COVID-19 တတိယလှိုင်းနှင့် ပို၍အရေးပါလာသော ခေါင်းဆောင်မှု

COVID-19 တတိယလှိုင်းနှင့် ပို၍အရေးပါလာသော ခေါင်းဆောင်မှု
Published 30 June 2021

ယခုအခါ COVID-19 တတိယလှိုင်းအန္တရာယ်က မြန်မာနိုင်ငံကို အကြီးအကျယ် ခြိမ်းခြောက်လာနေပြီဖြစ်ရာ ခေါင်းဆောင်မှုက ပို၍ပို၍ အရေးပါလာခဲ့ပြီဖြစ်သည်။

ကမ္ဘာတစ်လွှားတွင်လည်း COVID-19 ဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုက လုပ်ငန်းကဏ္ဍ အသီးသီးရှိ ခေါင်းဆောင်အဆင့်ဆင့်အတွက် အရေးပါလှသည့် စိန်ခေါ်မှုများကို ဖန်တီးဖြစ်ပေါ်စေခဲ့သည်။ ခေါင်းဆောင်မူဟူသည် မည်သည့်အခါမျှ လမ်းဆုံးမည်မဟုတ်သည့် ခရီးစဉ်တစ်ခုဖြစ်ပြီး စိန်ခေါ်မှုများအား အခွင့်အလမ်းများအဖြစ် ဆင့်ကဲပြောင်းလဲခြင်း၊ လိုက်လျောညီထွေပြုခြင်းနှင့် ပြောင်းလဲခြင်းတို့ လုပ်ဆောင်နိုင်သော အဖွဲ့အစည်းများသည်သာ ရောက်ရှိလာမည့် ကမ္ဘာလောကသစ်၌ ရှင်သန်ရပ်တည်နိုင်လိမ့်မည်ဖြစ်သည်။ ယနေ့နှင့် မနက်ဖြန်တို့၏ စိန်ခေါ်မှုများကို ကျော်လွှားနိုင်ရန် လက်တွေ့ရင်းမြစ်များဖြစ်ကြသည့် အကျပ်အတည်းကာလနှင့် ယင်းကာလအလွန်၌ ခေါင်းဆောင်မှု၊ ကြံ့ကြံခံကာ တွန်းလှန်ကျော်လွှားနိုင်မှု၊ ဆန်းသစ်မွမ်းမံမှု၊ ပြောင်းလဲမှုနှင့် လိုက်လျောညီထွေပြုနိုင်စွမ်း၊ Virtual World များနှင့် အဝေးရောက်အလုပ်များ၊ Virtual Teams မှ ပို့ချပေးခြင်းနှင့် အွန်လိုင်းမှ ခေါင်းဆောင်မှုများ အစရှိသည်တို့ ဖွံ့ဖြိုးလာရန် အရေးကြီး၍လာသည်။ အကျပ်အတည်း ကာလအတွင်း စမ်းတဝါးဝါးအနေအထားမှ လွတ်မြောက်ပြီး အနာဂတ်အတွက် အခွင့်အလမ်းများကို ကြိုတင်ပြင်ဆင်ရန်အတွက် ဖော်ပြပါအချက်များမှနေ၍ အားသာချက်များကို ရယူပြီး မိမိနှင့် မိမိအဖွဲ့အစည်းအတွက် တန်ဖိုးရှိသည့်အရာများကို ရှာဖွေရမည်ဖြစ်သည်။

လက်ရှိရင်ဆိုင်နေရသည့် COVID-19 အကျပ်အတည်းသည် ကြီးမားလွန်းပြီး ရှေ့၌ မည်သည့်အရာများ ဆက်ဖြစ်လာမည်ဆိုသည်နှင့်ပတ်သက်၍ မသိနိုင်မှုများသာ များပြားလွန်းနေသေးသည်။ အကြီးပိုင်းခေါင်းဆောင်များအနေဖြင့် ပုံမှန်အနေအထားသို့ ပြန်လည်ရောက်ရှိရေးသက်သက်ကိုသာ မျှော်လင့်ကာ အာရုံပြုနေခြင်းမျိုးထက် မိမိအဖွဲ့အစည်းကို အသွင်ပြောင်းနိုင်မည့် ယခုအခွင့်အလမ်းကို အမိအရဆုပ်ကိုင်နိုင်ရန် လိုအပ်သည်။ အဘယ့်ကြောင့်ဆိုသော် လက်ရှိအခိုက်အတန့်ကာလသည် အခွင့်အလမ်းတစ်ရပ် သက်သက်သာမကဘဲ ဆုတ်ခွာခြင်းမျိုးမဟုတ်သည့် ပြန်လည်ဖန်တီးခြင်းဆီသို့ တွန်းတွန်း တိုက်တိုက်ဖြင့် သွားရန်အတွက် အလွန်အရေးပါသည့် လှုံဆော်မှုတစ်ရပ်လည်း ဖြစ်နေသောကြောင့်ပင်။ COVID ခေတ်လွန် ကမ္ဘာလောကတစ်ရပ်၌ ရှင်သန်ပွင့်လန်းနိုင်ရေးအတွက် ပြောင်မြောက်ပြီး လိုက်လျောညီထွေရှိသည့် အမြင်တစ်ရပ် ရှင်းရှင်းလင်းလင်း ရရှိရန်၊ ဆန်းသစ်မွမ်းမံမှုတစ်ရပ်ကို မွေးမြူရန်နှင့် စာနာမှုနှင့် သမာဓိရှိမှုတို့ပါဝင်သည့် အပြောင်းအလဲကို ဦးဆောင်နိုင်ရန်တို့က လွန်စွာ အရေးကြီး၍လာသည်။ အမြော်အမြင် အရှိဆုံး ခေါင်းဆောင်များသည်သာ ပြင်းပြင်းထန်ထန် ဆွေးနွေးမှုများပြုလုပ်လျက် မိမိအဖွဲ့အစည်း၏အနာဂတ်ကို ပြန်လည်စိတ်ကူးပုံဖော်ရန် လိုအပ်သည့်လုပ်ဆောင်ချက်များကို ဆောင်ရွက်နိုင်လိမ့်မည်ဖြစ်သည်။

ကမ္ဘာတစ်လွှားတွင် အဖွဲ့အစည်းများ၊ လူ့အသိုင်းအဝိုင်းများနှင့် လူပုဂ္ဂိုလ်တစ်ဦးချင်းတို့သည် လုံးဝမျှော်လင့်မထားသည့် ကမ္ဘာ့ကပ်ရောဂါကြီးကို ရင်ဆိုင်နေရပြီး ယင်းကို ပညာရှင်များက ရာစုနှစ်တစ်ခုစာအတွင်း အရေးအပါဆုံး ကမ္ဘာ့အပြောင်းအလဲ အခင်းအကျင်းတစ်ရပ်အဖြစ် ရှုမြင်ကြသည်။ ယင်းအနေအထားနှင့်ပတ်သက်၍ မသိနိုင်မှုများသာ ကြီးမားနေဆဲဖြစ်သော်လည်း စိန်ခေါ်မှုများအတွင်း အဖွဲ့အစည်းများစွာတို့အနေဖြင့် လက်ရှိပုံစံအတိုင်း ဆက်လက်ရှင်သန်နိုင်မည် မဟုတ်သည်ကား သေချာ၍နေသည်။ လုပ်ငန်းသဘောသဘာဝအရ မရှိမဖြစ် အနေအထားဖြစ်နေသည့် အဖွဲ့အစည်းအချို့သာ ချမ်းသာရာရနိုင်သည်။ သို့သော် လုပ်ငန်းနှင့် အဖွဲ့အစည်းများအားလုံးနီးပါးအနေဖြင့် လက်ရှိအတွေ့အကြုံကို အသုံးပြုလျက် ထာဝရ ပြောင်းလဲကြရတော့မည်ဖြစ်သည်။ ဖြစ်ပေါ်လာသည့် အကျပ်အတည်းကို အချိန်နှင့်တစ်ပြေးညီ တစ်ဆင့်ချင်း တုံ့ပြန်ခြင်းဖြင့် အကြီးပိုင်းခေါင်းဆောင်များက ဆုံးဖြတ်ချက်များချမှတ်ကာ မိမိတို့အဖွဲ့အစည်းများ၏ အနာဂတ်ကို ပုံဖော်ကြရတော့မည်ဖြစ်သည်။ ယင်းခေါင်းဆောင်တို့သည် အရေးကြီးသည့် အချက်များကို နားလည်သဘောပေါက်ရမည်ဖြစ်သည့်အပြင် ၎င်းတို့၏ ဆုံးဖြတ်ချက်များသည်လည်း အထောက်အထားများအပေါ် အခြေခံရမည်ဖြစ်သည်။

မည်သို့ပင်ဆိုစေကာမူ လက်ရှိအနေအထားသစ်တစ်ရပ် မည်မျှကြာဦးမည်ဆိုသည်ကို မည်သူမျှ အတိအကျမသိနိုင်သေးသော်လည်း မည်သည့်အဖွဲ့အစည်း၌မဆို ခေါင်းဆောင်မှုက အရာရာကို ကွဲပြားခြားနားသွားစေနိုင်မည်ဖြစ်ကြောင်းနှင့် အကျပ်အတည်းကို အခွင့်အလမ်းအဖြစ် ပြောင်းလဲရေးတွင် ခေါင်းဆောင်မှုသည် ယခင်ကထက်များစွာ ပို၍ အရေးကြီးလာပြီဖြစ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

ဇူလိုင်လ ၁ ရက်နေ့ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့အာဘော်

Most Read

Most Recent