နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ကို လျှို့ဝှက်အက်ဥပဒေဖြင့် တရားစွဲဆိုထားသည့် အမှုတွဲအား နေပြည်တော်တွင်စစ်ဆေးရန်ကိစ္စ ပြည်ထောင်စုတရားလွှတ်တော်ချုပ်၌ ကြားနားမှုပြုလုပ်

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ကို လျှို့ဝှက်အက်ဥပဒေဖြင့် တရားစွဲဆိုထားသည့် အမှုတွဲအား နေပြည်တော်တွင်စစ်ဆေးရန်ကိစ္စ ပြည်ထောင်စုတရားလွှတ်တော်ချုပ်၌ ကြားနားမှုပြုလုပ်
Published 23 June 2021

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ် အောင်ဆန်းစုကြည်ကို ရန်ကုန် အရှေ့ပိုင်း ခရိုင်တရားရုံးတွင် မြန်မာနိုင်ငံလျှို့ဝှက်အက် ဥပဒေ ပုဒ်မ ၃(၁)(ဂ)/၉ ဖြင့် တရားစွဲဆိုထားသည့် အမှုတွဲအား နေပြည်တော်တွင် စစ်ဆးမည့်ကိစ္စနှင့်ပတ်သက်၍ ပြည်ထောင်စု တရားလွှတ်တော်ချုပ်တွင် ဇွန် ၂၃ ရက် နံနက်ပိုင်းက ကြားနာမှုပြုလုပ်ခဲ့ကြောင်း အမှုလိုက်ပါဆောင်ရွက်ပေးနေသည့် တရားလွှတ်တော်ရှေ့နေ ဦးကြည်ဝင်းက ပြောကြားသည်။

“ ကြားနာပြီးသွားပြီ။ အမိန့်ကတော့ ဘယ်ချဦးမလဲ။ နောက်စီရင်ချက်ရေးပြီးမှ ချမှာပေါ့။ ချက်ချင်းမချဘူးလေ။ ထုံးစံကတော့ တစ်လခွဲ၊ တစ်လ၊ နှစ်လ အဲဒီလောက် ကြာမှပဲ ချတယ်။ ဒါပေမဲ့ ဒီလိုအမှုတော့ ဘယ်လိုချမလဲတော့ မသိဘူး။ အရင် အမှုတွေတော့ နှစ်ဖက်ကြားနာပြီးမှ အနည်းဆုံးကတော့ တစ်လပဲ” ဟု တရားလွှတ်တော်ရှေ့နေ ဦးကြည်ဝင်းက ပြောကြားသည်။

ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏ အမှုခေါ်စာရင်း ဖော်ပြချက်အရ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ အမှုတွဲတွင် NLD အစိုးရလက်ထက် စီးပွားရေးအကြံပေးအဖြစ် ဆောင်ရွက်ခဲ့သူ သြစတြေးလျနိုင်ငံသား ရှောင်တာနယ်၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး တာဝန်ထမ်းဆောင်ခဲ့သည့် ဦးကျော်ဝင်း၊ ဦးစိုးဝင်း၊ ယင်းဝန်ကြီးဌာန၏ ဒုတိယဝန်ကြီး ဦးဆက်အောင်တို့ ပါဝင်သည်။

တရားလွှတ်တော်ရှေ့နေ ဦးကြည်ဝင်းက “ အစိုးရရှေ့နေက လျှောက်ထားသူပေါ့၊ လျှောက်ထားခံရသူကတော့ ရှောင်တာနယ်ရဲ့ ရှေ့နေလည်း လာပါတယ်။ နောက် ဦးကျော်ဝင်းရှေ့နေလည်း လာတယ်။ မလာတာက ဦးစိုးဝင်းနဲ့ ဦးဆက်အောင်က သူတို့လည်း အချုပ်ဆိုတော့ မလာဘူးပေါ့၊ ရှေ့နေလည်း မလာဘူး။ ဒါပေမဲ့့ ကြားနာလိုက်တယ်။ သမ္မာန်စာတွေ အတည်ဖြစ်တယ်လို့ ပြောတာပဲ။ ကိုယ်ကတော့ အတည်မဖြစ်ဘူးထင်လို့ ပြောတော့ အတည်ဖြစ်တယ်တဲ့။ ထုတ်ပြတယ်” ဟု ပြောကြားသည်။

ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏ ကနဦးအမှုခေါ်စာရင်းတွင် ယင်းအမှုများ၏ တရားလိုသည် နိုင်ငံတော်ဟု ဖော်ပြထားပြီး တရားလိုရှေ့နေမှာ ပြည်ထောင်စုရှေ့နေချုပ်ရုံးဖြစ်ကာ လျှောက်ထားခံရသူ (စွပ်စွဲခံရသူ) များ၏ ရှေ့နေစာရင်းတွင် ၎င်းတို့ကိုယ်တိုင်ဟု ဖော်ပြထားကြောင်း သိရသည်။

“ အမိန့်ထုတ်လိုက်လို့ရှိရင် ရုံးက နှစ်ရုံး ရှိတယ်မလား။ ရန်ကုန်ရုံးရှိတယ်။ နေပြည်တော်ရှိတယ်။ ဘယ်ရုံးကျမလဲ၊ သင့်တော်တဲ့ ရုံးပေါ့။ သူက လုပ်ပိုင်ခွင့်ရှိတာကို။ တရား လွှတ်တော်ချုပ်က လုပ်ပိုင်ခွင့်ရှိတော့” ဟု တရားလွှတ်တော်ရှေ့နေ ဦးကြည်ဝင်းက ပြောကြားသည်။

နေပြည်တော် ဇမ္ဗူသီရိမြို့နယ် နေပြည်တော်ကောင်စီဝန်းအတွင်းရှိ သီးသန့်တရားရုံးတွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၂၅၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅(ခ)တို့နှင့် တရားစွဲဆိုခြင်း ခံထားရသော သမ္မတ ဦးဝင်းမြင့်နှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၂၅ ဖြင့် နှစ်မှု၊ ပို့ကုန်သွင်းကုန် ဥပဒေပုဒ်မ(၈)၊ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၇၊ ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၅၀၅(ခ)တို့နှင့် တရားစွဲဆိုခြင်း ခံထားရသော နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ရာဇသတ် ကြီးဥပဒေပုဒ်မ ၅၀၅(ခ) ဖြင့် တရားစွဲဆိုခြင်း ခံထားရသော နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်တို့ကို အပတ်စဉ် တနင်္လာနေ့နှင့် အင်္ဂါနေ့များတွင် ရုံးထုတ်စစ်ဆေးလျက်ရှိသည်။

Most Read

Most Recent