သရုပ်ဆောင် ခင်သဇင်က ၎င်း၏အဝတ်အထည်များကိုရောင်းချပြီး စစ်ဘေးရှောင်ပြည်သူများနှင့် ချို့တဲ့သူများအတွက် လှူဒါန်းမှုများပြုလုပ်ရန် စီစဉ်လျက်ရှိ

သရုပ်ဆောင် ခင်သဇင်က ၎င်း၏အဝတ်အထည်များကိုရောင်းချပြီး စစ်ဘေးရှောင်ပြည်သူများနှင့် ချို့တဲ့သူများအတွက် လှူဒါန်းမှုများပြုလုပ်ရန် စီစဉ်လျက်ရှိ
Published 1 July 2021

သရုပ်ဆောင် ခင်သဇင်က သူ၏အဝတ်အထည်များကို ရောင်းချကာ စစ်ဘေးရှောင်ပြည်သူများနှင့် ချို့တဲ့သူများအတွက် လှူဒါန်းမှုများပြုလုပ်ရန် စီစဉ်လျက်ရှိသည်ဟု သိရသည်။

“ညီမအနေနဲ့ နှစ်တိုင်းဆိုသလိုကတော့ ညီမရဲ့ အဝတ်အစားတွေကို လှူဒါန်းတာတွေကို မိဘမဲ့ဂေဟာတွေနဲ့ လိုအပ်နေတဲ့နေရာတွေအတွက် လှူဒါန်းမှုတွေလုပ်ဖြစ်ပါတယ်။ ဒီနှစ်ကတော့ အရင်နှစ်တွေနဲ့မတူဘူးလေ။ လိုအပ်နေတဲ့သူတွေလည်းများတယ်။ ကိုယ်တိုင်ကလည်း အများကြီးလှူချင်တယ်။ အဲဒါကြောင့် အဝတ်အစားတွေအားလုံးထဲကနေ ကောင်းတာလေးတွေကိုရွေးပြီး Live Sales အနေနဲ့ ရောင်းခဲ့တယ်။  ဒါပေမယ့်လည်း ကိုယ်ကတစ်ခါမှ Live Sales မလုပ်ဘူးတော့ အဆင်မပြေတာတွေကြုံရတယ်။ ကိုယ်တိုင်ကလည်း မကျွမ်းကျင်ဘူးလေ။ အဲဒီအတွက် အွန်လိုင်းကနေ Live Sales ရောင်းတာမျိုးမလုပ်တော့ဘူး။ အခုကတော့ ဝန်ထမ်းလေးတွေငှားပြီးတော့ ကိုယ့်ရဲ့နီးစပ်ရာတွေကိုပဲ ရောင်းချတာတွေလုပ်ဖြစ်တယ်။ ဒီနှစ်မှာလှူဖို့နေရာလည်းများသလို ကိုယ်ကလည်း အရမ်းလှူချင်နေတာဖြစ်တဲ့အတွက် ဖြစ်နိုင်ရင်တော့ ကိုယ့်မှာရှိတာအားလုံးကို လှူပစ်လိုက်ချင်တယ်။ အဲဒီအတွက် အထည်အများကြီးကို အလှူအတွက် သုံးဖြစ်တယ်။ အခုလို အဝတ်တွေရောင်းပြီးလှူတာကလည်း အခုချိန်မှာ ကိုယ်တွေကလှူချင်တာပဲရှိတာ ဝင်ငွေကမရှိဘူးလေ။ အဲဒါကြောင့်မို့ ဒီအစီအစဉ်လေးကို သေချာလုပ်ဖြစ်နေပါတယ်။ ရောင်းတဲ့အခါမှာလည်း ရောင်းလို့အဆင်ပြေတဲ့ အဝတ်အစားတွေကို သီးသန့်ရွေးပြီး ရောင်းဖြစ်တာပါ။ တချို့အဝတ်အစားတွေကိုတော့ အဝတ်အထည်လိုအပ်နေတဲ့သူတွေဆီကို တိုက်ရိုက်လှူဖြစ်မှာပါ။ လောလောဆယ်တော့  စစ်ဘေးရှောင်ပြည်သူတွေဆီကို ဦးစားပေးပြီး လှူဒါန်းဖြစ်ပါမယ်။ နောက်ပြီးတော့ ရန်ကုန်မြို့ရဲ့ ဆင်ခြေဖုံးရပ်ကွက်တွေဆီက လိုအပ်နေတဲ့ ပြည်သူတွေအတွက် လှူဒါန်းမှုတွေကိုဆက်ပြီး လုပ်သွားမှာပါ။ အခုချိန်မှာတော့ ကိုယ်ကြုံရတဲ့ ဒုက္ခတွေ၊ စိတ်ဆင်းရဲမှုတွေထက် ကိုယ့်ပြည်သူတွေ ခံစားနေရတဲ့ ဒုက္ခတွေ၊ စိတ်ဆင်းရဲမှုတွေကိုပဲ အမြန်ဆုံးပြီးဆုံးစေချင်ပါတယ်။ ကိုယ့်ရဲ့ အနုပညာအလုပ်တွေ ပြန်လုပ်ခွင့်ရဖို့ အဆင်ပြေဖို့အတွက် ကိုယ့်ပြည်သူတွေ အမြန်ဆုံးအဆင်ပြေစေချင်တဲ့ စိတ်ပဲရှိပါတယ်။ လှူဒါန်းဖြစ်တာကလည်း သူတို့ရဲ့ အဆင်မပြေမှုတွေကို ကိုယ်တတ်နိုင်တဲ့ဘက်ကဝင်ပြီး ရသလောက်ကူညီချင်တဲ့စိတ်နဲ့ လှူဒါန်းဖြစ်တာပါ” ဟု သရုပ်ဆောင် ခင်သဇင်က ဆိုသည်။

သရုပ်ဆောင် ခင်သဇင်သည် အဝတ်အထည်များကို ဝန်ထမ်းများ၏အကူအညီဖြင့် ရောင်းချမှုများပြုလုပ်နေပြီး ယင်းရောင်းချမှုများမှရရှိသည့်ငွေများဖြင့် စစ်ဘေးရှောင်ပြည်သူများအတွက် လိုအပ်နေသည့် မိုးကာ၊ အစားအသောက်များအပြင် မိမိ၏အဝတ်အထည်များကိုပါ လှူဒါန်းသွားမည်ဟု သိရသည်။ လက်ရှိတွင် လှူဒါန်းမှုအချို့ကိုလည်း ပြုလုပ်ထားပြီးဖြစ်ကြောင်း သိရသည်။ ထို့ပြင် ရန်ကုန်မြို့၏ ဆင်ခြေဖုံးရပ်ကွက်များမှ ပြည်သူများအတွက်မူ အခြေခံစားသောက်ကုန်များကို ဆက်လက်ပေးအပ် လှူဒါန်းမှုများပြုလုပ်သွားရန် စီစဉ်ထားသည်ဟု သိရသည်။

သရုပ်ဆောင် ခင်သဇင်သည် ပရိသတ်များ၏ ချစ်ခင်အားပေးမှုများရရှိထားပြီး ရုပ်ရှင်ဇာတ်ကားကြီးများနှင့် ဇာတ်လမ်းတွဲများကို ရိုက်ကူးထားသည့် အနုပညာရှင်တစ်ဦးဖြစ်သည်။

Most Read

Most Recent