မန်စီးတီးအတွက် ဂိုးများမသွင်းနိုင်ခဲ့ခြင်းမှာ အကြောင်းများစွာရှိပြီး အင်္ဂလန်ကစားသမားဘဝက ပိုအရေးကြီးသည်ဟု စတာလင်ပြောကြား

မန်စီးတီးအတွက် ဂိုးများမသွင်းနိုင်ခဲ့ခြင်းမှာ အကြောင်းများစွာရှိပြီး အင်္ဂလန်ကစားသမားဘဝက ပိုအရေးကြီးသည်ဟု စတာလင်ပြောကြား
Photo: UEFA
Photo: UEFA
Published 14 June 2021

ဘာစီလိုနာအသင်းနှင့် ချိတ်ဆက်နေသည်ဟု သတင်းများထွက်ပေါ်နေသည့် မန်စီးတီးအသင်း၏ တောင်ပံတိုက်စစ်ကစားသမား စတာလင်က မန်စီးတီးအသင်းအတွက် ဂိုးများစွာ မသွင်းနိုင်ခဲ့ခြင်းတွင် အကြောင်းပြချက်များစွာရှိခဲ့သည်ဟု ဆိုခဲ့ပြီး သူ့အတွက် အင်္ဂလန်ကစားသမားဘဝက ပိုမိုအရေးကြီးသည်ဟုလည်း ပြောကြားခဲ့သည်။

စတာလင်သည် ခရိုအေးရှားအသင်းနှင့် ကစားခဲ့သည့် ယူရို-၂၀၂၀ အဖွင့်ပွဲစဉ်တွင် အင်္ဂလန်အသင်းအတွက် တစ်လုံးတည်းသောအနိုင်ဂိုးကို သွင်းယူပေးခဲ့သူဖြစ်ပြီး ယင်းပွဲအပြီးတွင် သူ၏ သဘောထားကို ထုတ်ဖော်ပြောကြားခဲ့ခြင်းဖြစ်သည်။

စတာလင်သည် ပြီးခဲ့သည့်ရာသီက မန်စီးတီးအသင်း ပရီးမီးယားလိဂ် ချန်ပီယံဖြစ်ခဲ့ရာတွင် ရာသီအစောပိုင်းကာလများ၌ ပုံမှန်ကစားခွင့်ရခဲ့ပြီး အဓိက အစိတ်အပိုင်းအဖြစ် ရှိနေခဲ့သော်လည်း ရာသီပိတ်ပွဲစဉ်များ၌ အရန်ခုံတွင်သာ အဓိက အချိန်ဖြုန်းခဲ့ရသူဖြစ်သည်။

စတာလင်နှင့် အသင်းနည်းပြ ဂွါဒီယိုလာတို့အကြား အဆင်မပြေဖြစ်နေသည်ဆိုသည့် သတင်းများလည်း ထွက်ပေါ်ခဲ့ပြီး ဂွါဒီယိုလာကလည်း ယခု နွေရာသီအပြောင်းအရွှေ့ကာလအတွင်း စတာလင်ကို ရောင်းထုတ်ရန် စဉ်းစားနေသည်ဟု သတင်းများက ဆိုသည်။

ယင်းကဲ့သို့ အနေအထားမျိုးတွင် အဂွဲရိုးကို ခေါ်ယူထားသည့် ဘာစီလိုနာအသင်းက စတာလင်ကို စိတ်ဝင်စားနေသလို၊ ပရီးမီးယားလိဂ်အသင်းတစ်သင်းဖြစ်သည့် အာဆင်နယ်အသင်းကလည်း စတာလင်ကို ခေါ်ယူလိုနေသည်ဟု သတင်းများထွက်ပေါ်လျက်ရှိသည်။

စတာလင်ကမူ ယူရိုပြိုင်ပွဲမတိုင်မီ အနာဂတ်နှင့် ပတ်သက်သည့် မေးခွန်းများကို ဖြေကြားရန် ငြင်းဆန်ခဲ့သော်လည်း ခရိုအေးရှားနှင့် ပွဲအပြီးတွင်မူ ''အင်္ဂလန်အသင်းအတွက် ဂိုးသွင်းပေးနိုင်ခဲ့တာ အရမ်းပျော်ပါတယ်။ ဝင်ဘလေကွင်းမှာ ပြိုင်ပွဲကြီးတစ်ပွဲပွဲကို ကစားခွင့်ရရင် အင်္ဂလန်အသင်းအတွက် ဂိုးသွင်းပေးမယ်လို့ ကျွန်တော် အမြဲပြောခဲ့ပြီး အခုတော့ တကယ်လုပ်နိုင်ခဲ့ပါပြီ။ ကလပ်အသင်းမှာ ကျွန်တော် ဂိုးတွေမသွင်းနိုင်ခဲ့တာ အကြောင်းအရင်း မျိုးစုံရှိပါတယ်။ ဒါပေမဲ့ အင်္ဂလန်အသင်းမှာတော့ အခြေအနေက လုံးဝမတူပါဘူး။ ကျွန်တော် အင်္ဂလန်အသင်းနဲ့အတူရှိနေပြီး ကျွန်တော့်ရဲ့အခန်းကဏ္ဍအတွက်လည်း ဝမ်းသာပါတယ်။ အင်္ဂလန်အသင်းက ကျွန်တော့်အတွက် အရေးအကြီးဆုံးပါ''ဟုဆိုခဲ့သည်။

Most Read

Most Recent