ပြည်ပသို့ နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းများမှတစ်ဆင့် လေးလအတွင်း ဆန်၊ ဆန်ကွဲနှင့်ပြောင်းတင်ပို့မှုမှ ဒေါ်လာသန်း ၂၅၀ ကျော်ရရှိမှုတွင် ပြောင်းတင်ပို့မှုမှ ဒေါ်လာ ၁၀၇ သန်းကျော် ပါဝင်ကြောင်း စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနမှသိရသည်။
၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် အောက်တိုဘာမှဇန်နဝါရီလအထိ လေးလအတွင်း နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းများမှတစ်ဆင့် ပြည်ပသို့ ဆန်၊ဆန်ကွဲနှင့်ပြောင်းတင်ပို့မှုတွင် ဆန်တင်ပို့မှုမှ ဒေါ်လာ၈၈ ဒသမ ၁၃ သန်း၊ဆန်ကွဲတင်ပို့မှုမှ ဒေါ်လာ ၅၆ ဒသမ ၆၀ သန်း၊ပြောင်းတင်ပို့မှုမှဒေါ်လာ ၁၀၇ ဒသမ ၇၃ သန်းဖြင့် စုစုပေါင်း ၁၃၆၈ ဒသမ ၁၄ သန်းရရှိခဲ့သည်။
မြန်မာနိုင်ငံအနေဖြင့် ပြည်ပသို့ဆန်နှင့် ဆန်ကွဲတင်ပို့ရာ တရုတ်နိုင်ငံသို့ အများဆုံးတင်ပို့နေခြင်းဖြစ်သည်။ ဥရောပနိုင်ငံများနှင့် အာဖရိကနိုင်ငံများသို့လည်း တင်ပို့နေခြင်းဖြစ်သည်။
ယင်းကဲ့သို့ တင်ပို့ရာတွင် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း၊ ပင်လယ်ရေကြောင်း နှစ်ခုလုံးမှ တင်ပို့နေခြင်းဖြစ်သည်။
တရုတ်နိုင်ငံသို့နယ်စပ်မှ အဓိကတင်ပို့နေခြင်းဖြစ်ပြီး ပင်လယ်ရေကြောင်းမှ တင်ပို့နေခြင်းဖြစ်သည်။ ဥရောပနိုင်ငံများနှင့် အာဖရိနိုင်ငံများသို့ ပင်လယ်ရေကြောင်းမှ တင်ပို့နေခြင်းဖြစ်သည်။
ပြီးခဲ့သည့်၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ပြည်ပသို့ ဆန်တင်ပို့မှုလျော့ကျခဲ့သော်လည်း ဆန်ကွဲတင်ပို့မှုမြင်တက်ခဲ့သဖြင့် ယခင်နှစ်ကာလတူထက် ဝင်ငွေဒေါ်လာ ၈၄ သန်းကျော် ပိုမိုရရှိခဲ့ခြင်းဖြစ်သည်။
မြန်မာနိုင်ငံအနေဖြင့် ပြည်ပသို့ ဆန်နှင့်ဆန်ကွဲတင်ပို့မှုကို ပျှမ်းမျှအားဖြင့် နှစ်စဉ် ၁၀ ရာခိုင်နှုန်းခန့် တိုးတက်လာအောင် ဆောင်ရွက်လျှက်ရှိကြောင်း၊ ထို့အပြင် တန်ချိန်မြင့်တက်မှုအပြင် ဝင်ငွေပိုမိုမြင့်တက်လာစေရန် အရည်အသွေးကောင်းမွန်သည့် တန်းမြင့်ဆန်များအမျိုးအစားများ ပိုမိုတင်ပို့နိုင်အောင် ဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ သိရသည်။
ကမ္ဘာ့ဆန်စျေးနှုန်းမှာ ပြီးခဲ့သည့်မေလစတုတ္ထအပတ်အတွင်း သုည ဒသမ ၁၉ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း၊ မေလတတိယအပတ်တွင် နိုင်ငံတကာဆန်စျေးနှုန်းများတွင် အတက်/အကျ ပြောင်းလဲမှုများရှိသကဲ့သို့ မြန်မာနိုင်ငံတွင်လည်း ဆန်စျေးနှုန်းများ အတက်/အကျ ပြောင်းလဲမှုများ ဖြစ်ပေါ်ခဲ့ကြောင်း Trading Economics Website တွင် ဖော်ပြချက်အရ သိရသည်။
အာရှနိုင်ငံများ၏ FOB ဆန်စျေးနှုန်းများမှာ ဇွန် ၄ ရက်တွင် ထိုင်းနိုင်ငံ၏ ဆန်ဖြူ ၁၀၀% တစ်တန်လျှင် ဒေါ်လာ ၄၉၃၊ ဆန်ဖြူ ၅% တစ်တန်လျှင် ဒေါ်လာ ၄၉၀၊ ဆန်ဖြူ ၂၅% တစ်တန်လျှင် ဒေါ်လာ ၄၇၇၊ ပေါင်း ဆန်တစ်တန်လျှင် ဒေါ်လာ ၄၉၃ ရှိသည်။
ဗီယက်နမ်နိုင်ငံ၏ ဆန်ဖြူ ၅% တစ်တန်လျှင် ဒေါ်လာ ၄၈၈၊ ဆန်ဖြူ ၂၅% တစ်တန်လျှင် ဒေါ်လာ ၄၆၃ ရှိသည်။
အိန္ဒိယနိုင်ငံ၏ ဆန်ဖြူ ၅% တစ်တန်လျှင် ဒေါ်လာ ၃၈၈၊ ဆန်ဖြူ ၂၅% တစ်တန်လျှင် ဒေါ်လာ ၃၅၈ ရှိသည်။
ပါကစ္စတန်နိုင်ငံ၏ ဆန်ဖြူ ၅% တစ်တန်လျှင် ဒေါ်လာ ၄၃၈၊ ဆန်ဖြူ ၂၅% တစ်တန်လျှင် ဒေါ်လာ ၃၇၈ ရှိသည်။
လက်ရှိဘဏ္ဍာနှစ် ရှစ်လခန့်တွင် ဆန်နှင့်ဆန်ကွဲတန်ချိန် ၁ ဒသမ ၄ သန်းကျော်သာတင်ပို့နိုင်ခဲ့သဖြင့် ယခင်နှစ်ကာလတူထက် တင်ပို့မှုတန်ချိန် ငါးသိန်းကျော်လျော့ကျခဲ့သဖြင့် ဝင်ငွေဒေါ်လာသန်း ၃၀ နီးပါး လျော့ကျခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။
၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် အောက်တိုဘာ ၁ ရက်မှ မေ ၂၈ ရက်အထိ ရှစ်လခန့်တွင် ပြည်ပသို့ ဆန်နှင့်ဆန်ကွဲတင်ပို့မှုတန်ချိန် ၁ ဒသမ ၄၃၈ သန်းတင်ပို့မှုမှ ဝင်ငွေဒေါ်လာ ၅၄၆ ဒသမ ၆၂၁ သန်းရရှိထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။















