ထိန်းသိမ်းခံထားရသည့် မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်အမှုတွင် တရားလိုပြ သက်သေများကို ဆက်လက်စစ်ဆေးရန် ဇွန်၂၅ ရက်သို့ ပြန်လည်ချိန်းဆို

ထိန်းသိမ်းခံထားရသည့် မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်အမှုတွင် တရားလိုပြ သက်သေများကို ဆက်လက်စစ်ဆေးရန် ဇွန်၂၅ ရက်သို့ ပြန်လည်ချိန်းဆို
Published 22 June 2021

ထိန်းသိမ်းခံထားရသည့် မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်အမှုတွင် တရားလိုပြသက်သေများကို ဆက်လက် စစ်ဆေးရန် ဇွန်၂၅ ရက်သို့ ပြန်လည်ချိန်းဆိုခဲ့ကြောင်း သတင်းရရှိသည်။

အောင်မြေသာစံမြို့နယ် တရားရုံးတွင် စွဲဆိုထားသည့် ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်၏ အမှုအတွက် တရားလိုအား စစ်ဆေးခြင်းကို ဇွန် ၈ ရက်တွင် စတင်ဆောင်ရွက်ခဲ့ပြီး တရားလိုပြသက်သေများကို စစ်ဆေးသည့် အဆင့်သို့ရောက်ရှိနေပြီ ဖြစ်သည်။

ဇွန် ၂၁ ရက် ရုံးချိန်တွင် တရားလိုပြသက်သေကို စစ်ဆေးခဲ့ပြီး ဇွန်၂၅ ရက်သို့ ပြန်လည်ချိန်းဆိုလိုက်ခြင်း ဖြစ်ကြောင်း ယင်းအမှုများကို လိုက်ပါဆောင်ရွက်ပေးနေသည့် ရှေ့နေတစ်ဦးက ပြောကြားသည်။

“ ဝန်ကြီးချုပ်အမှုက တစ်ပတ်ကို ရုံးချိန်း နှစ်ရက်ရှိတယ်။ တရားလိုစစ်ပြီးလို့ တရားလို သက်သေတွေစစ်တဲ့ အဆင့်ရောက်နေပြီ။ လာမယ့် ၂၅ ရက်မှာလည်း တရားလိုပြ သက်သေစစ်ဖို့ ချိန်းဆိုထားပါတယ်” ဟု မန္တလေးတိုင်းအစိုးရအဖွဲ့ဝင်များအား တရားစွဲဆိုထားသည့် အမှုများကို လိုက်ပါဆောင်ရွက်ပေးနေသည့် ရှေ့နေတစ်ဦးက ပြောကြားသည်။

တရားလိုဘက်စစ်ဆေးမှုများကို ဇွန်လအကုန်တွင် အပြီးစစ်ဆေးသွားမည်ဟုလည်း ၎င်းက ဆက်လက်ပြောကြားသည်။

ထိန်းသိမ်းခံထားရသည့် မန္တလေးဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်၊ မြို့တော်ဝန် ဒေါက်တာရဲလွင်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဒေါက်တာစိုးသန်း၊ လျှပ်စစ်၊ စွမ်းအင်နှင့် ဆောက်လုပ်ရေးဝန်ကြီး ဦးဇာနည်အောင်၊ မန္တလေးတိုင်း NLD အတွင်းရေးမှူး ဦးတင်ကိုကိုတို့၏ အချုပ်လွတ် အမှုရင်ဆိုင်ခွင့် အာမခံလျှောက်ထားခဲ့ခြင်းကို မြို့နယ်တရားရုံးများက ပယ်ချခဲ့သဖြင့် ခရိုင်တရားရုံးသို့ ဆက်လက်လျှောက်ထားခဲ့သည်။

သို့သော် ထိန်းသိမ်းခံထားရသည့် မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်၏ အာမခံလျှောက်ထားမှုကို မေ ၃၁ ရက်တွင်  မန္တလေးခရိုင်တရားရုံးက ပယ်ချခဲ့သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့က ‌ကြေညာချက် ငါးစောင် ထုတ်ပြန်ခဲ့ရာ အဆိုပါကြေညာချက်များသည်  လက်ရှိအစိုးရကိုဖြစ်စေ၊ နိုင်ငံတော် ငြိမ်ဝပ်ပိပြားရေးကိုဖြစ်စေ ထိခိုက်မှုဖြစ်အောင် တစ်ဦးတစ်ယောက်က ကျူးလွန်ချင်လာအောင်၊ အများပြည်သူကိုလည်းကောင်း၊ အများပြည်သူ၏ သီးခြား၊ ကြောက်ခြင်း၊ ထိတ်လန့်ခြင်း တစ်ခုခုဖြစ်စေရန် အကြံရှိကြောင်း သို့မဟုတ်  ထိုသို့ဖြစ်စေနိုင်သည့် အကြောင်းရှိခြင်းကြောင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးက တရားလိုပြုလုပ်၍ တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။

ထို့သို့ NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့မှ ကြေညာချက်များထုတ်ပြန်မှုသည် နိုင်ငံတော်ငြိမ်ဝပ်ပိပြားရေးကို ထိခိုက်သည်ဟုဆိုကာ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ကို နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ ၅၀၅(ခ)၊ သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေများ ပုဒ်မ ၂၅၊ မြို့တော်ဝန် ဒေါက်တာရဲလွင်ကို ပုဒ်မ ၅၀၅ (ခ) တို့ဖြင့် အောင်မြေသာစံမြို့နယ် တရားရုံးတွင်လည်း‌ကောင်း၊ လျှပ်စစ်၊ စွမ်းအင်နှင့် ဆောက်လုပ်ရေးဝန်ကြီး ဦးဇာနည်အောင်နှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဒေါက်တာစိုးသန်းအား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၂၅/ ၃၀၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးမျိုးသစ်နှင့် မန္တလေး မြို့တော်စည်ပင်သာယာရေးကော်မတီဝင် ဦးကျော်ဇေယျတို့ကိုလည်း ပုဒ်မ ၅၀၅ (ခ) ဖြင့် ချမ်းအေးသာစံမြို့နယ်တရားရုံးတို့တွင် အသီးသီးတရားစွဲဆိုထားသည်။

၎င်းတို့ကို စွဲဆိုထားသည့်အမှုများနှင့်ပတ်သက်၍ အိုးဘိုအကျဉ်းထောင်အတွင်းရှိ အထူးတရားရုံးများ၌ စစ်ဆေးနေခြင်း ဖြစ်သည်။