ဆေးပညာရပ်တွင် ရောဂါများဖြစ်ပွားရသည့် အကြောင်းတရားများရှိသည်။ ယင်းအကြောင်းတရားများကြောင့်သာ ရောဂါများဖြစ်ပွားခြင်း ဖြစ်သည်။ ရောဂါများဖြစ်ပွားခြင်းကြောင့် ရောဂါလက္ခဏာရပ်များ ဖြစ်ပေါ်လာသည်။ ဥပမာအားဖြင့် စထရက်တိုကော့ကက်ဟုခေါ်သော ဘက်တီးရီးယားပိုးမွှားများ လူ၏ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်ခြင်းကြောင့် Bacteremia ဟု ခေါ်သော ရောဂါတစ်ရပ် ဖြစ်ပွားသည်။ ထိုအခါ ကိုယ်အပူချိန် အနည်းငယ်တက်ခြင်းဖြင့် ၁၅ ရက်ခန့် ဖျားနာခြင်းဟူသော ရောဂါလက္ခဏာရပ် ပေါ်လာသည်။ ယင်း၌ ဘက်တီးရီးယားပိုးမွှား ဝင်ရောက်ခြင်းသည် အကြောင်းတရားဖြစ်ပြီး ဖျားနာခြင်းသည် ရောဂါလက္ခဏာရပ်တစ်ခုသာ ဖြစ်သည်။
ဆေးကုသရာတွင် ဖျားနာခြင်းဟူသော ရောဂါလက္ခဏာရပ် သက်သာပျောက်ကင်းစေရန်အတွက် ပါရာစီတမောကဲ့သို့သော ဆေးဝါးများပေး၍ ကုသခြင်းကို ရောဂါလက္ခဏာရပ်အားကုသမှု (Symptomatic Treatment) ဟု ခေါ်သည်။ လူနာသည် အဖျားတက်ခြင်းကြောင့် ဆရာဝန်ထံသို့လာ၏။ ဆရာဝန်က အဖျားကျအောင် ကုသပေးလိုက်သည်။ ထိုအခါလူနာကလည်း မိမိရောဂါပျောက်ကင်းသွားပြီဟု ယူဆသွားသည်။ သို့သော်ဆရာဝန်၏တာဝန်မှာ လတ်တလောဖြစ်ပေါ်နေသည့် ရောဂါလက္ခဏာကို ပျောက်ကင်းအောင် ကုသပေးရေးသက်သက် မဟုတ်ပါ။ ဆရာဝန်သည်ရောဂါ၏ဇာစ်မြစ် သို့မဟုတ် ရောဂါဖြစ်ပွားရသည့် အကြောင်းတရား (Etiology) ကို ရှာဖွေဖော်ထုတ်ကာ ကုသပေးရမည်ဖြစ်သည်။
၎င်းအပြင် ရောဂါလက္ခဏာရပ်များ ပျောက်ကင်းအောင် ကုသမှုမျိုးသည် အမြဲတမ်း ပြုလုပ်သင့်သည်ကား မဟုတ်ပေ။ အချို့သောကိစ္စများ၌ ရောဂါဖြစ်ပွားရသည့်အကြောင်းကို ရှာဖွေဖော်ထုတ်မှုမလုပ်ဘဲ ရောဂါလက္ခဏာရပ်များ ပျောက်ကင်းအောင် ပြုလုပ်ပေးလိုက်ခြင်းမျိုးသည် အလွန်အန္တရာယ်ကြီးသည့် ကိစ္စဖြစ်သည်။ အထက်ပါ ဥပမာအတိုင်းဆိုလျှင် ဖျားနာခြင်းကို ကုသလိုက်ခြင်းအားဖြင့် ရောဂါဖြစ်ပွားရသည့် အကြောင်းရင်းကို ရှာဖွေဖော်ထုတ်ရန်သဲလွန်စများ ပျောက်ကွယ်သွားရသည်။ ဖျားနာခြင်း အကြောင်းတရားများစွာတို့အနက် ဘက်တီးရီးယားပိုးမွှားများ ဝင်ရောက်ခြင်းကြောင့် ဖျားနာခြင်းဖြစ်ခဲ့ပါက ပဋိဇီဝဆေးဝါးများပေးကာ ယင်းပိုးမွှားများကို ရှင်းလင်းပစ်ရမည်ဖြစ်သည်။
ထိုကဲ့သို့ မပြုလုပ်ဘဲ အဖျားကျအောင် ပြုလုပ်ပေးလိုက်သည်။ ထိုအခါ လေးဖက်နာရောဂါအဖြစ် ရောဂါကြီးထွားသွားပြီး အဆစ်အမြစ်များ ရောင်ရမ်းကိုက်ခဲလာသည်။ အဆစ်အမြစ် ရောင်ရမ်းကိုက်ခဲမှု ပျောက်ကင်းစေရန်အတွက် အကိုက်အခဲပျောက်ဆေးများနှင့် ရောင်ရမ်းမှုသက်သာစေသည့် ဆေးဝါးများပေးလိုက်သည်။ ဤသို့နှင့် ကြာလာသောအခါ ဘက်တီးရီးယားပိုးမွှားများက နှလုံးအဆို့ရှင်များကို စားပစ်လိုက်သောကြောင့် နှလုံးလေးဖက်နာရောဂါ ဖြစ်ပေါ်လာသည်။ ၎င်းအပြင် ကျောက်ကပ်ရောင်ရမ်း ပျက်စီးမှုများလည်း ဖြစ်ပေါ်နိုင်သည်။ နောက်ဆုံးလွယ်ကူစွာ ကုသနိုင်သော ရောဂါဖြစ်ပါလျက် အသက်သေဆုံးသည်အထိပင် ဖြစ်ပွားနိုင်သည်။ ယင်းသည် အကြောင်းတရားနှင့် ဇာစ်မြစ်ကိုရှာဖွေခြင်းမပြုဘဲ ရောဂါလက္ခဏာသက်သာရုံကုသမှု၏ အန္တရာယ်ကြီးပုံ ဥပမာတစ်ရပ်ဖြစ်သည်။
Symptomatic Treatment ၏ အခြားအန္တရာယ်တစ်ရပ်လည်း ရှိသေးသည်။ ဥပမာအားဖြင့် Mycobacterium tuberculosis ဟုခေါ်သည့် ရောဂါပိုးကြောင့် တီဘီရောဂါဖြစ်ပွားသည်။ ယင်းရောဂါကြောင့် ချောင်းဆိုးခြင်း ရောဂါလက္ခဏာရပ်ဖြစ်ပွားသည်။ Isoniazid ၊ Rifampin နှင့် Streptomycin အစရှိသော ဆေးဝါးများဖြင့် ရောဂါပိုးကို သတ်ရမည်ဖြစ်သည်။ Dextromethorphen ကဲ့သို့သော ချောင်းဆိုးပျောက်ဆေးမျိုးမပေးဘဲ ထားရတတ်သည်။ ချောင်းဆိုးခြင်းကို ရောဂါတိုးတက်မှု (Prognosis) ကို ကြည့်ရန် အညွှန်းအဖြစ် ထားခြင်းမျိုးဖြစ်သည်။ ရောဂါအမှန်တကယ် မပျောက်ဘဲ ရောဂါလက္ခဏာနှင့်အတူ ရောဂါအခြေအနေတိုးတက်မှုအညွှန်းပါ ပျောက်ဆုံးသွားနိုင်သည့် အန္တရာယ်မျိုးဖြစ်သည်။
ယင်းကို ဆေးကုသမှု၏ ပြင်ပလောက၌လည်း စီမံခန့်ခွဲမှုပြုလုပ်ရာ၌ သင်ခန်းစာယူရန် လိုအပ်သည်။ ဥပမာအားဖြင့် ယာဉ်ကြောပိတ်ဆို့မှုများ ဖြစ်ပွားခြင်း သို့မဟုတ် လျှပ်စစ်မီး မကြာခဏ ပြတ်တောက်ခြင်းတို့သည် ရောဂါလက္ခဏာရပ်များဖြစ်သည်။ ထိုအခါ ရောဂါလက္ခဏာရပ်များ၏ အကြောင်းတရားများကို ရှာဖွေဖော်ထုတ်ကာ ဖြေရှင်းရမည် ဖြစ်သည်။ ယာဉ်ကြောပိတ်ဆို့မှုကို ဖြေရှင်းရန်အတွက် လတ်တလော ပြေလည်စေရန် လမ်းဆုံတစ်ခု၌ ခုံးကျော်တံတား ဆောက်လိုက်သည်။ ယင်းနေရာ၌ ယာဉ်ကြောပိတ်ဆို့မှု ပြေလည်သွားသည်။ သို့သော် ယင်းယာဉ်ကြောပိတ်ဆို့မှုသည် ပြေလည်သွားခြင်း မဟုတ်ဘဲ အခြားတစ်နေရာသို့ ရွေ့သွားခြင်းသာ ဖြစ်နေသည်။
ထို့ကြောင့် စီမံခန့်ခွဲမှုပြုလုပ်ရာတွင် လတ်တလော ပြေလည်စေရေးအတွက် ပြုလုပ်သည့် ရောဂါလက္ခဏာရပ်များ ပျောက်ကင်းအောင် ကုသရုံသက်သက် ပြုလုပ်ခြင်းသည် ရေရှည်၌ အလုပ်မဖြစ်သောကြောင့် အကြောင်းတရား သို့မဟုတ် ဇာစ်မြစ်ကို ရှာဖွေဖော်ထုတ်လျက် ဖြေရှင်းရန် လိုအပ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။
ဇွန် ၂၆ ရက်ထုတ် The Daily Eleven သတင်းစာ အယ်ဒီတာ့အာဘော်








