မိမိတင်ရှိထားသည့် နိုင်ငံတကာဂိုးအများဆုံးစံချိန်အား စီရော်နယ်လ်ဒိုကျော်ဖြတ်မည့်အချိန်ကို စောင့်မျှော်နေကြောင်း အီရန်ဂန္ထဝင်တိုက်စစ်မှူး အလီဒါယီ ပြောကြား

မိမိတင်ရှိထားသည့် နိုင်ငံတကာဂိုးအများဆုံးစံချိန်အား စီရော်နယ်လ်ဒိုကျော်ဖြတ်မည့်အချိန်ကို စောင့်မျှော်နေကြောင်း အီရန်ဂန္ထဝင်တိုက်စစ်မှူး အလီဒါယီ ပြောကြား
Photo: AFP
Photo: AFP
Published 20 June 2021

 

အီရန်ဂန္ထဝင်တိုက်စစ်မှူး အလီဒါယီက မိမိတင်ရှိထားသည့် နိုင်ငံတကာဂိုးအများဆုံး ကစားသမား စံချိန်အား စီရော်နယ်လ်ဒိုကျော်ဖြတ်မည့်အချိန်ကို စောင့်မျှော်နေကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။

အသက် ၅၂ နှစ်ရှိပြီဖြစ်သည့် အလီဒါယီသည် ၁၉၉၃ မှ ၂၀၀၆ ခုနှစ်အတွင်း အီရန်လက်ရွေးစင်အသင်းအတွက် ၁၄၉ ပွဲကစား ၁၀၉ ဂိုးသွင်းယူပေးခဲ့ပြီး နိုင်ငံတကာသွင်း ဂိုးအများဆုံး ကစားသမားအဖြစ် စံချိန်တင်ထားသူဖြစ်သည်။

အလီဒါယီသည် တစ်ပွဲတည်း အများဆုံးအဖြစ် ၁၉၉၆ ခုနှစ် ဇွန်လအတွင်း သီရိလင်္ကာအသင်းနှင့်ကစားသည့် အာရှဖလားခြေစစ်ပွဲတွင် ငါးဂိုးသွင်း ယူခဲ့ပြီး ၁၉၉၆ ခုနှစ် ဇွန်တွင် နီပေါ အသင်းနှင့် အာရှဖလားခြေစစ်ပွဲ၊ ၁၉၉၆ ခုနှစ် ဒီဇင်ဘာတွင် တောင် ကိုရီးယားအသင်းနှင့် အာရှဖလား ပြိုင်ပွဲ၊ ၂၀၀၀ ပြည့်နှစ် နိုဝင်ဘာတွင် ဂူအမ်အသင်းနှင့် ကမ္ဘာ့ဖလားခြေ စစ်ပွဲ၊ ၂၀၀၄ ခုနှစ် နိုဝင်ဘာတွင် လာအိုအသင်းနှင့် ကမ္ဘာ့ဖလားခြေစစ်ပွဲများတွင်လည်း လေးဂိုးစီသွင်း ယူနိုင်ခဲ့သည်။ ၎င်းအနေဖြင့် နိုင်ငံတကာဂိုးအများဆုံး ကစားသမားစံချိန်ကို ၁၅ နှစ်ကြာထိန်းသိမ်းလာသော်လည်း လက်ရှိအချိန်တွင် ပေါ်တူဂီအသင်းခေါင်းဆောင် စီရော်နယ်လ်ဒိုက ကျော်ဖြတ်ရန် အလားအလာရှိနေပြီဖြစ်သည်။

"စံချိန်မှတ်တမ်းတွေဆိုတာ ချိုးဖျက်ခံရမှာပါ။ ရော်နယ်လ်ဒိုက အဲဒီလိုချိုးဖျက်နိုင်တဲ့ အရည်အသွေး တကယ်ရှိတဲ့သူပါ။ ကျွန်တော့်အနေနဲ့ သူ့အပေါ် လေးစားမှုအများကြီး ရှိပါတယ်။ သူက အရမ်းတော်တဲ့ ကစားသမားတစ်ယောက်ပါ။ သူ့ရဲ့ ချီးမွမ်းခန်းတွေကို သီချင်းသီဆိုပြီး ဂုဏ်ပြုဖို့ မလိုလောက်အောင်ကို တော်တဲ့သူပါ" ဟု အလီဒါယီက ပြောကြားခဲ့ဖူးသည်။

အသက် ၃၆ နှစ်ရှိပြီဖြစ်သည့် ပေါ်တူဂီအသင်းခေါင်းဆောင် စီရော်နယ်လ်ဒိုသည် ဇွန် ၁၅ ရက်က ဟန်ဂေရီအသင်းနှင့်ကစားသည့် ယူရိုပြိုင်ပွဲ အုပ်စုအဖွင့်ပွဲတွင် နှစ်ဂိုး၊ ဇွန် ၁၉ ရက်က ဂျာမနီအသင်းနှင့် ကစားသည့် အုပ်စုဒုတိယပွဲတွင် တစ်ဂိုးသွင်းယူခဲ့ပြီးနောက် နိုင်ငံတကာသွင်းဂိုးစုစုပေါင်း ၁၀၇ ဂိုးရှိလာပြီး အလီဒါယီ၏စံချိန်ကိုလိုက်မီ ရန် နှစ်ဂိုးသာ လိုအပ်တော့သည်။ စီရော်နယ်လ်ဒိုသည် ပေါ်တူဂီလက် ရွေးစင်ကစားသမားဘဝ ၁၈ နှစ် အတွင်း ခြေစမ်းပွဲအပါအဝင် ပြိုင်ပွဲစုံ ပွဲစုစုပေါင်း ၁၇၆ ပွဲကစားပြီးနောက် ၁၀၇ ဂိုး သွင်းယူထားခြင်းဖြစ်သည်။ 

စီရော်နယ်လ်ဒိုသည် ယင်းဂိုးများအနက် ယူရိုပြိုင်ပွဲများတွင် ၁၂ ဂိုး (၂၀၀၄ နှစ်ဂိုး၊ ၂၀၀၈ တစ်ဂိုး၊ ၂၀၁၂ သုံးဂိုး၊ ၂၀၁၆ သုံးဂိုး၊ ၂၀၂၀ သုံးဂိုး) နှင့် ကမ္ဘာ့ဖလားပြိုင်ပွဲများတွင် ခုနစ် ဂိုး (၂၀၀၆ တစ်ဂိုး၊ ၂၀၁၀ တစ်ဂိုး၊ ၂၀၁၄ တစ်ဂိုး၊ ၂၀၁၈ လေးဂိုး) သွင်း ယူထားပြီး ယူရိုပြိုင်ပွဲသမိုင်းတွင် ဂိုးအများဆုံးအဖြစ် စံချိန်တင်ထားသည်။ ၎င်းသည် တစ်ပွဲတည်း ဂိုးအများဆုံးအဖြစ် ၂၀၁၆ အောက်တိုဘာတွင် အန်ဒိုရာအသင်းနှင့် ကမ္ဘာ့ဖလားခြေစစ်ပွဲ၊ ၂၀၁၉ စက်တင်ဘာတွင် လစ်သူယေးနီးယား အသင်းနှင့် ယူရိုခြေစစ်ပွဲ၌ လေးဂိုးစီ သွင်းယူခဲ့ဖူးသည်။

အလီဒါယီနှင့် စီရော်နယ်လ်ဒို ပြီးလျှင် နိုင်ငံတကာဂိုးအများဆုံး ကစားသမားအဖြစ် မလေးရှားတိုက်စစ်မှူးဟောင်း ဒါဟာရီက ၈၉ ဂိုး (၁၄၂ ပွဲ)၊ ဟန်ဂရီတိုက်စစ်မှူးဟောင်း ပွတ်ရှ်ကပ်စ်က ၈၄ ဂိုး (၈၅ ပွဲ)၊ ဇမ်ဘီယာတိုက်စစ်မှူးဟောင်း ချီတာလူးက ၇၉ ဂိုး (၁၁၁ ပွဲ) ဖြင့် အစဉ်လိုက် ရပ်တည်လျက်ရှိသည်။

Most Read

Most Recent