ဗဟိုဘဏ်က တစ်ပတ်အတွင်း နိုင်ငံခြားငွေဈေးပြိုင်လေလံဖြင့် ဒေါ်လာကိုးသန်း ထပ်မံရောင်းချခြင်းနှင့် မြန်မာနိုင်ငံတွင် ဖြစ်ပွားမှု ပြန်လည်မြင့်တက်နေသည့် COVID-19 အခြေအနေ

ဗဟိုဘဏ်က တစ်ပတ်အတွင်း နိုင်ငံခြားငွေဈေးပြိုင်လေလံဖြင့် ဒေါ်လာကိုးသန်း ထပ်မံရောင်းချခြင်းနှင့် မြန်မာနိုင်ငံတွင် ဖြစ်ပွားမှု ပြန်လည်မြင့်တက်နေသည့် COVID-19 အခြေအနေ
သထုံမြို့တွင် COVID-19 ပိုးတွေ့လူနာများကို သယ်ဆောင်ရန်ပြင်ဆင်နေစဉ် (ဓာတ်ပုံ-အဖြူရောင်နှလုံးသား လူမှုကူညီကယ်ဆယ်ရေးအဖွဲ့)
သထုံမြို့တွင် COVID-19 ပိုးတွေ့လူနာများကို သယ်ဆောင်ရန်ပြင်ဆင်နေစဉ် (ဓာတ်ပုံ-အဖြူရောင်နှလုံးသား လူမှုကူညီကယ်ဆယ်ရေးအဖွဲ့)
Published 27 June 2021
ရွှန်းလဲ့ဝင်း

တစ်ပတ်အတွင်း နိုင်ငံခြားငွေစျေးပြိုင်လေလံဖြင့် ဒေါ်လာကိုးသန်း ထပ်မံရောင်းချခဲ့သည့် ဗဟိုဘဏ်

၂၀၂၁ ခုနှစ် ဇွန် ၂၅ ရက်တွင် လေလံအတွက် ပျမ်းမျှငွေလဲနှုန်း ၁၅၉၅ ကျပ်ဖြင့်  မြန်မာနိုင်ငံတော် ဗဟိုဘဏ်က နိုင်ငံခြားငွေစျေးပြိုင်လေလံဖြင့် ဒေါ်လာသုံးသန်း၊ ဇွန် ၂၄ ရက်တွင် ဒေါ်လာခြောက်သန်း တစ်ပတ်အတွင်း ဒေါ်လာကိုးသန်းရောင်းချခဲ့ကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်က သတင်းထုတ်ပြန်ခဲ့ သည်။

၂၀၂၁ ခုနှစ် ဇွန် ၂၅ ရက်တွင် လေလံအတွက် ပျမ်းမျှငွေလဲနှုန်း ၁၅၉၅ ကျပ်ဖြင့်  မြန်မာနိုင်ငံတော် ဗဟိုဘဏ်က နိုင်ငံခြားငွေစျေးပြိုင်လေလံဖြင့် ဒေါ်လာသုံးသန်းရောင်းချခဲ့ကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်က သတင်းထုတ်ပြန်ခဲ့သည်။

ဗဟိုဘဏ်က နိုင်ငံခြားငွေစျေးပြိုင်လေလံဖြင့် ဇွန် ၇ ရက်တွင် ဒေါ်လာသုံးသန်း၊ ဇွန် ၂၄ ရက်တွင် ဒေါ်လာခြောက်သန်း၊ ဇွန် ၂၅ ရက်တွင် ဒေါ်လာသုံးသန်းရောင်းချခဲ့ရာ ဇွန်လအတွင်း လက်ရှိအချိန်အထိ သုံးကြိမ်ခွဲ၍ ဒေါ်လာ ၁၂ သန်း ရောင်းချခြင်းဖြစ်သည်။

ပြီးခဲ့သည့် မေလအတွင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်က နိုင်ငံခြားငွေစျေးပြိုင်လေလံဖြင့် ဒေါ်လာ ၂၄ သန်း ရောင်းချခဲ့သည်။

၂၀၂၀ ပြည့်နှစ် ဇန်နဝါရီမှ ဒီဇင်ဘာအထိ လအလိုက် ရောင်းဝယ်မှုပမာဏများမှာ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီတွင် ဒေါ်လာ ၃၉ ဒသမ ၅ သန်း၊ ဖေဖော်ဝါရီတွင် ဒေါ်လာ ၃၁ ဒသမ ၅ သန်း၊ မတ်၌ ဒေါ်လာ ၂၁ သန်း၊ မေတွင် ဒေါ်လာ ၁၆ ဒသမ ၇ သန်း၊ ဇွန်တွင် ၃၉ ဒသမ ၁ သန်း၊ ဇူလိုင်တွင် ဒေါ်လာ ၃၁ ဒသမ ၁ သန်း၊ သြဂုတ်တွင် ဒေါ်လာ ၃၅ ဒသမ ၆ သန်း၊ စက်တင်ဘာတွင် ဒေါ်လာ ၄၄ ဒသမ ၂ သန်း၊ အောက်တိုဘာတွင် ဒေါ်လာ ၄၃ သန်း၊ နိုဝင်ဘာတွင် ဒေါ်လာတစ်သိန်း၊ ဒီဇင်ဘာ၌ ဒေါ်လာ ၇ ဒသမ ၈ သန်း ဝယ်ယူခဲ့ပြီး ၂၀၂၀ ပြည့်နှစ် ဧပြီတွင် ဒေါ်လာ ၂ ဒသမ ၇ သန်း၊ ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာတွင် ဒေါ်လာသုံးသန်း ပြန်လည်ရောင်းချခဲ့သည်။ ၂၀၂၁ ခုနှစ် ဇန်နဝါရီတွင် ဒေါ်လာ ၁ ဒသမ ၈ သန်း ဝယ်ယူခဲ့ပြီး ဖေဖော်ဝါရီတွင် ဒေါ်လာ ၆ ဒသမ ၈ သန်း ရောင်းချခဲ့သည်။

ကာလတိုအတွင်း နိုင်ငံခြားငွေလဲလှယ်နှုန်း အတက်အကျကြီးမားခြင်းကို လျော့နည်းစေရန်နှင့် နိုင်ငံခြားသုံးသီးသန့် အရန်ငွေဖြည့်တင်းရန် နိုင်ငံတော်ဗဟိုဘဏ်က နိုင်ငံခြားငွေ စျေးပြိုင်လေလံဖွင့်လှစ် ဆောင်ရွက်နေခြင်းဖြစ်သည်။မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် ၎င်း၏နိုင်ငံခြားသုံးငွေလုပ်ငန်း (Foreign Exchange Operation) ရည်ရွယ်ချက်များဖြစ်သော ကာလတိုအတွင်း နိုင်ငံခြားငွေလဲလှယ်နှုန်း အတက်၊ အကျကြီးမားခြင်းကို လျော့နည်းစေရန်နှင့် နိုင်ငံတော်၏နိုင်ငံခြားသုံးသီးသန့် အရန်ငွေဖြည့်တင်းရန် အချက်နှစ်ချက်ကို အကောင်အထည်ဖော်ရန်အတွက် စည်းမျဉ်းအခြေခံသည့် နိုင်ငံခြားငွေစျေးပြိုင်လေလံအား ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ် စျေးပြိုင်လေလံအတွက် စည်းမျဉ်း၊ ညွှန်ကြားချက်များ ချမှတ်ထားပြီး အဆိုပါစည်းမျဉ်း၊ ညွှန်ကြားချက်များနှင့်အညီ နိုင်ငံခြားငွေစျေးပြိုင် လေလံတွင်ပါဝင်သည့် နိုင်ငံခြားသုံးငွေများ ရောင်းဝယ်ဖောက်ကားသည့် လုပ်ငန်းလိုင်စင် (Authorized Dealer - AD) ရဘဏ်များဖြစ်သော နိုင်ငံပိုင်ဘဏ်သုံးဘဏ်၊  ပြည်တွင်းပုဂ္ဂလိကဘဏ် ၁၉ ဘဏ် နှင့် နိုင်ငံခြားဘဏ် ဘဏ်ခွဲ ၁၃ ဘဏ်တို့ဖြင့် နိုင်ငံခြားငွေဝယ်ခြင်း၊ ရောင်းခြင်းတို့ကို ဆောင်ရွက်နေခြင်းဖြစ်သည်။ မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ နိုင်ငံခြားသုံးငွေ လုပ်ငန်းဆောင်ရွက်ချက်များမှာ ကာလတိုအတွင်း နိုင်ငံခြားငွေလဲလှယ်နှုန်း  အတက်အကျကြီးမားခြင်းကို လျော့နည်းစေရန် အလုပ်လုပ်ရက်တစ်ရက်ရှိ မြန်မာကျပ်ငွေနှင့် အမေရိကန်တစ်ဒေါ်လာ၏ ငွေလဲလှယ်နှုန်းနှင့် ယခင်ရက်ရည်ညွှန်း ငွေလဲလှယ်နှုန်းတို့ကို နှိုင်းယှဉ်ခြင်း၊ ယင်းသို့နှိုင်းယှဉ်ချက်အရ မြန်မာကျပ်ငွေ တန်ဖိုးကျဆင်းသည့် ရာခိုင်နှုန်းသည် ချမှတ်ထားသည့် စည်းမျဉ်းများအရ သတ်မှတ်ချက်ထက် ကျော်လွန်လျှင် နိုင်ငံခြားငွေ (အမေရိကန်ဒေါ်လာ ရောင်းချရန် စျေးပြိုင်လေလံကို ဖွင့်လှစ်ဆောင်ရွက်ခြင်း၊ မြန်မာကျပ်ငွေတန်ဖိုး မြင့်တက်သည့် ရာခိုင်နှုန်းသည် ချမှတ်ထားသည့် စည်းမျဉ်းများအရ သတ်မှတ်ချက်ထက် ကျော်လွန်လျှင် နိုင်ငံခြားငွေ (အမေရိကန်ဒေါ်လာ) ဝယ်ယူရန် စျေးပြိုင်လေလံကို ဖွင့်လှစ်ဆောင်ရွက်ခြင်း၊ နိုင်ငံတော်၏ နိုင်ငံခြားသုံး သီးသန့်အရန်ငွေကို ဖြည့်တင်းရန် အလုပ်လုပ်ရက်တစ်ရက်၏ ငွေလဲလှယ်နှုန်းအား ပြီးခဲ့သည့်ရက်ပေါင်း ၂၀ အတွင်း၌ ဖြစ်ပေါ်သည့် ပျမ်းမျှမြန်မာကျပ်ငွေနှင့် အမေရိကန်တစ်ဒေါ်လာလဲလှယ်နှုန်းနှင့် နှိုင်းယှဉ်ခြင်း၊ ယင်းသို့နှိုင်းယှဉ်ချက်အရ မြန်မာကျပ်ငွေတန်ဖိုး မြင့်တက်သည့် ရာခိုင်နှုန်းသည် ချမှတ်ထားသည့် စည်းမျဉ်းများအရ သတ်မှတ်ချက်ထက်ကျော်လွန်လျှင် နိုင်ငံခြားငွေ (အမေရိကန်ဒေါ်လာ) ဝယ်ယူရန် စျေးပြိုင်လေလံကို ဖွင့်လှစ်ဆောင်ရွက်ခြင်း၊ စျေးပြိုင်လေလံတွင် ဗဟိုဘဏ်က ကြေညာထားသည့် အမြင့်ဆုံးလဲလှယ်နှုန်းနှင့် အနိမ့်ဆုံးလဲလှယ်နှုန်းအကြား AD ဘဏ်များက တင်ပြသည့် နိုင်ငံခြားငွေဝယ်ယူရန်၊ ရောင်းချရန် တင်ပြချက်များကို Refinitiv (ယခင် Thomson Reuters) ၏ လေလံ အရောင်းအဝယ်စနစ် (Real Time Dealing Platform) ကို အသုံးပြု၍ မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ဝယ်ယူ၊ ရောင်းချခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် ဖြစ်ပွားမှုနှုန်း ပြန်လည်မြင့်တက်လာသည့် COVID-19 ရောဂါအခြေအနေ

မြန်မာနိုင်ငံ၌ COVID-19 ဖြစ်ပွားမှု ပြန်လည်မြင့်တက်နေပြီး ပိုးတွေ့ရှိမှု ခြောက်ရက်ဆက်တိုက် ၁၀ ရာခိုင်နှုန်းအထက်ရှိနေကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်သည့်စာရင်းများအရ သိရသည်။

ဇွန် ၁၉ ရက်မှ ဇွန် ၂၃ ရက်အထိ ငါးရက်ဆက်တိုက် နေ့စဉ် ပိုးတွေ့ရာခိုင်နှုန်းမြင့်တက်လျက်ရှိပြီး ဇွန်၂၄ ရက်က COVID-19 လူနာသစ် ၇၈၇ ဦးတွေ့ရှိခဲ့ပြီး ပိုးတွေ့ရှိမှု ပြန်လည်မြင့်တက်ခဲ့သည့် မေ၂၇ ရက်မှစ၍၂၉ ရက်အတွင်း ပိုးတွေ့လူနာ ၆၆၂၄ ဦး ထပ်တိုးတွေ့ရှိခဲ့ကြောင်း သိရသည်။

လက်ရှိတွင် ရောဂါပိုးစစ်ဆေးနိုင်မှု အခြေအနေအရ ရက်အလိုက် ပိုးတွေ့နှုန်းများမှာ မေ ၂၇ ရက်တွင် ၅ ဒသမ ၃၇ ရာခိုင်နှုန်း၊ မေ ၂၈ ရက်တွင် ၅ ဒသမ ၈၅ ရာခိုင်နှုန်း၊ မေ ၂၉ ရက်တွင် ၃ ဒသမ ၈၇ ရာခိုင်နှုန်း၊ မေ ၃၀ ရက်တွင် ၄ ဒသမ ၉ ရာခိုင်နှုန်း၊ မေ ၃၁ ရက်တွင် ၃ ဒသမ ၃ ရာခိုင်နှုန်း၊ ဇွန် ၁ ရက်တွင်  ၆ ဒသမ ၀၅ ရာခိုင်နှုန်း၊ ဇွန် ၂ ရက်တွင် ၄ ဒသမ ၅ ရာခိုင်နှုန်း၊ ဇွန် ၃ ရက်၌ ၈ ဒသမ ၄ ရာခိုင်နှုန်း၊ ဇွန် ၄ ရက်တွင် ၁၁ ဒသမ ၉ ရာခိုင်နှုန်း၊ ဇွန် ၅ ရက်တွင် ၆ ဒသမ ၅ ရာခိုင်နှုန်း၊ ဇွန် ၆ ရက်တွင် ၅ ဒသမ ၉ ရာခိုင်နှုန်း၊ ဇွန် ၇ ရက်တွင် ၆ ဒသမ ၃ ရာခိုင်နှုန်း၊ ဇွန် ၈ ရက်တွင် ၆ ဒသမ ၁ ရာခိုင်နှုန်း၊ ဇွန် ၉ ရက်တွင် ၇ ဒသမ ၈ ရာခိုင်နှုန်း၊ ဇွန် ၁၀ ရက်တွင် ၆ ဒသမ ၉ ရာခိုင်နှုန်း၊ ဇွန် ၁၁ ရက်တွင်  ၆ ဒသမ ၈ ရာခိုင်နှုန်း၊ ဇွန် ၁၂ ရက်၌ ၄ ဒသမ ၉ ရာခိုင်နှုန်း၊ ဇွန် ၁၃ ရက်တွင် ၁၂ ဒသမ ၉ ရာခိုင်နှုန်း၊ ဇွန် ၁၄ ရက်တွင် ၇ ဒသမ ၉ ရာခိုင်နှုန်း၊ ဇွန် ၁၅ ရက်တွင် ခုနစ်ရာခိုင်နှုန်း၊ ဇွန် ၁၆ ရက်တွင် ၁၀ ရာခိုင်နှုန်း၊ ဇွန် ၁၇ ရက်တွင် ၈ ဒသမ ၆၇ ရာခိုင်နှုန်း၊ ဇွန် ၁၈ ရက်တွင် ၆ ဒသမ ၇၇ ရာခိုင်နှုန်း၊ ဇွန် ၁၉ ရက်တွင် ၁၁ ဒသမ ၂၇ ရာခိုင်နှုန်း၊ ဇွန် ၂၀ ရက်တွင် ၁၁ ဒသမ ၈၇ ရာခိုင်နှုန်း၊ ဇွန် ၂၁ ရက်တွင် ၁၁ ဒသမ ၉၉ ရာခိုင်နှုန်း၊ ဇွန် ၂၂ ရက်တွင် ၁၂ ဒသမ ၃၈ ရာခိုင်နှုန်း၊ ဇွန် ၂၃ ရက်တွင် ၁၃ ဒသမ ၅ ရာခိုင်နှုန်း၊ ဇွန် ၂၄ ရက်တွင် ၁၃ ဒသမ ၇ ရာခိုင်နှုန်း အသီးသီးရှိခဲ့ကြောင်း သိရသည်။

ဓာတ်ခွဲစမ်းသပ်မှုများကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဓာတ်ခွဲခန်းများ၊ ရန်ကုန်မြို့ အမှတ် (၁) တပ်မတော်ဆေးရုံကြီး (ခုတင် ၁၀၀၀)၊ နေပြည်တော် အမှတ် (၂) တပ်မတော်ဆေးရုံကြီး (ခုတင် ၁၀၀၀)၊ ပြင်ဦးလွင်မြို့ အမှတ် (၁) တပ်မတော်ဆေးရုံကြီး(ခုတင် ၇၀၀)၊ လားရှိုးမြို့ အမှတ် (၉) တပ်မတော်ဆေးရုံကြီး (ခုတင် ၁၀၀)၊ ပုဂ္ဂလိကဆေးရုံနှင့် ဓာတ်ခွဲခန်းများ၊ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိဆေးရုံများနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနများမှ COVID-19 Rapid Antigen Diagnostic Test ဖြင့် စမ်းသပ်စစ်ဆေးလျက်ရှိကြောင်း သိရသည်။

ရန်ကုန်ဆေးရုံကြီး ပြန်လည်ဖွင့်လှစ်ထားပြီး COVID-19 ပြင်းထန်လူနာများကို ကုသပေးနေကာ ပြင်းထန်မှုမရှိပါက ဒေသန္တရဆေးရုံများတွင် ကုသပေးမည်ဖြစ်ကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

“ရန်ကုန်ဆေးရုံကြီး၊ မြောက်ဥက္ကလာပ ဆေးရုံကြီးမှာလည်း ၂၄ နာရီ လူနာတွေ လက်ခံနေပါပြီ။ တချို့မှာလည်း ရန်ကုန်ဆေးရုံကြီးမှာ လူနာတွေလက်ခံတဲ့ကိစ္စကို မသိသေးဘူး။ ၂၂ ရက်ကစပြီးတော့ လက်ခံနေတာဖြစ်ပါတယ်။ သို့သော် မိမိကချောင်းဆိုးတယ်၊ ဖျားတယ်၊ COVID-19 လက္ခဏာ ရှိတယ်ဆိုပြီး ရန်ကုန်ဆေးရုံကြီးကို လာပြလို့တော့မရပါဘူး။ သက်ဆိုင်ရာ ဒေသန္တရ၊ မြို့နယ်ကျန်းမာရေးဌာန၊ ကိုယ့်မြို့နယ်မှာရှိတဲ့ သက်ဆိုင်ရာဆေးရုံတွေမှာ အရင်သွားရောက် ပြသရမှာဖြစ်ပါတယ်။ သွားရောက်ပြသပြီးတော့ သူတို့ကနေပြီးတော့မှ စစ်ဆေးလိုက်လို့ ပိုးတွေ့တယ်ဆိုရင် သက်ဆိုင်ရာဆေးရုံမှာပဲ ကုသမှုပေးမှာဖြစ်ပါတယ်။ အဲဒီမှာမှ ပိုးတွေ့လူနာတွေထဲကမှ အသက်ကြီးတယ်။ နောက်ခံရောဂါကလည်း ရှိနေတယ်။ လက်ရှိမှာလည်း အောက်ဆီဂျင်အဆင့်ကလည်း ၉၀ ထက်ကိုကျနေတယ်။ စသည်ဖြင့် အသက်ရှူတဲ့နှုန်းကလည်း ၃၀ ထက်ကိုမြန်နေတယ်။ သူရဲ့ပြင်းထန်တဲ့လက္ခဏာရှိတဲ့သူဆိုရင် ရန်ကုန်ဆေးရုံကြီး၊ မြောက်ဥက္ကလာဆေးရုံကြီး၊ ဖောင်ကြီးဆေးရုံကြီး စသည်ဖြင့် ဒါတွေကို တင်ပို့ပြီး ကုသမှုပေးမှာဖြစ်ပါတယ်” ဟု ၎င်းကပြောကြားသည်။

Most Read

Most Recent