နောက်ဆုံးထွက်ရှိမည့် Transformer ရုပ်ရှင်၏ဇာတ်ညွှန်းကြောင့် ခေါင်းနပန်းကြီးသွားခဲ့သည်ဟု သရုပ်ဆောင် Anthony Ramos ပြောကြား

နောက်ဆုံးထွက်ရှိမည့် Transformer ရုပ်ရှင်၏ဇာတ်ညွှန်းကြောင့် ခေါင်းနပန်းကြီးသွားခဲ့သည်ဟု သရုပ်ဆောင် Anthony Ramos ပြောကြား
Published 25 June 2021

Transformer ရုပ်ရှင်ကားများ၏ ခုနစ်ကားမြောက်ရုပ်ရှင်၏အမည်မှာ Rise of the beasts ဖြစ်ကြောင်း Paramount Pictures ရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီက ဇွန် ၂၂ ရက်တွင် လူသိရှင်ကြား ထုတ်ဖော်ကြေညာခဲ့ပြီး နောက်ယင်းရုပ်ရှင်၏ ဇာတ်ညွှန်းများကို ဖတ်ရှုကြည့်ခဲ့ချိန်တွင် ခေါင်းနပန်းကြီးသွားခဲ့သည်ဟု ယင်းရုပ်ရှင်တွင် အဓိကသရုပ်ဆောင်တစ်ဦးအဖြစ်ပါဝင်မည့် Anthony Ramos က ပြောကြားခဲ့သည်။

“Transformer ရဲ့ Beast Wars စီးရီးတွေကို ကျွန်တော် လက်မလွတ်တန်း ကြည့်ရှုခဲ့ဖူးပါတယ်။ အဲဒါကြောင့် အခုရိုက်မယ့် ရုပ်ရှင်ရဲ့ ဇာတ်ညွှန်းကို ဖတ်ကြည့်လိုက်တဲ့အခါ ကျွန်တော့်ခေါင်းတစ်ခုလုံး ပေါက်ကွဲမတတ် ဖြစ်ပွားပါတယ်။ ဒီရုပ်ရှင်ထဲမှာတစ်စုံတစ်ခုကို ထည့်သွင်းမြှုပ်နှံထားတာကို တွေ့ခဲ့ရပါတယ်” ဟု Ramos က ပြောကြားခဲ့သည်။

Creed II ရုပ်ရှင်ကို ရိုက်ကူးခဲ့သည့် ဒါရိုက်တာ Steven Caple ဂျူနီယာက တာဝန်ယူရိုက်ကူးမည့် Transformer: Rise of the Beast ရုပ်ရှင်တွင် အမျိုးသားသရုပ်ဆောင် Ramos က စစ်ဘက်ဆိုင်ရာ လျှပ်စစ်ကျွမ်းကျင်သူဟောင်းဖြစ်သည့် Noah အမည်ရှိ ဇာတ်ကောင်နေရာက ပါဝင်မည်ဖြစ်ပြီး ၎င်းနှင့်အတူတွဲဖက်သရုပ်ဆောင်မည့် အမျိုးသမီးသရုပ်ဆောင် Dominique Fishback က ပြတိုက်တစ်ခုတွင် ရှေးဟောင်းပစ္စည်းဆိုင်ရာ သုတေသနပညာရှင်ဖြစ်သည့် Elena ဇာတ်ကောင်နေရာတွင် သရုပ်ဆောင်သွားမည်ဖြစ်သည်။

Rise of the Beasts ဆိုသည့် ရုပ်ရှင်အမည်နှင့်လိုက်ဖက်စေရန် ယင်းရုပ်ရှင်ထဲတွင် Maximals နှင့် Predacons တို့ကဲ့သို့ တိရစ္ဆာန် Transformer များကို အဓိကထား ရိုက်ကူးသွားမည်ဖြစ်သည်။

Transformer ရုပ်ရှင်ကားများထဲမှ ခွဲထွက်ရုပ်ရှင်ကားဖြစ်သည့် ၂၀၁၈ ခုနှစ်က ထွက်ရှိခဲ့သည့် Bumblebee ရုပ်ရှင်သည် ၁၉၈၀ ပြည့်နှစ်ကို အခြေတည်ရိုက်ကူးခဲ့ပြီးနောက် Rise of the Beasts ရုပ်ရှင်ကို ၁၉၉၄ ခုနှစ်ကာလက ဘရွတ်ကလင်း၊ နယူးယောက်မြို့များ၌ အခြေတည်ရိုက်ကူးသွားမည်ဖြစ်ပြီး ၂၀၂၂ ခုနှစ်ဇွန်လတွင် ထွက်ရှိမည်ဖြစ်သည်။

Most Read

Most Recent