ဖခင်၏ ၁၃ နှစ်ကြာ အုပ်ထိန်းမှုအောက်တွင် စိတ်သောကရောက်ခဲ့ရပြီး နေ့တိုင်းငိုကြွေးခဲ့ရကြောင်း လော့အိန်ဂျလိစ်တရားရုံး၌ ကြားနာစစ်ဆေးမှုအတွင်း အဆိုတော် Britney Spears ထွက်ဆို

ဖခင်၏ ၁၃ နှစ်ကြာ အုပ်ထိန်းမှုအောက်တွင် စိတ်သောကရောက်ခဲ့ရပြီး နေ့တိုင်းငိုကြွေးခဲ့ရကြောင်း လော့အိန်ဂျလိစ်တရားရုံး၌ ကြားနာစစ်ဆေးမှုအတွင်း အဆိုတော် Britney Spears ထွက်ဆို
Published 25 June 2021

ပေါ့ပ်အဆိုတော် Britney Spears ၏ ပုဂ္ဂိုလ်ရေးနှင့်ငွေရေးကြေးရေးကိစ္စများကို ဖခင်ဖြစ်သူက ထိန်းချုပ်နေမှုနှင့်ပတ်သက်၍ ဖြစ်ပွားနေသော တရားရင်ဆိုင်မှုအတွင်း ဇွန် ၂၃ ရက်က လော့အိန်ဂျလိစ်တရားရုံး၌ ကြားနာစစ်ဆေးမှုသို့ Britney Spears သည် လူကိုယ်တိုင်တက်ရောက်ခဲ့ခြင်း မရှိသော်လည်း ၎င်း၏ထွက်ဆိုမှုကိုဖုန်းဖြင့် ဆက်သွယ်ပြောကြားခဲ့ကြောင်း သိရသည်။

မိနစ် ၂၀ ကြာမြင့်သော ထွက်ဆိုချက်အတွင်း Britney က ဖခင်၏ ၁၃ နှစ်ကြာ အုပ်ထိန်းမှုသည် ၎င်း၏ဘဝကို ဆိုးရွားစေခဲ့ပြီး အဓိပ္ပာယ်မဲ့စေခဲ့ကြောင်း၊ စိတ်သောကရောက်မှုကို ခံစားခဲ့ရကာ စိတ်ဆိုးဒေါသ ထွက်ခဲ့ရကြောင်း၊ ၎င်း၏ဘဝကို ပြန်လိုချင်ခဲ့ကြောင်း၊ ဖခင်ဖြစ်သူကို အုပ်ထိန်းမှုအခွင့်အရေး ပေးအပ်ထားမှုကို လော့စ်အိန်ဂျလိစ် တရားသူကြီးအနေဖြင့် ပြန်လည်ရုပ်သိမ်းပေးစေလိုကြောင်း ပြောကြားခဲ့သည်။

“ကျွန်မဘဝကို ကျွန်မပြန်လိုချင်ပါတယ်။ တစ်စုံတစ်ယောက်ရဲ့ ကျေးကျွန်ဖြစ်ဖို့ ကျွန်မဒီနေရာမှာ ရှိနေတာ မဟုတ်ပါဘူး။ ကျွန်မစိတ်သောက ရောက်ခဲ့ရတယ်။ မပျော်ရွှင်ခဲ့ဘူး။ အိပ်လို့လည်း မပျော်ခဲ့ဘူး။ Instagram ပေါ်မှာ တင်ထားတဲ့ ကျွန်မရဲ့ပျော်ရွှင်နေတဲ့ ပုံရိပ်တွေက အလိမ်အညာတွေပါ။ ကျွန်မ အရမ်းစိတ်ဆိုးဒေါသထွက်ရတယ်။ စိတ်ဓာတ်လည်းကျခဲ့တယ်။ နေ့တိုင်း ငိုကြွေးခဲ့ရတယ်။ ဒီအုပ်ထိန်းမှုက ဆိုးရွားယုတ်မာတဲ့လုပ်ရပ်ဆိုတာ ကျွန်မယုံတယ်။  ဒီအုပ်ထိန်းမှုထဲမှာ ကျွန်မအဖေနဲ့ အခြားသူတစ်စုံတစ်ယောက် ပါဝင်ခဲ့တယ်။ ကျွန်မဘဝကို ကျွန်မကိုယ်တိုင်စီမံခွင့်က ဒဏ်ခတ်ခံထားရတယ်။ အဲ့ဒီလုပ်ရပ်မှာ ပါဝင်တဲ့သူတွေကို ထောင်ချသင့်တယ်” ဟု အသက် ၃၉ နှစ်အရွယ် Britney က ထွက်ဆိုခဲ့သည်။

၎င်းအနေဖြင့် နောက်တစ်ကြိမ် အိမ်ထောင်ပြုရန်ဆန္ဒရှိခဲ့ပြီး ကလေးလည်း လိုချင်ခဲ့ကြောင်း၊ သို့သော် ပဋိသန္ဓေတားသည့် ပစ္စည်းထည့်သွင်းထားခြင်းကြောင့် ဆရာဝန်နှင့်တိုင်ပင်လိုသော်လည်း အုပ်ထိန်းသူများက ၎င်းအားကလေးယူခွင့်မပြုဘဲ ဆရာဝန်ထံသွားရောက်ခြင်းကို ပိတ်ပင်ခဲ့ကြကြောင်း Britney က ဆိုသည်။

Britney အနေဖြင့် ဖခင်၏အုပ်ထိန်းမှုကို ဖျက်သိမ်းခွင့်ပေးရန်တောင်းဆိုသည့် အသနားခံစာကို တရားရုံးသို့ လျှောက်ထားရန် လိုအပ်လိမ့်မည်ဟု တရားသူကြီး ဘရန်ဒါပင်နီက ပြောကြားခဲ့သည်။

ဇွန် ၂၃ ရက် ကြားနာစစ်ဆေးမှုတွင် တရားရုံးအပြင်ဘက်၌ ပန်းရောင်အဝတ်အစားများ ဝတ်ဆင်ထားကြသော Britney ၏ ပရိသတ်များက Free Britney စာတန်းပါ လက်ကိုင်ပိုစတာများကို ကိုင်ထားကြသည်။

စိတ်မတည်မငြိမ်ဖြစ်မှုကို အဆိုတော် Britney ခံစားနေရသည်ဆိုသော သတင်းများ ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်လာခဲ့ပြီး စိတ်ရောဂါကုသမှုကို ခံယူခဲ့ရပြီးနောက် ၂၀၀၈ ခုနှစ်တွင် ဖခင်ဖြစ်သူ Jamie Spears ကို Britney ၏ အုပ်ထိန်းသူ၊ အကြံပေးအဖြစ် တရားရုံးက ခန့်အပ်ခဲ့ခြင်းဖြစ်သည်။

ထိုသို့ Britney ၏ အုပ်ထိန်းသူအဖြစ် တာဝန်ယူခဲ့ချိန်အတွင်း Jamie Spears သည် သမီးဖြစ်သူ၏ ပုဂ္ဂိုလ်ရေးကိစ္စများ၊ ငွေကြေးကိစ္စများအပါအဝင် Britney ၏ ဆေးကုသမှု၊ လုံခြုံရေးနှင့် အလုပ်အကိုင်ကိစ္စများကို ထိန်းချုပ်ခြယ်လှယ်ခဲ့မှုကြောင့် Britney က ပြီးခဲ့သည့်နှစ်တွင် ၎င်း၏ဖခင်အား အုပ်ထိန်းသူအဖြစ်မှ ဖယ်ရှားပေးရန်တရားရုံးသို့ လျှောက်ထားခဲ့ခြင်းဖြစ်ကာ ၎င်းပိုင်ဆိုင်သည့် ငွေကြေးများကို တစ်ဦးတည်းကိုယ်တိုင် စီမံခန့်ခွဲခွင့်ပေးရန် Britney က တောင်းဆိုခဲ့သည်။

Jamie Spears အား Britney ၏ အုပ်ထိန်းသူအဖြစ်မှ ဖယ်ရှားရေးအတွက် တရားရင်ဆိုင်နေရသည့်အမှုတွင် Britney အနေဖြင့် ယခင်တရားရုံးကြားနာမှုများသို့ တက်ရောက်လေ့မရှိခဲ့သလို ဖခင်ဖြစ်သူ၏ ထိန်းချုပ်ခြယ်လှယ်မှုနှင့်ပတ်သက်၍ လူသိရှင်ကြား ထုတ်ဖော်ပြောဆိုခဲ့ဖူးခြင်း မရှိပေ။

ဖေဖော်ဝါရီလတွင် Britney ၏ မှတ်တမ်းရုပ်ရှင်ဖြစ်သော Framing Britney Spears ကို ထုတ်လွှင့်ခဲ့ပြီးနောက်ပိုင်း Britney ၏ အမှုကိစ္စအပေါ် လူထုစိတ်ဝင်စားမှု တစ်ရှိန်ထိုးမြင့်တက်ခဲ့သည်။

ဖခင်၏ ထိန်းချုပ်မှုအောက်တွင် Britney တစ်ယောက် အကျဉ်းသားသဖွယ် ထိန်းချုပ်ခံရသည်ဟု ၎င်း၏ပရိသတ်များက ယူဆနေကြခြင်းကြောင့် ထိုမှတ်တမ်းရုပ်ရှင် ထွက်ရှိလာခဲ့ပြီးနောက်ပိုင်း Britney ၏ ပရိသတ်များအကြား #FreeBritney လှုပ်ရှားမှု ထွက်ပေါ်လာခဲ့သည်။

Most Read

Most Recent