ဆည်ရေသောက်ဧရိယာမရှိသည့် မြိတ်ခရိုင်အတွင်း မိုးစပါးတစ်ခုတည်းကိုသာ အားထားစိုက်ပျိုးနေရပြီး အထွက်နှုန်းတိုးစေရန်ဆောင်ရွက်

ဆည်ရေသောက်ဧရိယာမရှိသည့် မြိတ်ခရိုင်အတွင်း မိုးစပါးတစ်ခုတည်းကိုသာ အားထားစိုက်ပျိုးနေရပြီး အထွက်နှုန်းတိုးစေရန်ဆောင်ရွက်
Published 14 June 2021
ဇော်မိုးဦး (မြိတ်)

ဆည်ရေသောက်ဧရိယာ မရှိသည့် မြိတ်ခရိုင်အတွင်း မိုးစပါးတစ်ခုတည်းကိုသာ အားထားစိုက်ပျိုးနေရပြီး အထွက်နှုန်းတိုးစေရန် ဆောင်ရွက်လျက်ရှိကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ သိရှိရသည်။

ကမ်းရိုးတန်းဒေသဖြစ်ပြီး ပင်လယ်ရေငန် ပေါများသည့်မြစ်ချောင်းများကြောင့် ဆည်ရေသောက် ဧရိယာလုပ်ဆောင်ရန် ခက်ခဲသည့်အတွက် မြိတ်ခရိုင်တွင် သဘာဝအလျောက် ရရှိသည့်မိုးရေကိုသာ အားထားပြီး စပါးစိုက်ပျိုးရခြင်း ဖြစ်ကြောင်း သိရသည်။

တနင်္သာရီတိုင်းဒေသကြီးအတွင်း လူဦးရေ အများဆုံးဖြစ်သည့် မြိတ်ခရိုင်တွင် ဒေသ ဝမ်းစာဖူလုံမှုအနေဖြင့် ၇၉ ရာခိုင်နှုန်းသာ ရှိသည့်အတွက် မျိုးကောင်းမျိုးသန့်များ စိုက်ပျိုးထုတ်လုပ်ရေးကို ဦးစားပေး လုပ်ဆောင်နေရကြောင်း သိရသည်။

“ ကျွန်တော်တို့ မြိတ်ဒေသက စီးပွားရေး ဖွံ့ဖြိုးတိုးတက်တဲ့ တခြားဒေသက လူတွေ လာရောက် အခြေချ နေထိုင်ကြတာများပါတယ်။ လူဦးရေအားဖြင့် ၂၀၁၉-၂၀၂၀ ကိန်းဂဏန်းအရ သုံးသိန်းခန့် နေထိုင်ကြပါတယ်။ ကျွန်တော်တို့ဆီမှာ မိုးစပါးစိုက်ဧကအနေဖြင့် ၄၂၄၉၃ ဧက စိုက်ပျိုးပါတယ်၊ ဒေသဝမ်းစာ ဖူလုံရေးအနေနှင့်ကတော့ ၇၆ ရာခိုင်နှုန်း ရှိပါတယ်။ ဒေသဝမ်းစာ ဖူလုံရေးအတွက် မြိတ်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် အထွက်နှုန်း တိုးတက်စေဖို့ မျိုးကောင်းမျိုးသန့် ထုတ်လုပ်ရေးလုပ်ငန်း၊ ထွက်ရှိလာတဲ့ မျိုးကောင်းမျိုးသန့်တွေကို တောင်သူတွေ လက်ဝယ်အရောက်ပေးပို့ဖို့ စိုက်ပျိုးဖို့၊ နောက်တစ်ခုက မျိုးသန့်စံပြကျေးရွာတွေ ထူထောင်ရေးလုပ်ငန်းတွေကို လုပ်ဆောင်ပေးလျက် ရှိပါတယ်။ တနင်္သာရီတိုင်းဒေသကြီးရဲ့ အားနည်ချက်ကတော့ ကျွန်တော်တို့ဆီမှာ ဆည်ရေသောက် စိုက်ပျိုးလယ်ယာတွေ မရှိပါဘူး၊ မြိတ်မြို့မှာလည်း ဆည်ရေသောက် လယ်ယာတွေ မရှိတဲ့အတွက် သဘာဝမိုးရေကိုသာ အားထားစိုက်ပျိုးနေရတယ်၊ ဒါကြောင့် မိုးစပါးတစ်ခုတည်းသာ ထွက်ရှိတာပါ။ တစ်ကယ်လို့ ဆည်ရေသောက်ဧရိယာတွေရှိခဲ့ရင် ဒေသဝမ်းစာဖူလုံရေးကို ကာမိစေမှာပါ” ဟု မြိတ်မြို့နယ် စိုက်ပျိုးရေးဦးစီးမှူး ဦးဝင်းမြတ်စိုးက ပြောကြားသည်။

ဒေသဝမ်းစာမဖူလုံသည့်အတွက် ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့မှ ဆန်များ ဝယ်ယူတင်သွင်းရေပြီး တစ်လလျှင် ဆန်တန်ဖိုး ကျပ်သိန်းပေါင်း နှစ်သောင်းအထိ ဝယ်ယူနေရကြောင်း သိရသည်။

“ တစ်လကို ရန်ကုန်ကနေ ကျွန်တော် တို့ ဆန်ဝယ်ယူနေရတာ ကျပ် သိန်းနှစ်သောင်းလောက်ရှိတယ်။ ကျွန်တော်တို့ စိုက်ပျိုးနိုင်ရင် ဒါတွေက ကျွန်တော်တို့ ဒေသကလူတွေရမယ့် အရာပါ၊ စပါးနှင့်ပတ်သက်ပြီး ကျွန်တော်တို့လည်း မျိုးကောင်းမျိုးသန့်တွေ ထုတ်ပေးပါတယ်။ ယခင်က တစ်ဧကကို တင်း ၄၀ လောက်ရနေရာကနေ အခုဆိုရင် တစ်ဧကကို တင်း ၈၀ လောက်ရလာတယ်၊ သူတို့အတွက်လည်း ဝင်ငွေကောင်းလာတယ် လယ်ယာစိုက်ပျိုးဖို့ တွက်ချက်ကိုက်လာတော့ ပိုပြီးလုပ်လာကြတယ်” ဟု မြိတ်ခရိုင် ဆန်ကုန်သည်များအသင်း ဥက္ကဋ္ဌ ဦးထွေးဝေ (ခ) ဦးမောင်ထွေးက ပြောကြားသည်။

မြိတ်ခရိုင်အတွင်း စပါးစိုက်ဧကမှာ တစ်သိန်းနှစ်သောင်းကျော်ရှိပြီး ဆည်ရေသောက် ဧရိယာ မရှိသေးသည့်အတွက် နှစ်စဉ်သဘာဝမှ ရရှိသည့် မိုးရေကိုသာ အားထားစိုက်ပျိုးနေရကြောင်း သိရသည်။                     

Most Read

Most Recent