လှိုင်သာယာမြို့နယ် ၁၉ ရပ်ကွက် အုပ်ချုပ်ရေးအဖွဲ့မှ ရာအိမ်မှူးတစ်ဦးအား သေနတ်ဖြင့် ပစ်ခတ်မှု ဇွန် ၁၈ ရက် နံနက်ပိုင်းက ဖြစ်ပွားခဲ့ကြောင်း အဆိုပါမြို့နယ်နေသူများထံမှ သိရသည်။
ထို့ကြောင့် လှိုင်သာယာမြို့နယ်အတွင်း ယခုဖြစ်စဉ်အပါအဝင် တစ်ပတ်အတွင်း ရပ်/ကျေး အုပ်ချုပ်ရေးအဖွဲ့ဝင်များအား သေနတ်ဖြင့် ပစ်ခတ်မှု နှစ်ကြိမ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။
လှိုင်သာယာမြို့နယ်တွင် နေထိုင်သူတစ်ဦးက “ဟုတ်ပါတယ်။ ရာအိမ်မှူးတစ်ဦး အပစ်ခံရတယ်လို့သိရတယ်။ ဒါပေမဲ့ မထိဘူးလို့ ကြားတယ်” ဟု ပြောကြားသည်။
အဆိုပါ ၁၉ ရပ်ကွက် ရာအိမ်မှူးအား ပစ်ခတ်ခဲ့သည်ဟု ဆိုသော်လည်း ၎င်းရာအိမ်မှူးကို ထိမှန်ခြင်းမရှိဟု စုံစမ်းသိရှိရသည်။
လှိုင်သာယာမြို့နယ်သည် စစ်အုပ်ချုပ်ရေးကြေညာထားသည့် မြို့နယ်များ၌ ပါဝင်သည့် မြို့နယ်တစ်ခုဖြစ်ပြီး လူနေထူထပ်သည့် မြို့နယ်တစ်ခုလည်း ဖြစ်သည်။
ပြီးခဲ့သည့် ဇွန် ၁၇ ရက် နံနက်ပိုင်းကလည်း စမ်းချောင်းမြို့နယ် သံတံတားရပ်ကွက် အုပ်ချုပ်ရေးမှူး သေနတ်ဖြင့်အပစ်ခံရ၍ ဦးခေါင်းတွင် ဒဏ်ရာရရှိခဲ့ပြီး အခင်းဖြစ်ပွားရာ အနီးဝန်းကျင်တွင် လုံခြုံရေးတင်းကျပ်ကာ စစ်ဆေးမှုများ ဆောင်ရွက်နေကြောင်း သိရသည်။
အဆိုပါ သံတံတားရပ်ကွက် အုပ်ချုပ်ရေးမှူးသည် သံတံတားလမ်းအတွင်း ပစ်ခတ်ခံရခြင်းဖြစ်ပြီး ဦးခေါင်းတွင် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
သေနတ်ဖြင့် အပစ်ခံရသည့် အဆိုပါအုပ်ချုပ်ရေးမှူးကိုကုသရန် လူနာတင်ကားဖြင့် ခေါ်ဆောင်သွားကြောင်းသိရပြီး သေဆုံးခြင်းရှိမရှိကိုမူ စုံစမ်းနေဆဲဖြစ်ပြီး အတည်မပြုနိုင်သေးကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီးရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပစ်သတ်ခံရမှုများ မကြာခဏဖြစ်ပွားလျက်ရှိပြီး လှိုင်သာယာမြို့နယ် ၁၃ ရပ်ကွက်အုပ်ချုပ်ရေးမှူးဖြစ်သူသည် ဇွန် ၁၆ ရက်နံနက်ပိုင်းက ၁၃ ရပ်ကွက်ရှိ ပင်လုံစျေးအနီးတွင် သေနတ်ဖြင့် ဦးခေါင်းကို အပစ်ခံရပြီး အခင်းဖြစ်နေရာ၌ပင် သေဆုံးခဲ့ကြောင်း သိရသည်။
စမ်းချောင်းမြို့နယ်၌ မကြာခဏပေါက်ကွဲမှုများ၊ပစ်ခတ်မှုများ ဖြစ်ပွားနေခြင်းဖြစ်ပြီး ဇွန် ၉ ရက်က ဗဟိုလမ်းနှင့် သံတံတားလမ်းထိပ် လက်ဖက်ရည်ဆိုင်အနီး၌လည်းကောင်း၊ ဇွန် ၁၂ ရက်တွင် ဗဟိုလမ်းပေါ်ရှိ ဇေယျာသီရိ ဘုန်းကြီးကျောင်းရှေ့ ပတ်ဝန်းကျင်တွင်လည်းကောင်း ပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ထို့ပြင် ဇွန် ၁၃ ရက်က စမ်းချောင်းမြို့နယ် ကျွန်းတောလမ်းရှိ မုန့်လက်ဆောင်းကုန်း (မြောက်) ရပ်ကွက်အုပ်ချုပ်ရေးမှူး၏ မော်တော်ယာဉ် (အငှားယာဉ်) တွင်လည်း လက်လုပ်ဗုံး ပေါက်ကွဲခဲ့ကြောင်း သိရသည်။
အလားတူ ဇွန် ၁၆ ရက် နံနက် ၈ နာရီကျော်က ကျောက်တန်းမြို့နယ် မင်္ဂလွန်းကျေးရွာမှ လက်ထောက်ပညာရေးမှူး ဦးအေးထွန်းမှာ ၎င်းနေထိုင်သည့်ရွာမှ ပညာရေးမှူးရုံးသို့သွားစဉ် သေနတ်ဖြင့် အပစ်ခံခဲ့ရကြောင်း ပတ်ဝန်းကျင်နေသူများထံမှ သိရသည်။
ဖေဖော်ဝါရီ ၁ ရက် နောက်ပိုင်းမှစပြီး ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ရပ်/ကျေးအုပ်ချုပ်ရေးမှူးအချို့ သေနတ်ဖြင့်အပစ်ခံရခြင်း၊ ဓားဖြင့်အထိုးခံရခြင်းများ ဆက်တိုက်ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။
မေလဆန်းပိုင်းကလည်း ဧည့်စာရင်းတိုင်မည်ဟုဆိုကာ ရပ်ကွက်ရုံးအတွင်း ဝင်ရောက်ကာ သာကေတမြို့နယ် ၇ အနောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးတစ်ဦး ဓားဖြင့်အထိုးခံရပြီး သေဆုံးသွားခဲ့သည်။
ထို့ပြင် လမ်းမတော်မြို့နယ်ရှိ အုပ်ချုပ်ရေးမှူးတစ်ဦးမှာလည်း သေနတ်ဖြင့်အပစ်ခံရပြီး သေဆုံးခဲ့သည်။
ထို့အတူ တာမွေမြို့နယ် ကျားကွက်သစ်ရပ်ကွက် အုပ်ချုပ်ရေးမှူး အမျိုးသမီးတစ်ဦးမှာ ၎င်း၏မော်တော်ယာဉ်အတွင်း သေနတ်ဖြင့် အပစ်ခံရပြီး သေဆုံးခဲ့သည်။















