SSPP/SSA ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်စစ် PPST ယာယီအဖွဲ့ခေါင်းဆောင်အဖြစ်မှ နုတ်ထွက်ခွင့်ပြုရန် စာတင်ထား

SSPP/SSA ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်စစ် PPST ယာယီအဖွဲ့ခေါင်းဆောင်အဖြစ်မှ နုတ်ထွက်ခွင့်ပြုရန် စာတင်ထား
Published 30 June 2021

ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ ရှမ်းပြည်တောင်ပိုင်း လက်နက်ကိုင်အဖွဲ့ (SSPP/SSA) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ်သည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) ယာယီခေါင်းဆောင်အဖြစ်မှ နုတ်ထွက်ခွင့်ပြုရန် PPST ထံ စာတင်ထားကြောင်း သိရသည်။

SSPP/SSA ဥက္ကဋ္ဌ၊ PPST ယာယီ အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ကြီးယွက်စစ်က PPST ထံ ပေးပို့ထားသောစာတွင် ၎င်းအနေဖြင့် ရှမ်းပြည်ကိစ္စဆောင်ရွက်ရန်နှင့် ရှမ်းအမျိုးသားကိစ္စများ ဆောင်ရွက်ရန်အတွက် PPST ယာယီအဖွဲ့ခေါင်းဆောင်အဖြစ်မှ နုတ်ထွက်ခွင့်ပြုရန် ပါဝင်ကြောင်း PPST အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးခွန် ဥက္ကာက ပြောကြားသည်။

“ သူက အဖွဲ့ခေါင်းဆောင် တာဝန်ကနေပြီးတော့ နုတ်ထွက်ခွင့်ပြုပါရန်ဆိုပြီးတော့ စာတင်ထားတာပါ။ ထွက်တာတော့ မဟုတ်သေးဘူး။ ကျန်တဲ့ ကိုးဖွဲ့က စဉ်းစားပေးဖို့ ပေါ့ဗျာ။ ကျွန်တော် ထင်တာကတော့ အဖွဲ့အစည်းအတွင်းက အလုပ်တွေ မနိုင်တော့ဘူး ထင်တယ်။ သူအကြောင်းပြတာကတော့ (၁) ရှမ်းပြည်ကိစ္စတွေ ဆောင်ရွက်ချင်တယ်။ (၂) ရှမ်းအမျိုးသားကိစ္စတွေ ဆောင်ရွက်ချင်တယ်။ အဲဒါကြောင့် အဖွဲ့အစည်းမှာ အလုပ်တွေကများလာတော့ ၁၀ ဖွဲ့ကိစ္စကို မနိုင်တော့ဘူးပေါ့။ အဲဒီသဘောမျိုးပါ။ ယာယီခေါင်းဆောင် လုပ်ပေးတာလည်း နှစ်နှစ်ကျော်ပြီပေါ့။ စောစောတုန်းက နှစ်နှစ် မကျော်အောင်ပေါ့။ အခုက နှစ်နှစ်ကျော်လာပြီ။ ကျွန်တော်တို့ ယာယီခေါင်းဆောင် လုပ်တာက ၂၀၁၉ မေလထဲမှာ စတာဝန်ယူတာကို။ အခုက ၂၀၂၁ မေကျော်လာပြီဆိုတော့ သူက အဲဒါကိုခွင့်တောင်းတဲ့ သဘောပါ” ဟု ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောကြားသည်။

ယခုနှစ်မကုန်မီပြုလုပ်မည့် တိုင်းရင်းသားညီလာခံတွင် PPST အဖွဲ့ခေါင်းဆောင်အသစ်ကို ပြန်လည်ရွေးချယ် တင်မြှောက်မည်ဖြစ်ပြီး ဗိုလ်ချုပ်ကြီးယွက်စစ်အနေဖြင့် အဆိုပါ ညီလာခံရောက်သည်အထိ ယာယီအဖွဲ့ခေါင်းဆောင်အဖြစ် တာဝန်ယူပေးရေးအတွက် မေတ္တာရပ်ခံကြရန် စဉ်းစားမှုများ ရှိနေကြောင်း ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောကြားသည်။

ဗိုလ်ချုပ်ကြီးယွက်စစ်အနေဖြင့် PPST ယာယီအဖွဲ့ခေါင်းဆောင်အဖြစ် တာဝန်ယူ ဆောင်ရွက်နေသည်မှာ နှစ်နှစ်ကျော်လာပြီ ဖြစ်ပြီး PPST အစည်းအဝေးများအတွင်း အရေးကြီးသောဆုံးဖြတ်ချက်များကို ချမှတ်ရာတွင် ယာယီအဖွဲ့ခေါင်းဆောင်အနေဖြင့် ချမှတ်ရသည့်အတွက် အစည်းအဝေးဆုံးဖြတ်ချက်များမှာ အနည်းငယ် အားပျော့ရာရောက်ကြောင်း ဗိုလ်မှူးကြီး ခွန်ဥက္ကာက ဆိုသည်။

“ အခုက ညီလာခံကတစ်ဝက်တစ်ပျက်နဲ့ ရပ်ထားတော့ ယာယီအဖွဲ့ခေါင်းဆောင်ဆိုတာနဲ့ပဲ နှစ်နှစ်ကျော်သွားတော့ လုပ်ရကိုင်ရတာ နည်းနည်းခက်တာပေါ့ဗျာ။ အရေးကြီးတဲ့ဆုံးဖြတ်ချက်တွေ ချရတာက အများကြီး။ အများကြီးဆိုတော့ ဆုံးဖြတ်ချက်တွေ ချတဲ့ နေရာမှာ ယာယီအဖွဲ့ခေါင်းဆောင်ဆိုတာနဲ့တော့ နည်းနည်းအားပျော့တာပေါ့။ အမြဲတမ်း အဖွဲ့ခေါင်းဆောင် တာဝန်ကျအဖွဲ့ ခေါင်းဆောင်လုပ်ဖို့ကလည်း ညီလာခံ အဲဒီဘက်က ဖြစ်နေတော့ နိုင်ငံရေးအကျပ်အတည်း သဘောမျိုး ဖြစ်နေတာပေါ့” ဟု ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောကြားသည်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ (PPST) ကို တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၀ ဖွဲ့မှ ခေါင်းဆောင်များဖြင့် ဖွဲ့စည်းထားခြင်းဖြစ်ပြီး ယခင်အဖွဲ့ခေါင်းဆောင်မှာ ကရင်အမျိုးသားအစည်းအရုံး (KUN) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး မူတူးစေးဖိုး ဖြစ်သည်။

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ကို ကရင်အမျိုးသားအစည်းရုံး (KNU)၊ ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS)၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF)၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ ဒီမိုကရေစီ အကျိုးပြု ကရင်လက်နက်ကိုင်အဖွဲ့ (DKBA)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)၊ ကရင်အမျိုးသားအစည်းအရုံး/ ကရင်အမျိုးသား လွတ်မြောက်ရေးအဖွဲ့-ငြိမ်းချမ်းရေး ကောင်စီ (KNU ၊ KNLA-PC)၊ မွန်ပြည်သစ်ပါတီ (NMSP)၊ လားဟူဒီမိုကရက်တစ် အစည်းအရုံး (LDU) တို့ လက်မှတ်ရေးထိုးထားသည်။

Most Read

Most Recent