာများတွင် ရေးသားခဲ့ကြသည်။

Most Read

Most Recent